စွမ်းရည်နိမ့်ကျနေသည့် ဗျူရိုကရက် ယန္တယား၏ ဆိုးမွေ၊ နက်ရှိုင်းစွာ ကျယ်ပြန့်နေသည့် အကျင့်ပျက် ခြစားမှုနှင် သက်ဆိုင်ရာ ဝန် ကြီး ဌာနချင်း ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရတွင် အားလုံးကို ခြုံငုံနိုင် သည့် အစီအမံများ ချမှတ်နိုင်ခြင်း မရှိဘဲ စီးပွားရေးတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း NLD ပါတီ၏ စီးပွားရေး အကြံပေး ဦးမျိုးမြင့်က ပြောသည်။
မနေ့က နေပြည်တော်တွင် MICC – 2 တွင် ကျင်းပသည့် မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲမှ ဗဟို ဦးစီး စနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲခြင်းအတွက် စိန်ခေါ်မှုများအကြောင်းကို ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒါတွေကို သိလျက်နဲ့ ရွေးကောက်ပွဲဝင်တယ်။ အာဏာရတယ်။ လိုအပ်သလောက် မဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ အတူ တ ကွ ပူးပေါင်းဆောင်ရွက်မရှိတာက ကြီးမာတဲ့ စိန်ခေါ်မှုပါ။ ဌာနချင်း၊ အစိုးရကြား၊ ညှိနှိုင်းမှု မရှိတဲ့အတွက် အားလုံးကို ခြုံငုံနိုင်တဲ့ အစီအမံတွေ ချမှတ်နိုင်ခြင်း မရှိပါဘူး”ဟု ဦးမျိုးမြင့်က ပြောသည်။
ပွင့်လင်းမြင်သာပြီး တိကျသည့် ရည်မှန်းချက်များဖြင့် အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်မည် ဆိုပါက စိန်ခေါ်မှုတွေကို အ ထိုက်အလျောက် ကျော်လွှားနိုင်မည် ဖြစ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စီးပွားရေး တိုးတက်စေရန် ပထမဆုံး စိန်ခေါ်မှု ဖြစ်ကြောင်း စကားဝိုင်းအတွင်း ပညာရှင်များက ပြောသည်။
“တိုက်ပွဲ၊ မူးယစ်ဆေးဝါး၊ ပို့ကုန်တန်ဖိုး ကျနေတယ်။ ထုတ်လုပ်မှု စွမ်းရည်တွေ ကျနေတယ်။ အထူးသဖြင့် လယ်ယာကဏ္ဍမှာ လုပ်သား စွမ်းအားရော၊ လယ်မြေရဲ့ စွမ်းအားပါ ကျနေတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ထုံထိုင်းနေပါတယ်။ စီးပွားရေး ထုံထိုင်း မှုတွေရဲ့ ပထမဦးဆုံးသော စိန်ခေါ်မှုကတော့ အကန့်အသတ် ရှိနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ။ ၂၅ ရာခိုင်နှုန်း တပ်မတော်က ယူထား တယ်။ ဝန်ကြီးဌာန ၃ ခုက တပ်အောက်မှာ ရှိနေတယ်”ဟု ဦးမျိုးမြင့်က ထောက်ပြသည်။
တပ်မတော်မှ ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်မြင့်ဦးကမူ တိုင်းပြည်တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာပြီး နိုင်ငံ တွင် တည်ငြိမ် အေးချမ်းမှုများ ရှိလာပါက တပ်မတော်၏ အခန်းကဏ္ဍကို လျော့ချနိုင်ကြောင်း၊ သို့သော် လက်တွေ့တွင်မူ တိုင်းပြည် စီးပွားရေး သည် လတ်တလော ဖြေရှင်းရမည့် အရေးကိစ္စအဖြစ် ရှိနေကြောင်း ဆွေးနွေးပွဲတွင် ပြောသည်။
“လူတွေရဲ့ ဒေါသတွေက စီးပွားရေး မပြေလည်မှုကနေ စတယ်။ ဒေါသတွေ ပေါက်ကွဲပြီးတော့မှ Revolution တွေ ဖြစ်လာတာပဲ။ အဲဒီတော့ ကျနော်တို့ လက်ရှိ နိုင်ငံမှာလည်း စီးပွားရေး အနေအထားကို ပြည်သူလူထု ဘဝရပ်တည်မှုအတွက် လုံခြုံစိတ်ချရတဲ့ အနေအထားကို လတ်တလော ဖြေရှင်းပေးဖို့ လိုလိမ့်မယ်လို့ ကျနော်ရဲ့ ကိုယ်ပိုင်အယူအဆကို ပြောလိုပါတယ်”ဟု ဗိုလ်မှူးကြီး အောင်မြင့်ဦးက ပြောသည်။
