စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံအတွက် လိုအပ်သော အခွန်ဘဏ္ဍာ ရရှိရေးတို့ အတွက် အဟန့်အတား တခုမှာ တရားမဝင် ကုန်သွယ်မှုပင် ဖြစ်သည်။ တရားမဝင် ကုန်သွယ်မှု ရှိနေသရွေ့ စီးပွားရေး တိုးတက်မှု နှောင့်နှေးနေမည် ဖြစ်သည်။
တရားမဝင် ကုန်သွယ်မှုကို အစိုးရ အဆက်ဆက် အဖွဲ့အစည်းများ ဖွဲ့စည်းကာ တိုက်ဖျက်ခဲ့သော်လည်း ပပျောက် သွားခြင်း မရှိဘဲ ပိုမို ကြီးထွားလာနေသည်။ လက်ရှိကာလတွင် တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်ရန် ပြန်လည် ဆန်းစစ်ပြီး ဖိဖိစီးစီး စစ်ဆေးအရေးယူ ဆောင်ရွက်ရန် လိုနေပြီ ဖြစ်သည်။ သို့မှသာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းပြည်၏ လိုအပ်သော အခွန်ငွေ ရရှိရေး၊ ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေးတို့ အတွက် အကျိုးသက်ရောက်နိုင်မည် ဖြစ်သည်။
စီးပွားရေးလောကနှင့် ကူးသန်းရောင်းဝယ်ရေး၊ အခွန်ဘဏ္ဍာဆိုင်ရာ အာဏာပိုင်များ အတွက် အထူး စိန်ခေါ်မှု တရပ်မှာ တရားမဝင် ကုန်သွယ် ကူးသန်းရောင်းဝယ်မှု ဖြစ်ပြီး၊ လူအများက “မှောင်ခိုကုန်ကူးမှု” ဟုသာ သိထားကြသည်။ တရားမဝင် ကုန်သွယ်မှု ဆိုသည်မှာ မှောင်ခိုကုန်သွယ်ခြင်း အပြင် ပစ္စည်းအတု တင်သွင်းခြင်း၊ တရားဝင် ကုန်သွယ်မှုအား တရားမဝင် ကုန်သွယ်မှုက အပြိုင်ဆောင်ရွက်ခြင်း၊ ကျသင့်တန်ဖိုးအောက် ဖော်ပြခြင်း တို့ကို ဆိုလိုခြင်းပင် ဖြစ်သည်။
တရားမဝင် ကုန်သွယ်မှု ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများတွင် အခွန်အခများ ကြီးမြင့်ခြင်း (Increasing Taxation)၊ ဥပဒေ နည်းဥပဒေများနှင့် လုပ်ထုံး လုပ်နည်းများ၏ အခန်းကဏ္ဍ (Rules and legisations)၊ တရားဥပဒေစိုးမိုးမှု (Lack of enforcement)၊ လွတ်လပ်သော ကုန်သွယ်ခွင့် ဇုန်များ၏ အခန်းကဏ္ဍ (Role of free trade zone)၊ ရာဇဝတ်မှုလို့ မထင်ကြခြင်း (Seen as Victimless Crime)၊ အင်တာနက်ကြောင့် ကုန်အမှတ်တံဆိပ်များ ကမ္ဘာအနှံ့ကျော်ကြား သိရှိလာ ကြခြင်း (Globalization of Brands) တို့ပါဝင်သည်။
မြန်မာနိုင်ငံတွင် မှောင်ခိုကူးသန်းရောင်းဝယ်ခြင်းမှာ ဆယ်စုနှစ်များစွာ အမြစ်တွယ်နေပြီ ဖြစ်သည်။ ယခင် အစိုးရများ လက်ထက်က တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သဖြင့် ကုန်သွယ်မှု လုပ်ငန်းများသည် တရားဝင် လုပ်ကိုင်နိုင်ရန် ခက်ခဲသည့် အလျောက် တရားမဝင် ကုန်သွယ်မှုများ၊ မှောင်ခိုကူးသန်း ရောင်းဝယ်မှုများ ထွန်းကားကျယ်ပြန့်ခဲ့ပြီး မှောင်ခိုဈေးကွက်များ အမြစ်တွယ်ခဲ့ရသည်။
တရားမဝင် ကုန်သွယ်မှုများကို တားဆီးဖော်ထုတ် စစ်ဆေးသည့် အာဏာပိုင် အဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက် သော်လည်း ရာခိုင်နှုန်းအားဖြင့် ကျဆင်းသွားခြင်း မရှိပေ။ အကောက်ခွန်ဌာန၏ အကောက်ခွန်မဲ့ ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးသည့် မှတ်တမ်းများ အရ တနှစ်ထက် တနှစ် ဖမ်းဆီးမှု တန်ဖိုးမှာ ကျဆင်းသွားခြင်း မရှိဘဲ တိုးတိုး လာနေသည်ကို တွေ့ရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ဌာန ၏ ၂၀၁၅- ၂၀၁၆ နိုင်ငံခြား ကုန်သွယ်မှု မှတ်တမ်းများအရ နိုင်ငံခြား ကုန်သွယ်မှု အခြေအနေကို အောက်ပါအတိုင်း တွေ့ရပါသည်။
မြန်မာ-တရုတ် ကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်မှ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၁၀,၈၉၅ ဟု ဖော်ပြထားပြီး တရုတ်နိုင်ငံဘက်၌ သန်းပေါင်း ၁၄,၇၃၁ ဟုဖော်ပြထားသည်။
မြန်မာ-ထိုင်း ကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်မှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၅,၃၀၆ ဟု ဖော်ပြထားပြီး၊ ထိုင်းနိုင်ငံဘက်တွင် သန်းပေါင်း ၇,၆၆၅ ပြထားသည်။
မြန်မာ-အိန္ဒိယ ကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်မှ အမေရိကန်ဒေါ်လာ သန်း ၁,၇၁၁ ရှိပြီး အိန္ဒိယနိုင်ငံဘက်တွင်မူ သန်းပေါင်း ၁,၈၇၆ ဖြစ်နေသည်။
ထို့ကြောင့် ကုန်သွယ်မှုပမာဏ စုစုပေါင်းအားလုံးကို တွက်ဆပါက မြန်မာနိုင်ငံဘက်တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၂၇,၇၁၅ ဖြစ်ပြီး တဖက်နိုင်ငံများတွင် အမေရိကန်ဒေါ်လာ သန်း ၃၅,၀၂၉ ဖြစ်သဖြင့် ကွာခြားချက်မှာ ကန်ဒေါ်လာ ၇,၃၁၆ သန်းနီးပါး ကွာခြားနေလေသည်။ ၁ ဒသမ ၂၆ ဆ အထိ ကွာခြားကြောင်း တွေ့ရှိရသည်။ ထိုအချက်များကို ထောက်ရှုခြင်းဖြင့်လည်း တရားမဝင် ကုန်သွယ်မှုများကို လေ့လာသိရှိနိုင်ပေသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှုး ဦးအေးလွင် က “များပြားလှတဲ့ ကုန်ပစ္စည်းအတုတွေက နယ်စပ်ကတဆင့် ဝင်နေတယ်။ အဲဒါတွေက IP Law (Intellectual Property Law-ဉာဏပစ္စည်း ဆိုင်ရာမူပိုင်ခွင့် ဥပဒေ) မရှိလို့ ဖြစ်နေရတဲ့ ပြဿနာတွေလည်း ဖြစ်တယ်။ မြန်မာနိုင်ငံမှာ IP Law ကို သေချာပံ့ပိုး ဆောင်ရွက်ဖို့ လိုတယ်” ဟု ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် ကျင်းပခဲ့သော IPPAM အသင်း၏ ဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်။
ယခုလက်ရှိတွင်လည်း ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်အတွက် ကဏ္ဍများ အလိုက် ဥပဒေမူကြမ်းများ ရေးဆွဲနေပြီး မကြာမီ ဥပဒေအဖြစ် ပေါ်ထွက်လာတော့မည် ဖြစ်ရာယင်းဥပဒေမှလည်း တရားမဝင် ကုန်သွယ်မှု အတွက် တဖက်တလမ်းမှ အထောက်အပံ့ တခုဖြစ်လာစေရန် မျှော်လင့်ရသည်။
“တရားမဝင် ကုန်သွယ်မှုကို ထိထိရောက်ရောက် နှိမ်နင်းရန် ဦးဆုံးအနေဖြင့် ဈေးကွက်မတိုင်မီ တားဆီးရန်၊ ဈေးကွက် အတွင်း အရေးယူဆောင်ရွက်ရန်၊ နိုင်ငံတော်မှ ဥပဒေပြဋ္ဌာန်းရန်နှင့် ဌာနဆိုင်ရာများက လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရန် တို့ကို အသေအချာ စီမံဆောင်ရွက်သင့်ကြောင်း” မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဌ ဦးဝေဖြိုး၏ တရားမဝင် ကုန်သွယ်မှု ကဏ္ဍအကြောင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက တင်ပြသည့် မှတ်တမ်းတခုတွင် သုံးသပ် အကြံပြုထားသည်။
