လွန်ခဲ့သောနှစ်က အာဏာရလာသည့် ဒေါ်ဆောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံကို ဆယ်စုနှစ် များစွာ အနှောင့်အယှက် ပေးနေသော ပြည်တွင်းစစ် အဆုံးသတ်ရန် ကိုသာ အာရုံစိုက်ပြီး လုပ်ဆောင်နေသည်။ အချိန်ကုန်လူပမ်း ဖြစ်စေသော ထိုရည်မှန်းချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက် ပြဿနာသစ်များ ထပ်မံ ပေါ်ပေါက်လာသည်။ ဒေါ်လာ ၆၇ ဘီလီယံ စီးပွားရေး တံခါး အလျင်အမြန် ပွင့်လာသည့် အပေါ် သူမ၏ စီမံခန့်ခွဲနိုင်စွမ်းကို ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ကျဆင်းလာသည်။
စစ်အုပ်ချုပ်ရေးအောက်တွင် ကာလကြာရှည်စွာ အထီးကျန် ဖြစ်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းလျက်ရှိရာ ဒေါ်အောင်ဆန်းစုကြည် ၏ အရပ်သားအစိုးရ ဦးဆောင်ချိန်၊ အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများလည်း ရုတ်သိမ်းချိန်တွင် လျင်မြန်စွာ ပြန်လည် တိုးတက်လာမည်ဟု မျှော်လင့်ကြသော်လည်း လက်တွေ့တွင် စီးပွားရေးကဏ္ဍ စီမံခန့်ခွဲရာ ၌ ဒေါ်အောင်ဆန်းစုကြည် ၏ အရည်အချင်းသည် အကန့်အသတ် ရှိနေသည်။
“မှန်မှန်ကန်ကန်သာ စီမံနိုင်ရင် မြန်မာနိုင်ငံမှာ အလားအလာတွေ အများကြီး ရှိတယ်။ အခု ဖြစ်နေတဲ့ ပြဿနာက စီးပွားရေးဟာ ခေါင်းဆောင်ပိုင်းရဲ့ ဦးစားပေး မဟုတ်တာပဲ။ သူတို့က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အရင် တွန်းအားပေးရမယ် လို့ ထင်နေကြတုန်းပဲ” ဟု ရန်ကုန်အခြေစိုက် လုပ်ငန်းစုကြီး တခုဖြစ်သော UMG မှ အမှုဆောင် အရာရှိချုပ် Kiwi Aliwarga က ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် စစ်အုပ်ချုပ်ရေးမှ လွတ်မြောက်လာသည့်၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပြီးနောက် အတွေ့အကြုံ မရှိသော အစိုးရ၏ စီးပွားရေး ဗျူဟာကို မေးခွန်း ထုတ်လာသော ရင်းနှီးမြှုပ်နှံသူများ၏ အသံမှာ ပိုမို ကျယ်လောင်လာသည်။
နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၆ ခုနှစ်တွင် ယခင် တနှစ်ကထက် ၂၂ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံသာ ရှိသည်ဟု ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုညီလာခံ၏ အဆိုအရ သိရသည်။ သို့သော် ထိုပမာဏမှာ ၂၀၁၁ မှ ၂၀၁၄ ခုနှစ်ထိ ပျှမ်းမျှ၏ ၂ ဆ ရှိနေသေးသည်။
စီးပွားရေး နှေးကွေးရခြင်းမှာ ရည်ရွယ်ချက်ဖြင့် နှေးကွေးအောင် ပြုလုပ်ထားခြင်းလည်း တစိတ်တပိုင်းအားဖြင့် ပါဝင်သည်။ ခေါင်းဆောင်သစ်များသည် စည်းမျဉ်းလိုက်နာမှုကို ပြန်လည် သုံးသပ်ရန် ဆောက်လုပ်ရေး လုပ်ငန်းများကို ဆိုင်းငံ့ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများကို ကဏ္ဍမျိုးစုံတွင် ခွဲခြားထားရှိရန် အခြားကဏ္ဍများသို့ ပို့ပေးခဲ့သည်။
ထို့အပြင် နိုင်ငံရေး အကူးအပြောင်းသည် စီးပွားရေး အရ မသေချာ မရေရာမှုများကို ဖြစ်စေသော်လည်း ဆယ်စုနှစ်ပေါင်း များစွာ ဖွံ့ဖြိုးမှု နောက်ကျပြီး အထီးကျန် နေထိုင်ခဲ့ရခြင်းကို ဖယ်ရှားလိုသော မြန်မာနိုင်ငံတွင် မသေချာ မရေရာမှု ပိုမိုများပြားသည်ဟု ရင်းနှီးမြှုပ်နှံသူများက ပြောသည်။
