အာဖရိကတိုက် ကင်ညာနိုင်ငံ၏ မြို့တော် နိုင်ရိုဘီနှင့် မွမ်ဘာဆာမြို့ကို ဆက်သွယ်ထားသည့် ရထားလမ်းကို ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ပျော်ပွဲရွှင်ပွဲများနှင့်အတူ ဖွင့်လှစ်လိုက်သည်။ အဆိုပါ ရထားလမ်းသည် အာဖရိကတိုက်၌ တရုတ်နိုင်ငံက တာဝန်ယူဖောက်လုပ်နေသည့် ရထားလမ်းများအနက် ဒုတိယမြောက်ဖြစ်သည်။
ပထမဆုံး ရထားလမ်းမှာ အီသီယိုပီးယားနိုင်ငံ မြို့တော် အဒစ်ဘာဘာနှင့် ဂျီဘူတီနိုင်ငံကို ဆက်သွယ်သည့် ရထားလမ်းဖြစ်ပြီး ယခုနှစ်ဆန်း ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ဤရထားလမ်းများနှင့် ပတ်သက်၍ တရုတ်မီဒီယာများက အာဖရိကမှ ၎င်းတို့၏ အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြုပ်နှံမှုများကို စိတ်ဝင်တစား ပြောကြသကဲ့သို့ ပိုမိုကျယ်ပြန့်သော ပို့ဆောင်ရေးလမ်းကြောင်းမှ တဆင့် စီးပွားရေးတိုးတက်မှုရရှိရန် မျှော်လင့်ထားသော ခေတ်သစ် ပိုးလမ်းမစီမံကိန်း (One Belt, One Road) နှင့် ဆက်စပ်ပြောဆိုလေ့ရှိသည်။
အာဖရိကခေါင်းဆောင်များအနေဖြင့် ယင်းကို သဘောတူပုံရပြီး လာမည့် ဆယ်စုနှစ်များအတွင်း အကောင်အထည် ဖော်မည့် အရှေ့ အာဖရိက မီးရထားလမ်း မဟာစီမံကိန်းကဲ့သို့ သူတို့၏ ရည်မှန်းချက်ကြီးသော စီမံကိန်းများအတွက် တရုတ်နိုင်ငံမှ ပမာဏကြီးမားသော အထူး ချေးငွေများ ရယူနေကြသည်။
သို့သော် ထိုအလှမ်းကျယ်လှသော စီမံကိန်းများကို အကောင်အထည်ဖော်ရန် အာဖရိကနိုင်ငံများတွင် လုံလောက်သော ဘဏ္ဍာရေး အခြေအနေ ရှိမရှိအပေါ် သံသယကြီးမားစွာ ရှိနေသည်။
ဥပမာအားဖြင့် အဒစ်ဘာဘာမှ ဂျီဘူတီထိ ရထားလမ်းတည်ဆောက်ရန် စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်ရှိပြီး အီသီယိုပီးယားအစိုးရ၏ ၂၀၁၆ ခုနှစ် ဘတ်ဂျက်ဖြစ်သော အမေရိကန် ဒေါ်လာ ၁၂.၅၇ ဘီလီယံ၏ ၄ ပုံ ၁ ပုံ နီးပါး ဖြစ်နေသည်။
လျှော့ချပေးထားသည့် အတိုးနှုန်းဖြင့် ဖြစ်စေကာမူ ပြုပြင်ထိန်းသိမ်းရေးနှင့် ကြွေးမြီပြန်ဆပ်နိုင်ရေးက နောက်လာမည့် ဆယ်စုနှစ်အတွင်း အစိုးရအတွက် သိသာသော ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာပါလိမ့်မည်။