လက်ရှိတွင်လည်း တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်ရန် ယခုနှစ်မတ်လမှ စတင်ပြီး Illegal Trade Check Point များ ချမှတ်ကာ စစ်ဆေးခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် သက်ဆိုင်သော Bilateral Trade ဆိုင်ရာ စာချုပ်များ ပြန်လည် ညှိနှိုင်းခြင်း၊ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရန် သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့ ကြေညာမည် ဖြစ်ကြောင်း လည်း ကုန်သည်စက်မှုအသင်းချုပ်တွင် လုပ်ငန်းရှင်များနှင့် လစဉ်တွေ့ဆုံသော အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောကြားခဲ့သည်။
ထို့အပြင် တရားမဝင် ကုန်ပစ္စည်း တင်သွင်းမှုများကို ဖမ်းဆီးပေးသော အစိုးရဝန်ထမ်းများကိုလည်း ပစ္စည်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို အချိုးကျ ခွဲဝေပေးမည့် စနစ်ကို ကျင့်သုံးသွားမည် ဖြစ်ပြီး ယခင်က မအောင်မြင်ခဲ့သော သင်ခန်းစာများကို လေ့လာပြီး ပိုမိုခိုင်မာသော နည်းလမ်းများနှင့် စနစ်တကျ ဆောင်ရွက်မည် ဖြစ်ကာ အကျင့်ပျက် ခြစားမှုများကိုလည်း ပပျောက်စေရန် ဆောင်ရွက်မည် ဟု ၎င်းက ဆိုသည်။
“တရားမဝင် ကုန်သွယ်ရေး ရှိနေသမျှကာလပတ်လုံး မျှတတဲ့ ကုန်သွယ်ရေး ပမာဏရရှိမှာ မဟုတ်ဘဲ နိုုင်ငံခြားကို တရားဝင် ပို့နေတဲ့ ပမာဏနဲ့ နိုင်ငံခြားက သွင်းနေတဲ့ ပမာဏက အဆ ၅ ဆ ကနေ ၁၀ ဆကြား ကွာခြားနေတာ ဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုပမာဏ ကြီးမားနေတာ ဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်ရေးတွေက ပို့ကုန် သွင်းကုန် ပမာဏ အချိုး ကွာခြားနေစေတဲ့ အပြင် တရားမဝင် ကုန်ပစ္စည်းတွေက အာမခံချက် မရှိတာကြောင့် စားသုံးတဲ့သူ၊ သုံးစွဲတဲ့သူတွေ အတွက် အန္တရာယ်ရှိနိုုင်တဲ့ အပြင် အခွန်ဝင်ငွေ မရရှိတာ၊ တရားဝင် အခွန်ပေးထုတ် လုပ်နေတဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေလည်း ဈေးကွက် မယှဉ်ပြိုင်နိုင်တဲ့ အခက်အခဲတွေကြုံတွေ့ နေရတာ ဖြစ်ပါတယ်” ဟု ဦးကျော်ဝင်း က ပြောကြားခဲ့သည်။
တရားမဝင် ကုန်သွယ်မှုများတွင် ခိုးထုတ်၊ တရားမဝင် တင်ပို့သည့် ပစ္စည်းများအဖြစ် ကျွန်း၊ သစ်နှင့် သစ်တောထွက် ပစ္စည်းများ၊ လယ်ယာထွက်ပစ္စည်းများ၊ ကျွဲ၊ နွားအစရှိသည့် တိရစ္ဆာန်များ ပါဝင်ပြီး အများဆုံး တရားမဝင်တင်သွင်းသည့် ပစ္စည်းများတွင် ဆေးနှင့် ဆေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန်များ၊ အရက်၊ ဘီယာ၊ စီးကရက်၊ ဆေးလိပ်နှင့် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ၊ မျိုးစေ့များ ပါဝင်သည်ကို မှတ်တမ်းများအရ တွေ့ရှိရသည်။
ထို တရားမဝင် တင်ပို့ရောင်းချသည့် တရားမဝင်ကုန်သွယ်မှုများ အဖို့ နိုင်ငံ၏ သယံဇာတများကို စနစ်တကျ ထုတ်ယူ သုံးစွဲခြင်း မဟုတ်သည့် အတွက် သယံဇာတများ အပြင် ပတ်ဝန်းကျင်ဂေဟစနစ်များ တည်ငြိမ်မှုဆုံးရှုံးခြင်း၊ နိုင်ငံတော်က ရသင့် ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးခြင်းတို့ကို ဖြစ်ပေါ်စေပြီး တရားမဝင် သွင်းလာသည့် ကုန်ပစ္စည်းများကြောင့် စားသုံးသူများ အဖို့ မထင်မှတ်ထားသော အန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့လာရသည်။