အချို့သော မရောရာမှုများမှာ အသက် ၇၂ နှစ် ရှိပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ၏ စီမံခန့်ခွဲမှု ပုံသဏ္ဍာန်နှင့် ပုဂ္ဂလိက ကဏ္ဍနှင့် ဆက်ဆံရာတွင် ခပ်လှမ်းလှမ်းမှ ဆက်ဆံသော ပုံစံကြောင့် ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံရေး သုတေသီများက ပြောသည်။
မတ်လက ကျင်းပခဲ့သော စီးပွားရေးဆိုင်ရာ ညီလာခံတခုကို သူတို့က ထောက်ပြခဲ့သည်။ ထိုညီလာခံတွင် စီးပွားရေး လုပ်ငန်း ခေါင်းဆောင်များက နိုင်ငံတွင် အသေးစား စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ကို တောင်းဆိုခဲ့သည်။
လုပ်ငန်းရှင်များအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်သို့မည်ပုံ အကျိုးပြုမည်ကို စဉ်းစားရန် ဒေါ်အောင်ဆန်းစုကြည် က သူတို့ကို အကြံပြုသည်။ စီးပွားရေးလုပ်ငန်းများသည် ကိုယ့်ကိစ္စ ကိုယ် လုပ်နေကြပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မကူညီလိုကြ ဟု မြင်နေသည့်ပုံ ပေါက်နေသည်ဟု တက်ရောက်ခဲ့သူတဦးက ပြောသည်။
အခြားသော ရင်းနှီးမြှုပ်နှံသူများက မကြာခဏ မီးပျက်တတ်သော မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး တဝဲလည်လည် ဖြစ်နေသည့် ဆွေးနွေးပွဲများနှင့် အဓိကကျသော ဝန်ကြီးနေရာများတွင် စီးပွားရေးပညာ နောက်ခံ ကင်းမဲ့သူများကို ခန့်ထားခြင်းကို ဝေဖန်ထောက်ပြကြသည်။
“ကျနော်တို့ကတော့ အစိုးရ အပေါ် အယုံအကြည် နည်းနည်းလျှော့လာပြီ” ဟု သစ်သားပရိဘောဂ ထုတ်လုပ်သော Pacific Woodmark Co ဥက္ကဋ္ဌ ဦးမျိုးသက်က ပြောသည်။
ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ရန် လွယ်ကူသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၉၀ အနက် အဆင့် ၁၇၀ တွင်သာ ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ပြောခွင့်ရသူ ဦးဇော်ဌေးက အကြွေးစီမံခန့်ခွဲမှုနှင့် မိုဘိုင်းမန်းနီး ကဲ့သိုသော နယ်ပယ်များတွင် လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများအကြောင်း ရှင်းပြပြီး မြန်မာ့စီးပွားရေးကို အဆက်အသွယ်နှင့် ဈေးကစားခြင်းကို အခြေခံသော စီးပွားရေးမှ ယှဉ်ပြိုင်မှုမှ မျှတမှုကို အခြေခံသော စီးပွားရေးအဖြစ် ပြောင်းလဲလိုက်သည်ဟု ပြောသည်။ “စီးပွားရေး လုပ်ငန်းတွေဟာ ဒီအပြောင်းအလဲမှာ သူ့ဟာသူ သီးခြား ဖြစ်မနေတော့တာ သေချာတယ်” ဟုလည်း သူက ဆက်ပြောသည်။
“ကျနော်တို့ ဘယ်နေရာက စတင်ခဲ့တယ် ဆိုတာကို သတိရဖို့ လိုတယ်။ ကျနော်တို့ အာဏာရချိန်မှာ ဆယ်စုနှစ်ပေါင်း များစွာ မှားယွင်းစီမံခန့်ခွဲမှုနဲ့ အထီးကျန်မှုကြောင့် စီးပွားရေးက ပျက်စီးယိုယွင်းနေတယ်” ဟု ထောက်ပြပြီး အစိုးရသည် အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်ပြီး ဖွံ့ဖြိုးမှုအတွက် အခြေခံကို တည်ဆောက်နိုင်ခဲ့သည် ဟု ၎င်းက ပြောသည်။
ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာသည် အရှေ့တောင်အာရှ၏ အချမ်းသာဆုံး နိုင်ငံတခုဖြစ်ခဲ့ပြီး ဆယ်စုနှစ်များစွာ ကြာသော စစ်အုပ်ချုပ်ရေး၊ ခရိုနီ အရင်းရှင်စနစ်နှင့် အနောက်တိုင်း စီးပွားရေးပိတ်ဆို့မှုအောက်တွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ဖြစ်သွားသည်။ စစ်အစိုးရက ၂၀၁၀ တွင် တံခါး စတင်ဖွင့်ပြီး ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး အာဏာ ရလာခဲ့သည်။
အာဏာရပြီး ပထမတနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် သည် ဒုတိယကမ္ဘာစစ်ကပင် စတင်ခဲ့သည့် ပဋိပက္ခများ အပါအဝင် လူမျိုးစု ပဋိပက္ခများကို ဖြေရှင်းရန် ကြိုးစားသော်လည်း အောင်မြင်မှု အနည်းငယ်သာ ရသည်။
တိုင်းပြည်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အထက်မှ အောက်သို့ချပေးသော ဗျူရိုကရေစီတွင် အသေးစိတ် စီစဉ်သူ ဖြစ်သည်ဟု ဂုဏ်သတင်းကျော်ဇောပြီး အတွေ့အကြုံမရှိသော အစိုးရတွင် နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံး ဝန်ကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ်လည်း တာဝန်ယူထားသည်။
“ထူးခြားတဲ့ ချွင်းချက်တချို့က လွဲရင် ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်က သိသိသာသာ နှေးကွေးသွားတယ်” ဟု လွန်ခဲ့သည့် နှစ်အတန်ကြာကပင် မြန်မာနိုင်ငံတွင် ဥပဒေအတိုင်ပင်ခံ လုပ်ငန်း တည်ထောင်ထားသူ Eric Rose က ပြောသည်။ “ကံမကောင်း အကြောင်းမလှချင်တော့ ကျယ်ပြန့်ပြီး အားလုံး လွှမ်းခြုံတဲ့ မက်ကရို အဆင့်မှာ ဒီအစိုးရက အရင်အစိုးရလောက် မကျွမ်းကျင်ဘူး” ဟုလည်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ပါတီမှ အထက်တန်း အဖွဲ့ဝင်နှင့် အစိုးရက ခန့်အပ်ထားသော မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က နှေးကွေးသော ပြုပြင်ပြောင်းလဲရေး အတွက် ချိနဲ့သော ဗျူရိုကရေစီကို အပြစ်တင်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အရာရာကို အာရုံမစိုက်နိုင် ဟု ပြောသည်။
အုပ်ချုပ်ရေး၏ ကျောရိုးဖြစ်သော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာများကို တပ်မတော်က ဆက်လက် ထိန်းချုပ်ထားသည်။ ရိုဟင်ဂျာ မွတ်စလင်များကို အပြင်းအထန် ကိုင်တွယ်မှုကြောင့် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှု ခံရသည်။ မကြာသေးမီလများ အတွင်း လူ ၆၅၀၀၀ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် နီးစပ်သူများကမူ သူမသည် စီးပွားရေးကို ပိုမိုဦးစားပေးနေပြီး အပြောင်းအလဲများ လာတော့မည် ဟု ပြောသည်။
“နောက် ၃ လ ၊ ပိုသေချာအောင် ပြောရရင် ၆ လအတွင်း ဖွံ့ဖြိုးမှုနှုန်း မြှင့်တင်မယ့် မူဝါဒ အပြောင်းအလဲကို တွေ့ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ၏ အကြံပေး ဩစတြေလျနိုင်ငံ မက္ကာရီ တက္ကသိုလ်မှ ပါမောက္ခ Sean Turnell က ပြောသည်။ “ဒါတွေ အရေးကြီးတယ် ဆိုတာ သူ သဘောပေါက်သွားပါပြီ” ဟု ဆိုသည်။
