စီးပွားရေး

2017 ထုတ် Ducati Monster 821တွေ ဈေးကွက် ဝင်နေပြီ

အရင်နှစ် မော်ဒယ်တွေကတည်းက ပြည်တွင်း ဆိုင်ကယ်ဈေးကွက်မှာ လူကြိုက်များနေတဲ့ မော်ဒယ်တခု ဖြစ်ပြီး အခုတော့ နောက်ဆုံးထုတ် အခုနှစ် မော်ဒယ်ဈေးကွက်မှာ ရလာနိုင်တာ ဖြစ်ပါတယ်။

KTMနဲ့ TVSလို အမှတ်တံဆိပ်တွေ ဈေးကွက် ဝင်လာမှုနဲ့ အတူ စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေကို ဈေးချိုချိုနဲ့ ရလာနိုင် မှုက Ducati မော်ဒယ်တွေ အဝယ် အနည်းငယ် ကျသွားတယ်လို့ ဈေးကွက်က သိရပေမယ့် အခုတော့ ၂၀၁၅နဲ့ ၂၀၁၆ မော်ဒယ်တွေတောင်မှ သိန်း ၂၀၀နဲ့ အထက်ရှိနေချိန်မှာ အခုနှစ် မော်ဒယ်က ဈေးချိုချိုနဲ့ ရနိုင်လာလု့ိ စိတ်ဝင်စားစရာပါ။

အင်ဂျင်က L-Twin ပုံစံထိုင်ထားတဲ့ 4 Stroke အင်ဂျင်စနစ်။ သူက အသက်ထွက် တည်ငြိမ်တယ်၊ မီးခိုးထုတ်လွှွှတ်မှု နည်း ပါးတယ်၊ စွမ်းအင် ထုတ်လုပ်ပေးနိုင်မှု အားကောင်းစေပါတယ်။
အင်ဂျင်က လည်ပတ်အား တမိနစ် အပတ်ရေ ၇၇၅၀ မှာတင် ရုန်းအား ၆၅.၈ပေါင်-ပေရှိပြီး မြင်းကောင်ရေ အများဆုံး ၁၁၂ ကောင် အားထိအောင် ထွက်ရှိမှာ ဖြစ်ပါတယ်။

အင်ဂျင်က တမိနစ်ကို အပတ်ရေ အမြင့်ဆုံး ၉၂၅၀ထိအောင် လည်ပတ်မှာ ဖြစ်လို့ အမြန်ဆုံး မောင်းနှင်နိင်မှုနှုန်းက ထိပ် တန်း အဆင့် မရှိနိုင်ပေမယ့် သင့်ပါတယ်။

တန်းတူ စွမ်းဆောင်ရည်ဦးစားပေး မော်ဒယ်တွေကတော့ အင်ဂျင် အမြင့်ဆုံး လည်ပတ်နှုန်း တမိနစ် အပတ်ရေ ၁သောင်း ကျော်လောက်ထိအောင် ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို အင်ဂျင် လည်ပတ်မှု အပတ်ရေ နည်းတာက တခုတော့ ကောင်းပါတယ်၊
အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်း လျော့နည်းသွားပြီး ပြည်တွင်းလမ်းကြောင်းအနေအထားမှာ မတော်တဆမှုမျိုး ဖြစ်နိုင်ခြေ လျော့နည်းကောင်းမွန်စေပါတယ်။

အိတ်ဇောပိုင်းမှာ သံချေးမကိုက်နိုင်တဲ့ သံသားကို သုံးထားပြီး အပေါ်က အလူမီနီယမ်နဲ့ အုပ်ထားပါတယ်။ သဘောကျစရာ ပါ။ ဂီယာပိုင်းမှာက ၆ချက်သုံး ဖြစ်ပြီး ရှေ့ဘက် Sprocket ၁၅စိပ်နဲ့ နောက်ဘက်ကို ၄၆ စိပ်သွားတွေ အဖြစ် သုံးထားတာ ပါ။ ကလပ်စနစ်က ပုံမှန် ကြိုးထိန်း Manualကလပ် ဖြစ်ပြီး APTC Slipper စနစ်ထည့်ထားလို့ ကလပ် အသုံးပြုရ ပေါ့ပါး ကောင်းမွန်စေပါတယ်။