အကယ်၍ စီးပွားရေးနှင့် အစိုးရ၏ ဘတ်ဂျက်က လတ်တလောနှစ်များအတိုင်း မှန်မှန် တိုးတက်လာလျှင်ပင် အခြားသော အခြေခံ အဆောက်အအုံ စီမံကိန်းများအပေါ် မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်မည်ဆိုသည်ကို တွေးကြည့်ရန်ပင် ခက်ပါသည်။
အမှန်တကယ်လည်း နိုင်ငံဖြတ်ကျော် ရထားလမ်းများကဲ့သို့ ထိပ်တန်းစီမံကိန်းများအပြင် အခြေခံ အဆောက်အအုံကဏ္ဍတွင် ငွေကြေးသုံးစွဲခြင်းက ဒေသတွင်း အာဖရိက စီးပွားရေး၏ အခြားသော ကဏ္ဍများနှင့် ယှဉ်လျှင် ပို၍ များနေနိုင်ပါသည်။
ပြီးခဲ့သည့် ၂ နှစ်အတွင်း တရုတ်ကုမ္ပဏီများက တန်ဇန်းနီးယားနိုင်ငံ ကျေးလက်ဒေသ အီရင်ဂါတွင် အစိုးရ အဆောက်အအုံ အမျိုးမျိုးနှင့် နိုင်ငံတဝန်းမှ အဓိကမြို့ကြီးများနှင့် မြို့ငယ်များကို ဆက်သွယ်ထားသည့် အသစ်စက်စက် ကတ္တရာလမ်းများကို ဖောက်လုပ်ခဲ့ကြပါသည်။
အသေးစိတ် အချက်အလက်များကို မသိရသော်လည်း ပြောင်း၊ သစ်နှင့် လက်ဖက်ကိုသာ အဓိက မှီခိုနေရသည့် ဒေသတွင် ထိုကဲ့သို့သော ဆောက်လုပ်ရေးစီမံကိန်းများက အစိုးရဝင်ငွေ၏ ကြီးမားသော အစိတ်အပိုင်းနှင့် ညီမျှမှု ရှိမရှိကို တွေးကြည့်နိုင်ပါသည်။ ရေရှည်တွင် ထိန်းသိမ်းစောင့်ရှောက်ရေး ပြဿနာများ မလွဲမသွေ ရှိလာပါလိမ့်မည်။
ထို့ကြောင့် အာဖရိက အစိုးရများ အနေဖြင့် အခြေခံအဆောက်အအုံ တည်ဆောက်မှုများ အားလုံးအတွက် တရုတ်နိုင်ငံသို့ မည်ကဲ့သို့ အကြွေး ပြန်ပေးနိုင်မည်နည်းဟု မေးရန် ဖြစ်လာပါသည်။
အကြွေးပမာဏ မြင့်တက်လာခြင်းနှင့် အနာဂတ်တွင် အခြေခံအဆောက်အအုံ တိုးတက်ရေး သုံးစွဲရန် ချေးငွေများ ထပ်မံ ရယူရခြင်းကြောင့် အာဖရိက အစိုးရများ အနေဖြင့် အကြွေး အကျေအလည် ပြန်ဆပ်ရေး သူတို့၏ အကန့်အသတ်ရှိသော ဘတ်ဂျက်ထက် ပို၍ လိုအပ်လာဖွယ်ရာ ရှိပါသည်။
ဖြစ်နိုင်ဖွယ်ရာ အများဆုံးမှာ နိုင်ငံအများအပြားသည် အကြွေးကျေရန် ကုန်ပစ္စည်းများ ပြန်ပေးလာကြရဖွယ် ရှိနေပါသည်။
အကြွေးအတွက် ကုန်ပစ္စည်းပေးရသည့် သဘောတရားက အချို့သော အစိတ်အပိုင်းများတွင် ကိုလိုနီစနစ်၏ စရိုက် လက္ခဏာများ ရှိနေသည်။ ဥရောပ ကိုလိုနီများ၏ အစဉ်အလာ ထုံးစံများကို ပြန်တွေးကြည့်စရာ ဖြစ်လာသည်။
၁၈၀၀ ခုနှစ်များနှောင်းပိုင်းနှင့် ၁၉၀၀ အစောပိုင်း ကာလတို့တွင် ဥရောပသားများက အာဖရိကတိုက်၌် အခြေခံ အဆောက်အအုံ များ တည်ဆောက်ခဲ့ကြသည်။ စီမံကိန်းများက ဒေသစီးပွားရေး ဖွံ့ဖြိုးရေးအတွက်ဟု ယူဆရသော်လည်း အဓိကအားဖြင့် သဘာဝ အရင်း အမြစ်များ ထုတ်ယူရေးတွင် အသုံးပြုခြင်းခံခဲ့ရသည်။