စီးပွားရေးမူဝါဒတွင် အပြောင်းအလဲ အစပျိုးသော လက္ခဏာများ မကြာသေးမီက တွေ့လာရသည်။ အစိုးရသည် မကြာသေးမီက ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းများ ရှင်းလင်းခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ပါဝင်ခြင်း မပြုနိုင်သော စီးပွားရေး ကဏ္ဍများကို ၉၀ မှ ၂၂ သို့ လျှော့ချခြင်းနှင့် နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင် ခရီးသွားလာမှုနှင့် အခြား ကန့်သတ်ချက်များ ချမှတ်ထားသော ဥပဒေကြမ်းတခုကို ပယ်ချသည်။
လွန်ခဲ့သော သီတင်းပတ် အစိုးရအဖွဲ့ အပြောင်းအလဲတွင် စွမ်းအင်ဝန်ကြီးကို အစားထိုးပြီး လူ လေးစားခံရသော (ပညာရှင်) ဗဟိုဘဏ် ဒုဥက္ကဌကို ဘဏ္ဍာရေး ဒုဝန်ကြီးခန့်သည်။
မေလတွင် စင်ကာပူမှ ပူးမားစွမ်းအင်ကုမ္ပဏီသည် နိုင်ငံပိုင်လုပ်ငန်းများ လွှမ်းမိုးထားသည့် လောင်စာ ဖြန့်ချိရေး လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရသော ပထမဆုံးလုပ်ငန်း ဖြစ်လာသည်။ ဗီဇာနှင့် မာစတာကဒ်များကို အကြွေးဝယ်ကတ် ထုတ်ဝေရန် ပထမဆုံး ခွင့်ပြုသည်။ တချိန်တည်းတွင် နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) က မြန်မာနိုင်ငံသည် ပိုမိုမြင့်မားသော တိုးတက်မှုနှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်း ဝန်းကျင် ရှိလာမည် ဟု ခန့်မှန်းလာသည်။ ယခင်နှစ်က ၆ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
သို့သော် အမေရိကန် ရင်းနီးမြှုပ်နှံသူများသည် အမေရိကန် စီးပွားရေး ပိတ်ပင်မှု ရုပ်သိမ်းခဲ့ခြင်းနှင့် လူဦးရေ သန်း ၅၀ ကျော်၏ စီးပွားရေး အလားအလာ ရှိစေကာမူ ပူပန်နေကြသည်။ ယမန်နှစ်က အဓိက အမေရိကန် ရင်းနှီးမြှုပ်နှံသူ ၂ ဦး ဖြစ်သည့် ကိုကာကိုလာက ဒေါ်လာ သန်း ၁၇၀ တန်လုပ်ငန်း နှင့် ကော်လိုရာဒိုအခြေစိုက် Ball Corp တို့က ဒေါ်လာ ၄၅ သန်းတန် သံဖြူဘူးစက်ရုံကိုသာ ရင်းနှီးမြှုပ်နှံ ခဲ့သည်။
အချို့သော ပြည်တွင်းလုပ်ငန်းရှင်များ ကလည်း ၎င်းတို့သည် အစိုးရ အကူအညီ မရဘဲ တိုးတက်အောင် ဆောင်ရွက်နေရ သည် ဟု ပြောကြသည်။
ဦးဇော်မိုးခိုင်သည် ယခုလတွင် သူ၏ ဒေါ်လာ သန်း ၂၀ တန် ဆေးဝါးစက်ရုံ၏ ပထမဆင့်ကို ရန်ကုန်မြို့စွန်တွင် စတင်သည်။ ထိုလုပ်ငန်းသည် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခွင့် ရရန် ဒေါ်လာ ၃ သိန်း ပေးရသော လုပ်ငန်းဖြစ်သည်။
“ဆေးဝါးလုပ်ငန်းက မိတ်ဆွေတွေက ကျနော် ရူးသွပ်နေပြီလို့ထင်ကြတာ” ဟု ပြောပြီး အခြားဆေးဝါးစက်ရုံ စီမံကိန်း ခွင့်ပြုခံရသူ ၈ ဦး အစီအစဉ် ဖျက်သိမ်းသွားကြောင်း ပြောသည်။ ” ဒါပေမယ့် ကျနော်က ရေရှည်ကိုကြည့်တာ။ စနစ်ကိုပြောင်းဖို့ နှစ်များစွာကြာရင်ကြာမယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီဆေးဝါးစက်ရုံရှိတယ်ဆိုတာ တယောက်ယောက်က သက်သေပြရမယ်” ဟု သူပြောသည်။
မြန်မာအစိုးရတွင် ရှင်းလင်းသော စီးပွားရေးစီမံချက် ရှိပါက ထိုကိစ္စသည် ပိုမိုလွယ်ကူမည် ဟု သူက ပြောသည်။ သို့သော် အရာရာသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် မူတည်သည် ဟုလည်း ဆိုသည်။ ။
(Wall Street Journal အွန်လိုင်းသတင်းစာ ပါ Ben Otto နှင့် Myo Myo တို့၏ Suu Kyi’s Myanmar Problem: Where’s the Economy? ကို ဘာသာပြန်သည်။)