မိုးတွင်းကာလ ဖြစ်သောကြောင့် ရွှေလုပ်ကွက်များမှာ ကျောက်များအတွင်းမှ တူးဖော်ရခြင်းဖြစ်၍ ရေမစုပ်ယူနိုင်သည့် အခက်အခဲများ ဖြစ်ပေါ်နေသကဲ့သို့ တနိုင်တပိုင် ထွက်ရှိသည့် ရွှေများမှာလည်း ဖမ်းဆီး စစ်ဆေးခံရသဖြင့် ရွှေအသား ရှားပါးလာကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ မိုးထိ၊ မိုးမိဒေသမှ ရွှေများကို ကျောက်များကြားမှ ထုတ်ယူကြခြင်း ဖြစ်ပြီး ယင်းသို့ ထုတ်ယူရာတွင်လည်း တနှစ်ထက်တနှစ် တူးယူနေကြသောကြောင့် ပေပေါင်း ရာချီ၊ ထောင်ချီ နက်လာသဖြင့် ရေမစုပ်ယူနိုင်တော့ဘဲ ရွှေတူးဖော်ရန် ခက်ခဲလာခြင်းဖြစ်ကြောင်း သိရသည်။
အောင်သမာဓိ စိန်၊ ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်ရေး စက်ရုံပိုင်ရှင် ဦးအောင်ဆန်းဝင်းက ‘‘ဟုမ္မလင်း၊ ခန္တီးနဲ့ နန့်တောတို့ ဘက်က ရွှေတွေ သယ်ရင် မော်တော်တို့၊ ကားတို့နဲ့ လာရင် အနည်းဆုံး ၂ ရက်လောက် ကြာတယ်။ အဲဒီတော့ သူတို့က လေယာဉ်နဲ့ သယ်ကြတယ်။ ဟိုတလောက ခန္တီးတို့ဘက်က သယ်လာတဲ့ လေယာဉ်ပေါ်မှာရွှေ ၇ ပိဿာ လောက်ကို မန္တလေးမှာ ဖမ်းဆီး စစ်ဆေးလိုက်တယ်။ အဲဒီတော့ ပုံမှန်လာနေကျက ရပ်သွားတော့ ရှားသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဒေသများမှ ထွက်ရှိသော ရွှေများမှာ တရားဝင် ရွှေလုပ်ကွက်များမှ ထွက်ရှိခြင်း မဟုတ်ဘဲ သာမန် လက်လုပ် လက်စားနှင့် တနိုင်တပိုင် လုပ်ကိုင်သူများထံမှ ထွက်ရှိခြင်းဖြစ်ကြောင်း၊ ရွှေလုပ်ကွက်များ ရေနစ်မြုပ်သဖြင့် ထိုရေများကို မစုပ်ထုတ်နိုင်ဘဲ ဖြစ်နေပြီး အင်းများမှာလည်း ပေထောင်ချီ နက်ကုန်၍ တူးဖော်ရာတွင် ခက်ခဲခြင်းတို့ကြောင့် ရွှေအသား ရှားပါးလာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
လေကြောင်းခရီးဖြင့် သယ်ယူခွင့် ခက်ခဲလာသောကြောင့် ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သယ်ဆောင်ရသဖြင့် အချိန် ကြန့် ကြာရခြင်းသည်လည်း ရွှေရှားပါးမှုထဲတွင် တခုအပါအဝင်ဖြစ်နေပြီး လက်ရှိ ရွှေဈေးသည် အခေါက်ရွှေ တကျပ်သားလျှင် ၉၀၈၄၀၀ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “ အခု ကျပ် ၇၀၀၀ လောက် ပြန်ကျတယ်။ ရွှေဈေးက အတက်အကျ မမှန်ဘူး။ အခုက ရွှေအသားတော့ဝယ်လို့ရတယ်။ ဒါပေမယ့် ရှေ့ရက်တွေက ဝယ်လို့မရဘူး။ ဈေးက မမှန်တော့ ထုတ်မရောင်း တာ လည်း ပါတယ်။ အခုက ဈေးက မှန်းလို့မရဘူး” ဟု ပြောသည်။
ရွှေဈေးအတက်အကျဖြစ်ခြင်းမှာ ကမ္ဘာ့ရွှေဈေးပေါ်တွင် ၈၀ ရာခိုင်နှုန်း မူတည်နေပြီး ပြည်တွင်းရွှေပေါ်တွင် ၂၀ ရာခိုင်နူန်း မူတည်နေသောကြောင့် ရွှေဈေးတက်ခြင်းဖြစ်ကြောင်း ပြည်တွင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။
လက်ရှိတွင် ပြည်တွင်း ရွှေဈေးကွက်သို့ တရုတ်နိုင်ငံမှ ရွှေပြား၊ ရွှေအခေါက်များ ဝင်ရောက်နေပြီး အိန္ဒိယနိုင်ငံက မြန်မာ နိုင်ငံမှ ၉၅ ရာခိုင်နှုန်းသော ရွှေရည်မပြည့်မီသည့် ရွှေများကို ဝယ်ယူမှုများ ရှိနေပြီး မြန်မာနိုင်ငံ၏ ရွှေအထွက်ဆုံး ဒေသ များမှာ မန္တလေးတိုင်းရှိ မိုးထိ၊ မိုးမိ ဒေသများဖြစ်ပြီး ဒုတိယအများဆုံး ထွက်ရှိသည့် ဒေသမှာ စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်းနှင့် ခန္တီးတို့ ဖြစ်ကြသည်။
မြန်မာတနိုင်ငံလုံးအတိုင်းအတာအရ တရားဝင်သတ္တုတူးဖော်ရေး ကုမ္ပဏီ ၈၀၀ ကျော်ရှိကာ ရွှေအဝင်အထွက်စာရင်း အတိအကျမရှိသောကြောင့် ရွှေပိဿာချိန် မည်မျှထွက်ရှိသည် ပြောဆို၍ မရဘဲ ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်း ဒေသ ကြီးသို့ နေ့စဉ် ရွှေပိဿာချိန် ၂၀ သားခန့် အဝင်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း စာရင်း များအရ သိရသည်။