နိုင်ရိုဘီ- မွမ်ဘာဆာ ရထားလမ်းနှင့် အီသီယိုပီးယား မြို့တော် အဒစ်ဘာဘာနှင့် ဂျီဘူတီနိုင်ငံကို ဆက်သည့် ရထားလမ်း ၂ ခုလုံး ကိုလည်း ထိုစာရင်းတွင် ထည့်သွင်းနိုင်ပါသည်။ ၂ ခုလုံးက တွင်းထွက်များ ရှိသည့် ကုန်းတွင်းပိုင်းဒေသများနှင့် အိန္ဒိယသမုဒ္ဒရာမှ အဓိက ဆိပ်ကမ်းများကို ဆက်သွယ်ပေးထားသည်။
ထို့ပြင် လွန်ခဲ့သော ရာစုနှစ်တခု သို့မဟုတ် ထိုထက်ပိုသည့် အချိန်များက ဥရောပ ကိုလိုနီများ ရှာဖွေခဲ့ကြသည့် သဘာဝ သယံဇာတများထဲမှ အချို့ကို တရုတ်နိုင်ငံကလည်း လိုချင်နေကြောင်း သံသယရှိစရာ မလိုပါ။
အခြေခံ အဆောက်အအုံများ တည်ဆောက်နေချိန်တွင် ဒေသတွင်း သတ္တုတွင်းများနှင့် ထုတ်လုပ်ရေး စက်ရုံများတွင်လည်း တရုတ်နိုင်ငံက အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေရာ တရုတ်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့သည့် ရထားလမ်းသစ်များ၊ ကားလမ်းသစ်များမှ ပို့ဆောင်သော ကုန်စည်များ၏ တစိတ်တပိုင်းသည် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများသို့ ပေးသွင်းရမည့် သဘာဝအရင်းအမြစ်များ ဖြစ်လိမ့်မည်ဟု မျှော်လင့်ရပါသည်။
တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီများက ကမ္ဘာတဝန်းမှ Belt and Road စီမံကိန်းများတွင် တက်တက်ကြွကြွ ပါဝင်နေသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် သဘာဝအရင်းအမြစ် အကြီးအကျယ် ထုတ်ယူနေခြင်းအပေါ် မှီခိုနေရသည့် အချက်ကို ဖုံးကွယ်မထားနိုင်ပေ။
တနည်းဆိုရသော် အကယ်၍ အာဖရိကမှ အခြေခံအဆောက်အအုံ စီမံကိန်းများက One Belt, One Road စီမံကိန်း နှင့် တွဲဖက် နေခဲ့သည်ဆိုလျှင် တရုတ်နိုင်ငံ၏ စီးပွားရေးအတွင်းသို့ အာဖရိကမှ သဘာဝ သယံဇာတများကို မြန်ဆန် သက်သာစွာ ပို့ဆောင်ပေးနိုင်ခြင်းကြောင့် တရုတ်နိုင်ငံက ဦးဆုံး အကျိုးအမြတ်ရရှိမည် ဖြစ်သည်။
သို့သော်လည်း ပြန်ပေးနိုင်ဖွယ်မရှိသော ချေးငွေများအတွက် ကုန်ကျရသည်နှင့် နှိုင်းစာကြည့်လျှင် ထိုကဲ့သို့သော အကျိုးကျေးဇူးများက ဥရောပမှ ကိုလိုနီများ သူတို့၏ လုပ်ငန်းများမှ ရရှိခဲ့ကြသည်တို့ထက် များစွာ နည်းပါးနေနိုင်ပါသည်။
