မကြာသေးမီက ခန့်အပ်ခံခဲ့ရသော စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်စတန်ဆက်အောင်က မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် လုပ်ထုံးလုပ်နည်းနှင့် မူဝါဒ ပြုပြင်ပြောင်းလဲရေး ထပ်မံ လုပ်ဆောင်ကြရန် အခြား အစိုးရအဖွဲ့ ခေါင်းဆောင်များအား တိုက်တွန်း ပြောကြားလိုက်ကြောင်း သိရသည်။
လိုင်စင်နှင့် ခွင့်ပြုချက် လျှောက်ထားသော လုပ်ငန်းအဆင့်ဆင့်တွင် ကျိုးကြောင်း ဆီလျှော်ပြီး ပွင့်လင်းမြင်သာရန် အရေးကြီးကြောင်းနှင့် “ရိုးရှင်းတဲ့ လုပ်ငန်းစဉ်နဲ့ တကွ ကြိုတင် မှန်းဆနိုင်ပြီး တည်ငြိမ်တဲ့ မူဝါဒ ချမှတ်ဖို့ လိုတယ်” ဟု နေပြည်တော်တွင် ကျင်းပခဲ့သော မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် ဦးဆက်အောင်က အလေးထား ပြောကြားသည်ဟု ဂျပန်စီးပွားရေး သတင်းမဂ္ဂဇင်း Nikkei Asian Review က ရေးသားသည်။
ယခင် သမ္မတဟောင်း ဦးသိန်းစိန်ခေတ်က ဦးဆက်အောင်သည် ဈေးကွက် ပြုပြင်ပြောင်လဲရေးနှင့် မြန်မာ့စီးပွားရေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရေးတံခါးဖွင့် ဖော်ဆောင်ရာတွင် အရေးပါသူ အကြံပေးတဦး ဖြစ်သည်။ သူသည် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အထူးစီးပွားရေး ဇုန်များ တည်ထောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သူလည်း ဖြစ်သည်။
ဦးဆက်အောင်သည် ယခင်သမ္မတဟောင်း ဦးသိန်းစိန်၏ စီပွားရေး အကြံပေး အဖြစ်လည်း ၂၀၁၁ ခုနှစ်မှ စတင် လုပ်ကိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် သူသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။
၂၀၁၆ ခုနှစ် မတ်လတွင် အမျိုးသားဒီမိုကရေးစီ အဖွဲ့ချုပ် အာဏာရလာပြီး တနှစ်ကျော်ကြာအပြီး မြန်မာ့စီးပွားရေးအခြေအနေ ဆိုးလာနေသည်ဟု ပြည်တွင်းနှင့် နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းက ဝေဖန်သံများ ညံလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရတွင် ဦးဆက်အောင် နေရာပြန်ပေးခံလာရသည်။
တနင်္ဂနွေနေ့က ဦးဆောင်ဆွေးနွေးစဉ် အတွင်း ဦးဆက်အောင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် ၎င်း၏ လုပ်ထုံးလုပ်နည်းများကို အမြန်ဆုံး တိုးတက်အောင် လုပ်ဆောင်ရမည် ဟု ပြောသည်။ ပြုပြင်ပြောင်းလဲရေးကို ညတွင်းချင်း အောင်မြင်အောင် လုပ်ဆောင် မရသောကြောင့် စမ်းသပ်ပြီး အမှားပြင်သော နည်းလမ်းဖြင့် လုပ်ဆောင်ရန်လည်း သူက တိုက်တွန်းသည်။
ထိုနည်းလမ်း အရ အစိုးရသည် ပြုပြင်ပြောင်းလဲရေး မူဝါဒကို ဦးစွာ အကောင်အထည် ဖော်ပြီး ဈေးကွက်မှ တုံ့ပြန်မှုများကို ရယူကာ သက်ရောက်မှုကို စိစစ်ရမည်၊ စိစစ်တွေ့ရှိချက်များကို ခွဲခြမ်းစိတ်ဖြာပြီး ယင်း အချက်များကို အခြေခံကာ မူဝါဒကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမည် ဟုလည်း သူက ပြောသည်။
သီလဝါစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ဦးဆက်အောင်က ထိုအထူးစီးပွားရေး ဇုန်သည် တနိုင်ငံလုံးတွင် အလားတူ အကောင်အထည် မဖော်မီ လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲရေးကို စမ်းသပ်သည့် ဓာတ်ခွဲခန်း ဖြစ်သည် ဟု သူက ပြောသည်။
အမျိုးသား စီးပွားရေးတွင် လုပ်ငန်းများ၊ လုပ်ငန်းရှင်များသည် စီးပွားရေး အောင်မြင်စေရန် ယှဉ်ပြိုင်မှုထက် လူပုဂ္ဂိုလ် ဆက်ဆံရေးကို အခြေခံပြီး စီးပွားရေး လုပ်နေရသည့် ခရိုနီစနစ် ဆက်လက် တည်ရှိနေခြင်းကိုလည်း သူက ဝေဖန်သည်။ ပွင့်လင်းမြင်သာသော ယှဉ်ပြိုင်မှုနှင့် အရည်အချင်း ရှိသူ လုပ်ပိုင်ခွင့် ရရေးကို ဦးစားပေးရန် မိသားစု စီးပွားရေး လုပ်ငန်းစုကြီးများနှင့် အခြား သြဇာကြီးမားသော လုပ်ငန်းကြီးများ အပေါ် ပိုမို ခိုင်မာသော လုပ်ငန်း အုပ်ချုပ်မှု စည်းမျဉ်းများကို သူက တောင်းဆိုသည်။
ကမ္ဘာ့စီးပွားရေး၏ အားနည်းချက်ကြောင့် အာရှစီးပွားရေးများ ဆွဲချခံနေရသည် ဟု သူက ပြောသော်လည်း ၂၀၁၇ ခုနှစ် အတွင်း စီးပွားရး တိုးတက်မှုနှုန်း ၇ ဒသမ ၆ ရာခိုင်နှုန်း အထိ ရှိနိုင်ပြီး အရှေ့တောင်အာရှ နိုင်ငံများ အကြား အမြင့်မားဆုံး ဖြစ်သည် ဟူသော နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ၏ ခန့်မှန်းချက်ကို ကိုးကားကာ မြန်မာနိုင်ငံ၏ အခွင့်အလမ်းများကို သူက အကောင်းဘက်က ရှုမြင်သည်။
တနင်္ဂနွေနေ့က ပြီးဆုံးသွားသော ၃ ရက်ကြာ ဆွေးနွေးပွဲအတွင်း မူဝါဒချမှတ်သူများနှင့် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများသည် မြန်မာပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို နိုင်ငံရေး ပြုပြင်ပြောင်လဲမှု ရှုထောင့်၊ စီးပွားရေးရှုထောင့် များမှ ဆွေးနွေးပြီး ဆယ်စုနှစ်များစွာ ကြာမြင့်ပြီဖြစ်သော လူမျိုးစုများနှင့် လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ဆွေးနွေးခဲ့သည်။
စီးပွားရေး ဆွေးနွေးပွဲများတွင် ဦးဆောင်ဆွေးနွေးသူများက ဗဟိုချုပ်ကိုင်သောစီးပွားရေးမှ ဈေးကွက်စီးပွားရေးသို့ ပြောင်းလဲရာတွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အခက်အခဲများ ကိုလည်း ဆွေးနွေးကြသည်။ ဦးဆက်အောင်၏ အကောင်းဘက်က အမြင်နှင့် ပတ်သက်ပြီး ပါဝင်ဆွေးနွေးသူ အားလုံးက လက်ခံသဘောတူကြခြင်းကား မဟုတ်ပေ။
“မြန်မာ့စီးပွားရေးက တုံ့ဆိုင်းနေတယ်လို့ ကျနော် ပြောရမှာပဲ” ဟု Renaissance Institute Myanmar သုတေသန အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က စနေနေ့ ဆွေးနွေးပွဲတက်ရောက်သူများကို ပြောသည်။ မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အကောင်အထည် ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိုနှိုင်းဆောင်ရွက်မှု မရှိကြောင်း သူက ထောက်ပြသည်။
ဆက်စပ်ဖတ်ရှုရန် – စီးပွားရေးတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဟု NLD အကြံပေးပြော