Suspension ပိုင်းမှာ ရှေ့ဘက်ကို ၄၃ မီလီ ဖောက်နဲ့ ထိုင်ထားတယ်၊ ဘီးက ၁၀ ချောင်းထောက် Alloy ခွေနဲ့ လာတယ်၊ ပတ်လည် ၁၇ လက်မ အရွယ်ပါ။ 120/70 ZR17 တာယာတွေ သုံးထားပါတယ်။ နောက်ဘက် Suspension ကိုတော့ Monoshock ပုံစံ ထိုင်ထားပြီး ထူးခြားချက်က စိတ်ကြိုက်လမ်းကြောင်း အနေအထားအပေါ် မူတည်ပြီး ချိန်ညှိနိုင်မှာ ဖြစ် ပါတယ်။

Swingarm တွေကိုလည်း နောက်ဘီး တဖက်စီမှာ အကူ ထည့်ထားပါသေးတယ်။ နောက်ဘီးလည်း ရှေ့ဘီးနဲ့ ရွယ်တူ ဖြစ်ပေမယ့် တာယာမှာတော့ 180/60 ZR17 တွေကို ထည့်ရမှာ ဖြစ်ပါတယ်။
ရှေ့ဘက်ရော နောက်ဘက်ဘရိတ်တွေက ABSနဲ့လာပြီး ထိန်းချုပ် မောင်းနှင်ရမှု အပိုင်းမှာ အမြန်နှုန်း လျော့ချမှု အထူး ကောင်းမွန်တာ တွေ့ရပါတယ်။ ဒါပေမယ့် မောင်းနှင်စ အသားမကျသေးရင်တော့ ရပ်တန့်ချိန်မှာ ဘရိတ်က နီးလွန်းနေသလို ခံစားမိစေပါတယ်။

ဒိုင်ခွက်က အဆင့်မြင့် မော်ဒယ် ဖြစ်လာပြီး အရင်က Digital နေရာမှာ အခု LCD နဲ့ ဖြစ်လာပါတယ်။ တန်းမြင့် မော်ဒယ် မှန်း သိသာစေတဲ့ အချက် ဖြစ်ပါတယ်။

အလေးချိန် ၃၉၅.၇ပေါင် လေးပါတယ်၊ ဒါက ဆီမဖြည့်ထားတဲ့ အနေအထားပါ၊ ဘက်ထရီ၊ အင်ဂျင်ဝိုင်နဲ့ ဆီတွေ ဖြည့် လိုက် ရင်တော့ ၄၅၃ပေါင်လောက် လေးမှာပါ။

ထိုင်ခုံပိုင်းမှာလည်း မောင်းနှင်သူ အနေနဲ့ စိတ်ကြိုက် ချိန်ညှိနိင်မှု လုပ်ဆောင်နိုင်ဦးမှာ ဖြစ်ပြီး ၃၀.၉ လက်မကနေ ၃၁.၉ လက်မထိအောင် အနိမ့်၊ အမြင့် ချိန်နိုင်မှာပါ။ ဆီတိုင်ကီကတော့ ၄.၆ ဂါလံထိအောင် ဆံ့ပါတယ်။ ကီလိုမီတာ ၁၀၀ကို ဆီ ၅.၂လီတာနဲ့ ရောက်နိုင်ပါတယ်။

ဒါဆို တဂါလံကို ပျမ်းမျှ မိုင် ၄၅လောက် စီးနင်းနိုင်တာပါ အင်ဂျင်အရွယ်နဲ့ စွမ်းဆောင်ရည်တွေ ပြန်တွက်ရင် သင့်ပါတယ်။

ဈေးနှုန်းကတော့ အခုနှစ် ၂၀၁၇ မော်ဒယ်ကို သိန်း ၁၆၀လောက်နဲ့ ရနိုင်နေတာ ဖြစ်ပြီး အရင်နှစ် ၂၀၁၆ မော်ဒယ်တွေ အနေ နဲ့ သိန်း ၂၃၀ လောက်ထိအောင် ရှိခဲ့တာမို့ အခုတော့ ဈေးလည်းကျပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

မန္တလေးနဲ့ တောင်ကြီးဈေးကွက်တွေမှာ လူကြိုက်များနေတယ်လို့ သိရပါတယ်။

Loading