ထိုရှုထောင့်မှ ကြည့်လျှင် အခြေခံ အဆောက်အအုံတည်ဆောက်ရန် အာဖရိကနိုင်ငံများသို့ချေးငွေများ ထုတ်ပေးခြင်းမှ ဘဏ္ဍာရေး အကျိုးအမြတ် ပြန်လည ်ရရှိနိုင်မှုအပေါ် သံသယဖြစ်ဖွယ်ရာ အချို့ ရှိလာနိုင်ပါသည်။
သို့သော်လည်း ကမ္ဘာတလွှားမှ နိုင်ငံများတွင် ရစရာ အကြွေးဒေါ်လာ ဘီလီယံ ချီ၍ ရှိနေခြင်းကြောင့် တရုတ်အစိုးရ ရရှိနိုင်ဖွယ်ရာရှိသော နိုင်ငံရေး အကျိုးအမြတ်အပေါ် ပြည်သူများက လျှော့တွက်ခြင်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။
စီးပွားရေး လုပ်ပိုင်ခွင့် များဖြစ်စေ၊ နိုင်ငံရေး သဘောတူညီချက်များ ဖြစ်စေ သို့မဟုတ် ထိုအချက် ၂ ခုလုံးဖြစ်စေ အကြွေးများ ပြန်ပေးရမည့် နည်းလမ်းကို တနည်းမဟုတ် တနည်းဖြင့် ခိုင်မာသေချာအောင် ပြုလုပ်ကာ ရေရှည်တွင် တရုတ်နိုင်ငံက အဆိုပါ နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန် ဆက်ဆံရေး ပုံစံသစ်တမျိုးကို ပြုလုပ်ကောင်း ပြုလုပ်နိုင်လာမည် ဖြစ်သည်။
ထိုအချက်က ဆာဟာရ တောင်ပိုင်း အာဖရိကနိုင်ငံ အများစုအတွက် အမှန်ပင် ဖြစ်သည်။ ဒေသစီးပွားရေးတွင် စက်မှုလုပ်ငန်းများ အားနည်းခြင်း၊ စီးပွားရေး စီမံခန့်ခွဲမှု အားနည်းခြင်း၊ ကုန်စည်များ နိုင်ငံခြားတင်ပို့မှု အပေါ်တွင်သာ မှီခိုနေရခြင်းနှင့် ခေတ်မမီသော ဘဏ္ဍာရေး စနစ်များကြောင့် အကယ်၍ တရုတ်နိုင်ငံကသာ လူပုဂ္ဂိုလ် တဦးချင်းမှ ဖြစ်စေ နိုင်ငံအဆင့် ပုဂ္ဂိုလ်များမှ တဆင့်ဖြစ်စေ တိုင်းပြည်၏ ဘဏ္ဍာရေး၊ အိမ်ခြံမြေနှင့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲရေးတို့ကို ထိန်းချုပ်ရန် ကြိုးစားလာခဲ့လျှင် အဆိုပါနိုင်ငံများ၏ အနာဂတ် စီးပွားရေး တိုးတက်မှုမှန်သမျှမှ အကျိုးကျေးဇူးများ ပိုမို ရရှိလာမည် ဖြစ်သည်။ တွက်ချက်ကြည့်၍ ရနိုင်သော ပြန်ပေးရမည့် အကြွေးများထက် များစွာ ပိုမိုပါလိမ့်မည်။
အရှေ့တောင်အာရှ၏ စီးပွားရေးကဏ္ဍတွင် တရုတ်လူမျိုးများက လက်ဝါးကြီးအုပ် ထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေသည့် ဥပမာအရကြည့်လျှင် တရုတ်ဆန့်ကျင်ရေး ဥပဒေများ၊ ဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများ ရှိခဲ့သည့်တိုင် ဘဏ်များ၊ အိမ်ခြံမြေလုပ်ငန်းများ၊ ကုန်သွယ်ရေးု ကွန်ရက်များနှင့် လက်လီအရောင်းလုပ်ငန်းများမှ တဆင့် ဒေသတွင်း စီးပွားရေးကို လွှမ်းမိုးထားနိုင်ခြင်းက တရုတ်မိသားစုများ၏ ချမ်းသာ ကြွယ်ဝမှု ဆက်လက် ရှိနေရေးအတွက် အရေးပါကြောင်း တွေ့ရမည် ဖြစ်သည်။
အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကြောင့် တင်ရှိသည့် အကြွေးများကြောင့် တရုတ်နိုင်ငံ၏ အားသာချက် ဖြစ်စဉ်ကို ပိုမို အရှိန်ရရှိစေနိုင်ပြီး အရှေ့တောင်အာရှတွင် ကြုံတွေခဲ့ရသလိုမျိုး မဟုတ်ဘဲ နိုင်ငံရေးအရ ဘေးထွက်ဆိုးကျိုး နည်းပါးစွာနှင့် စီးပွားရေး ထိန်းချုပ်မှုကို ပိုမို နက်ရှိုင်းစေနိုင်မည် ဖြစ်သည်။
သို့သော်လည်း အာဖရိကမှ စီမံကိန်းများက ငွေကြေးဆုံးရှုံးစေသည့် လုပ်ငန်းများ ဖြစ်ကြောင်း ပြောရန် အနည်းငယ် စောလွန်းနေပါသေးသည်။ ဆင်းရဲနွမ်းပါးသော နိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆယ်စုနှစ် များစွာကြာသည့်တိုင် ငွေသားဖြင့် ပြန်လည်ပေးဆပ်နိုင်ဖွယ်ရာ မရှိသော ချေးငွေများမှတဆင့် ပြုလုပ်ကြရပါသည်။
သို့သော်လည်း အောင်မြင်မှုကို ဘဏ္ဍာရေးအရ ကြည့်ခြင်းက ရေရှည် အကျိုးစီးပွားကို မမြင်ခြင်း ဖြစ်သည်။
တရုတ်အစိုးရနှင့် သူတို့၏ လက်နက်များဖြစ်သည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများက ရေတိုအတွက် စဉ်းစားကြမည် မဟုတ်သည်မှာ သေချာသလောက်ပင် ဖြစ်သည်။ ရေရှည်တွင် ငွေကြေးထက် အရေးကြီးကြောင်း တွေ့လာရမည့် နိုင်ငံရေး အကျိုးအမြတ်အတွက် စီးပွားရေးတွင် ခြေကုပ်ရယူခြင်းကို ကျွမ်းကျင်အောင် သမိုင်းအစဉ်အလာ အတွေ့အကြုံများက သင်ကြားပေးခဲ့ပြီး ဖြစ်သည်။
(The Diplomat ပါ Xiaochen Su ၏ Why Chinese Infrastructure Loans in Africa Represent a Brand-New Type of Neocolonialismကို ဘာသာပြန်ဆိုသည်။ Xiaochen Su သည် တန်ဇန်းနီးယားနိုင်ငံ အီရင်ဂါ တွင်နေထိုင်လျက်ရှိပြီး မြေယာ အနည်းငယ်သာ ပိုင်ဆိုင်သော တောင်သူလယ်သမားများအတွက် အရည်အသွေးမြင့်သွင်းအားစုများ နှင့် ချေးငွများမှ တဆင့် ကုန်ထုတ်လုပ်မှု တိုးလာအောင် ကူညီပေးနေသော NGO တခုတွင် လုပ်ကိုင်နေသူ ဖြစ်သည်။ London School of Economics တွင် နိုင်ငံရေးနှင့် ဆိုင်သော နိုင်ငံတကာစီးပွားရေး ဘာသာရပ်ကို သင်ယူခဲ့သူလည်း ဖြစ်ပါသည်။)