၎င်းက ဆက်၍ “ဒါပြီးမှာသာလျှင် ကျန်တဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ အစိုးရ တပ်မတော် အခြား Civil Society အဖွဲ့အစည်း အားလုံး ပါဝင်ပြီး တော့မှ နိုင်ငံတော်နဲ့ ပတ်သက်ပြီး ရှေ့ဘယ်လို ဆက်သွားကြမလဲဆိုတဲ့ Strategy ကို ရေးဆွဲချမှတ်ပြီး ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်”ဟု ဆိုသည်။
NLD အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် လယ်ယာကဏ္ဍကို အရင်ဆုံး စတင်သင့်ပြီး လယ်သမားများ၏ မျှော်လင့်ချက်ကို ယနေ့အချိန်အထိ ဖြည့်ဆည်းနိုင်ခြင်း မရှိကြောင်း၊ သိမ်းဆည်းခံ လယ်မြေများကို မည်သူက သိမ်းသည်ဖြစ်စေ ထိုက်တန်သည့် လျော်ကြေး ပေးသင့်ကြောင်း NLD ပါတီ၏ စီးပွားရေး အကြံပေးဖြစ်သူ ဦးလေးညွန့်ကလည်း ဆွေးနွေးသည်။
ဦးလေးညွန့်က “လယ်ယာကဏ္ဍမှာ ချက်ချင်းပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေပါပြီ။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ထွက်လာပါတော့မယ်။ အဲဒါ ထွက်လာတဲ့အထိ ခင်ဗျားတို့ စောင့်ပါတော့လားလို့ မပြောရက်ပါဘူး။ တကယ်ကို ချို့တဲ့ပြီး ဆင်းရဲတဲ့ ဘဝနဲ့ မစောင့်ခိုင်းသင့်တော့ဘူးလို့ ထင်ပါတယ်။ ဘယ်လိုပဲ အခက်အခဲတွေ အဟန့်အတားတွေရှိရှိ အဲဒီအထဲမှာ ကျနော်တို့ ရဲရဲဝံ့ဝံ့ပြောင်းလဲမှုတွေ လုပ်ဖို့လိုပြီလို့ ယူဆပါတယ်”ဟု ဆိုသည်။
သီးနှံစုံ ဖြန့်ကျက် စိုက်ပျိုးရေးနိုင်ရေးအတွက် ၂၀၁၂ မြေယာ ဥပဒေကို အမြန်ဆုံး ပြင်နိုင်ရန် လိုကြောင်း၊ ဆည်မြောင်း စည်းမျဉ်း ဥပဒေ၊ ချေးငွေ ပေါ်လစီကိုလည်း ပြင်သင့်ကြောင်း၊ တိရိ စ္ဆာန် အစာထုတ်လုပ်ရေးနှင့် ပတ်သက်၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးအောင် ဆောင်ရွက်၍ မွေးမြူရေး လုပ်ငန်းများကိုလည်း အာရုံစိုက်သင့်ကြောင်း ဦးလေးညွှန့်က အကြံပြုသည်။
အခု မွေးမြူရေးအစာကို နိုင်ငံခြားကနေ တင်သွင်းနေရတယ်။ သိပ်ကို အံ့သြစရာကောင်းပါတယ်။ ကျနော်တို့ဆီမှာ လိုအပ်တဲ့ ကုန် ကြမ်းတွေ အကုန် ရှိပါတယ်။ နိုင်ငံမှာ အစာစက်ရုံ ၂၆ ရုံ ရှိပါတယ်။ ၆ ရုံပဲ လည်နိုင်တယ်။ ဒါတောင် စွမ်းအားပြည့် မဟုတ်ဘူး။ ၂၀ ပိတ်ထားတယ်။ ဒါက တိုင်းပြည်အတွက် အလွန်နစ်နာတဲ့ လုပ်ရပ်တွေပါ”ဟု ၎င်းက ပြောသည်။
အားလုံး ပါဝင်နိုင်မှုနှင့် တရားမျှတမှု ရှိသော တိုးတက်မှု ရှိစေရန် စီးပွားရေးတွင် တန်းတူညီတူ အားလုံး ပြိုင်ဆိုင်ခွင့် ရှိရမည် ဖြစ်ကြောင်း၊ စီးပွားရေးကို ဗဟိုချုပ်ကိုင်မှု လျော့ချ၍ နိုင်ငံရှိ လူမှုဘဝများအပေါ် သက်ရောက်မှု ရှိသည့် မူဝါဒ ပေါ်လစီများ ချမှတ်သင့်ကြောင့် ပညာရှင်များက အကြံပြုခဲ့ကြသည်။
ကမ္ဘာ့ဘဏ်တွင် အမှုဆောင် ဒါရိုက်တာ အဖြစ်ဆောင်ရွက်ခဲ့သူ ဒေါက်တာ ဦးသိန်းဆွေက “ကျနော်တို့တွေ အချိန်နဲ့ပြမယ့် အစီ အစဉ်တွေ ရှိသင့်ပြီ။ ၃ နှစ်မှာ ဘာဖြစ်မလဲ။ ၅ နှစ်မှာ ဘာဖြစ်ရမယ် ဆိုတာတွေ ရေးသင့်နေပြီ။ ကမ္ဘာကြီးက ပြောင်းလဲနေပြီ။ လူဦး ရေ ထူထပ်နေပြီ။ မြေကြီး ရှားနေပြီ။ ကာတွေကြပ်၊ လူတွေကြပ်၊ လူတွေလည်း နေစရာမရှိကြတော့ဘူး”ဟု သုံးသပ်ခဲ့သည်။