စီးပွားရေး

ရခိုင်တောင်ပိုင်း ကမ်းလွန်တွင် ဓာတ်ငွေ့ ထပ်မံတွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

Woodside Energy (Myanmar) Pte Ltd သည် ရခိုင်ပြည်နယ် တောင်ပိုင်း ကမ်းလွန်ရှိ ပြည်သစ် (၁) ဓာတ်ငွေ့ ရှာဖွေရေး တွင်းတွင် သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိခဲ့သည် ဟု သိရသည်။

ယခု တွေ့ရှိမှုမှာ ကုမ္ပဏီ၏ တတိယအကြိမ်မြောက် တွေ့ရှိမှုဖြစ်သည်။

Woodside ၏အမှုဆောင်အရာရှိ ပီတာကိုးလ်မန်း (Peter Coleman) က “ဒီရှာဖွေတွေ့ရှိမှု ရလဒ်ဟာ ရခိုင်ကမ်းရိုးတမ်း တောင်ဘက်ခြမ်းမှာ အလားအလာရှိတဲ့ အရင်းအမြစ်တွေ ရှိတယ်ဆိုတဲ့ ကုမ္ပဏီရဲ့ နားလည်ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး အနာဂတ် ရှာဖွေတူးဖော်ရေး ဆိုင်ရာ ရွေးချယ်မှုတွေ စဉ်းစား သုံးသပ်ရာမှာ ပိုမို အထောက် အကူပြုပါတယ်” ဟု ထုတ်ပြန်ကြေညာခဲ့သည်။

Woodside ကုမ္ပဏီမှ သတင်းထုတ်ပြန် ချက်အရ ရှာဖွေတွေ့ရှိမှုသည် ရေနံရှာဖွေတူးဖော်ရေး လုပ်ကွက် အမှတ် အေ (၆) ရှိ ပြည်သစ် (၁) ရှာဖွေတူးဖော်ရေးတွင်းမှ ခန့်မှန်းခြေ ၆၅ မီတာ (၂၁၃ ပေ) အကျယ်ရှိသည့် သဘာဝ ဓာတ်ငွေ့ကြောဖြစ်ကြောင်း သိရသည်။ သဲကျောက်လွှာ အတွင်းရှိ ဓာတ်ငွေ့သိုက်၏ စုစုပေါင်း စီးပွားဖြစ် ဓာတ်ငွေ့ ထုတ်လုပ်နိုင်မည့် ပမာဏမှာ ခန့်မှန်းခြေ အားဖြင့် ၃၆ မီတာ (၁၁၈ ပေ) ရှိကြောင်း စမ်းသပ် တိုင်းတာရပြီး တွင်းကို အနက် ၄၅၇၀ မီတာ (၁၄၉၉၃ ပေ) အထိ တူးဖော်ထားသည် ဟု သိရသည်။

အထူးပြုလုပ်ထားသည့် ပိုက်များဖြင့် ဓာတ်ငွေ့သိုက် တည်ရှိနိုင်မည့် နေရာရှိ မြေသား၊ ကျောက်သား ဖွဲစည်းမှုများ တိုင်းတာသည့် Wireline Logging နည်းဖြင့် ဖိအားတိုင်းတာခြင်းများနှင့် ဓာတ်ငွေ့နမူနာ ရယူ ဆန်းစစ်မှုများ ပြုလုပ်၍ ဓာတ်ငွေ့ တည်ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဓာတ်ငွေ့သိုက်၏ ၂၉ မီတာ (၉၅ ပေ) အပိုင်း တလျှောက်တွင် ဖိအား၊ ဘူမိဖွဲ့စည်းမှုနှင့် ဓာတ်ငွေ့ပမာဏတိုင်းတာသည့် (drill stem test –DST) စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး မက်ထရစ် ကုဗပေသန်း (mmscf/d) ၅၀ သည် ၄၄/၆၄ ဆိုဒ်ရှိ Choke ခေါ် ဖိအားထိန်းစက် ပိုက်ခေါင်းဖြင့် ၄၄ နာရီကျော်ကြာ စီးဆင်း ထွက်ရှိခဲ့ပါသည်။

ပြည်သစ် (၁) ရှာဖွေတွေ့ရှိမှုသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ကြေညာခဲ့သော လုပ်ကွက် အမှတ် အေ (၆) ရှိ “ရွှေရည်ထွန်း (၁)”တူးဖော်ရေး တွင်းမှ ရှာဖွေတွေ့ရှိမှု နှင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာခဲ့သော လုပ်ကွက် အမှတ် အေဒီ (၇) ရှိ “သလင်း (၁) အေ” တူးဖော်ရေး တွင်းမှ ရှာဖွေတွေ့ရှိမှု တို့၏ နောက်ဆက်တွဲ ရှာဖွေ တွေ့ရှိမှု ဖြစ်သည်။

Woodside Energy (Myanmar) Pte Ltd သည် လုပ်ကွက်အမှတ် အေ (၆) အား ၄၀ ရာခိုင်နှုန်း အစုရှယ်ယာဖြင့် ပူးတွဲ လုပ်ကိုင်သူ အဖြစ် ရှာဖွေတူးဖော်ရေး လုပ်ငန်း ဆောင်ရွက်လျှက် ရှိသည့် အပြင် ပြည်သစ် (၁) ရှာဖွေတူးဖော်ရေး တွင်း၏ ရှာဖွေတူးဖော်သူလည်း ဖြစ်သည်။ အေ (၆) လုပ်ကွက်ထဲတွင် MPRL E&P Pte Ltd မှ ၂၀ ရာခိုင်နှုန်း အကျိုး စီးပွားဖြင့် ပူးတွဲ လုပ်ကိုင်သူ အဖြစ် ပါဝင်ထားပြီး Total E&P Myanmar မှ ကျန်ရှိသော ၄၀ ရာခိုင်နှုန်း အကျိုး စီးပွား ပိုင်ဆိုင်ထားသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading