စီးပွားရေး

မွန်ပြည်နယ်ရှိ အိမ်ထောင်စုထက်ဝက်ကျော်ကို အစိုးရမီးပေးနိုင်ပြီ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်တွင် ကောက်ယူ ခဲ့သော သန်းခေါင် စာရင်းအရ မွန်ပြည်နယ်ရှိ အိမ်ထောင်စု အရေအတွက် ၄၂၂၆၁၂ ခုတွင် အစိုးရ လျှပ်စစ်မီး သုံးစွဲ နိုင်သူ ၃၆ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ၅၄ ရာခိုင် နှုန်းသို့ တိုးတက် ဖြန့်ဖြူး နိုင်ခဲ့ရာ အိမ်ထောင်စု ထက်ဝက်ကျော်ကို မီးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်မှ စ၍ ၄ နှစ်တာ ကာလ အတွင်း လျှပ်စစ်ဓာတ်အား ၁၈ ရာခိုင်နှုန်းကျော် တိုးမြှင့် ဖြန့်ဖြူး နိုင်ကြောင်း ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာရုံးမှသိရသည်။

“၂၀၁၇ ခုနှစ် မတ်လ စာရင်း အရ မွန်ပြည်နယ်က ၅၄ ရာခိုင်နှုန်းလောက် မီးရနေပြီ၊ နိုင်ငံတော် ဓာတ်အား စနစ် ကနေ မီးပေးတဲ့ ၁၀ မြို့နယ် ရှိတဲ့ အထဲက ၉ မြို့နယ်က ဓာတ်အား စနစ်ကနေ မီးရနေပြီ၊ ရေးမြို့နယ် တခုပဲ ဓာတ်အား စနစ် ကနေ မီးမရ သေးတာ” ဟု ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာမှူး ဦးသက်ပိုင်မျိုးက ပြောသည်။

ထို့ပြင် တပြည်နယ်လုံး၏ လျှပ်စစ် လိုအပ်ချက်မှ တစ်နှစ်လျှင် ၁၁၀ မဂ္ဂါဝပ် ရှိပြီး လျှပ်စစ် ဓာတ်အား တိုးတက် အသုံးပြု မှုမှာ လာမည့် ၅ နှစ်တာ အတွင်း တနှစ်လျှင် ၂၀၀ မဂ္ဂါဝပ်သို့ တိုးတက် လာနိုင်သည်ဟု သုံးသပ် ထားကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၁၄ ခုနှစ်တွင် ထုတ်ပြန် ထားသည့် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မွန်ပြည်နယ် အစီရင်ခံစာ အရ မွန်ပြည်နယ် တွင်းရှိ မြို့နယ် များအနက် ရေးမြို့နယ်သည် အလင်းရောင် အတွက် လျှပ်စစ် မီးကို အသုံးပြုမှု အနည်းပါးဆုံး မြို့နယ်လည်း ဖြစ်သည်။

အစိုးရ လျှပ်စစ်မီး မရရှိ သေးသည့် မွန်ပြည်နယ်ရှိ ရေးမြို့နယ်အား လက်ရှိတွင် ပုဂ္ဂလိက ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး ကုမ္ပဏီများမှ မီးဖြန့်ဝေ ပေးနိုင်ရန် စီစဉ် ဆောက်ရွက် ထားပြီး ၂၀၁၈ ခုနှစ် ဧပြီလ အမှီ လျှပ်စစ်မီး ဖြန့်ဖြူး ပေးနိုင်ရန် ဆောင်ရွက် ထားကြောင်းလည်း ရေးမြို့နယ်အား ၂၀၀၆ ခုနှစ် ကတည်းက ပုဂ္ဂလိက လျှပ်စစ်မီး ဖြန့်ဖြူး ခဲ့သည့် “မြတ်သူရ” ကုမ္ပဏီမှ နိုင်တင်ရှိန်က ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် လျှပ်စစ်မီးရရှိမှုပြ ဇယား

“ကျနော်တို့ စာချုပ်မှာတော့ ၂၀၁၈ မတ်လဆိုရင် အားလုံးပြီးစီးပြီး မီးစတင်ဖြန့်ဖြူး ပေးနိုင်ဖို့ သဘောတူ ထားတယ်၊ လက်ရှိမှာလည်း HFO (မီးထိုးလောင်စာဆီ) လောင်စာသုံး လျှပ်စစ် ဓာတ်အား ပေးစက် တလုံးကို ဂျာမနီ ကနေ မှာထားတယ်။ လုပ်ငန်းစဉ်တွေ ကြန့်ကြာမှု မရှိပဲ စီစဉ် ထားတဲ့ အတိုင်း ဖြစ်လာရင်တော့ ၂၀၁၈ ဧပြီ လောက်မှာ လျှပ်စစ်မီး စပေး နိုင်မယ်” ဟု နိုင်တင်ရှိန်က ပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရေးမြို့နယ်၌ ၀ ဒသမ ၆ ရာခိုင်နှုန်း၊ လမိုင်း မြို့နယ်ခွဲ၌ ၀ ဒသမ ၃ ရာခိုင်နှုန်း၊ ခေါဇာ မြို့နယ်ခွဲတွင် ၀ ဒသမ ၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီး အသုံးပြုကြောင်း ဖော်ပြထားသည်။

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် လျှပ်စစ်မီး ရရှိမှု နည်းပါးသည့် ကျေးရွာ များသို့ အရောက် ဓာတ်အား ပေးပို့ နိုင်ရေး အတွက် တရုတ်နိုင်ငံ ချေးငွေ ရယူ၍ မဟာဓါတ်အားလိုင်း ၃၂၀ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ရန် အတွက် လျာထားချက် ရှိခဲ့သော်လည်း NLD အစိုးရသစ် လက်ထက်၍ တရုတ် ချေးငွေမှာ အတိုးနှုန်း မြင့်၍ ထိုအစီအစဉ်အား ဖျက်သိမ်းခဲ့ပြီး ချေးငွေ အသစ် ရရှိနိုင်ရန် ကြိုးပမ်းလျှက် ရှိကြောင်းလည်း ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာမှူး ဦးသက်ပိုင်မျိုးက ပြောသည်။

ပြည်နယ် အတွင်းရှိ မြို့နယ်များရှိ ကျေးရွာများ မီးလင်းရေး အတွက် ၂၀၁၆ – ၂၀၁၇ ခုနှစ်၏ NEP – National Electrification Plan တွင် ဓာတ်အားလိုင်း၏ ၂ မိုင်ပတ်လည် အတွင်းရှိ ကျေးရွာများ မီးလင်းရေး အတွက် ပြည်ထောင်စုမှ ဆောက်ရွက်လျက် ရှိရာ မွန်ပြည်နယ် အတွင်းတွင် ပထမ ဦးစားပေး ကျေးရွာ ၃၄ ရွာနှင့် ဒုတိယ ဦးစားပေး ကျေးရွာ ၄၄ ရွာ ပါဝင်ကြောင်း ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာရုံး၏ စာရင်း ဇယားများ အရ သိရှိရသည်။

ပြည်ထောင်စု အစိုးရ မှလည်း တနိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး အတွက် ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ် ၃၀ ကြာ လျှပ်စစ် Master Plan ကို ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များ ကိုလည်း ၅ နှစ်ကြာ စီမံကိန်းများ ရေးဆွဲ၍ အကောင်အထည် ဖော်ရေးနှင့် ပုဂ္ဂလိကလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံ သူများ လာရောက်၍ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေး ကဏ္ဍ၌ ရင်းနှီး မြုပ်နှံနိုင်ရေး အကောင်အထည် ဖော်ရန် လမ်းညွှန် ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading