ဘဏ်လောက၏ အခက်အခဲ စိန်ခေါ်မှုများကို တင်ပြနိုင်ခဲ့သဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် ပထမဆုံး တွေ့ဆုံမှုမှာ အကျိုးရှိကြောင်း ယမန်နေ့က နေပြည်တော်၊ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် နှစ်ဖက် တွေ့ဆုံမှုအပြီး ဘဏ်လုပ်ငန်းရှင်များက ဧရာဝတီသို့ ပြောသည်။
ကမ္ဘာ့ရတနာဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းက “အတိုင်ပင်ခံနဲ့ ဘဏ်လုပ်ငန်းရှင်တွေ ပထမဆုံး တွေ့တာပါ။ ပထမဆုံး တွေ့တာမို့ ဘဏ်လုပ်ငန်းရှင်တွေဘက်ကလည်း ဝမ်းသာအားရ ဖြစ်ပါတယ်။ လုပ်ငန်းရှင်ဘက်ကလည်း သူတု့ိရဲ့ တင်ပြစရာ ရှိတာတွေကို ပွင့့်ပွင့်လင်းလင်း တင်ပြခွင့်ရတဲ့အတွက် ကျေနပ်ကြပါတယ်။ နိုင်ငံတော်ဘက်ကလည်း အခြေအနေ မှန်လေး တွေကို သိရတဲ့အတွက် ၂ ဖက် ကျေနပ်မှု ရှိပါတယ်”ဟု ပြောသည်။
ဘဏ်များတွင် ငွေကြေး ပြည့်စုံရန်၊ ဘဏ်၏ ရပိုင်ခွင့် ချေးငွေများနှင့် ပတ်သက်၍ ပြည့်စုံမှု ရှိရန်၊ ပမာဏ ကြီးမားသည့် ချေးငွေ များကို ချေးငှားခြင်းနှင့် ပတ်သက်သည့် ညွှန်ကြားချက်နှင့် ငွေကြေးခိုင်မာ တောင့်တင်းရန်အတွက် ငွေဖြစ်လွယ်မှု အချိုးကို ဖော်ပြ ခိုင်းသည့် အကြောင်းအရာ ပါဝင်သည့် စည်းကမ်း ၄ ချက်ကို ဗဟိုဘဏ်က ပုဂ္ဂလိဘဏ်များ လိုက်နာရန် ညွှန်ကြားခဲ့သည်ဟု ကမ္ဘာ့ရတနာဘဏ် ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းက ပြောသည်။
ဦးမောင်မောင်သိမ်းက “ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ထုတ်တယ်ဆိုတာတော့ သဘောပေါက်တယ်။ ကျနော်တို့ ဘဏ်တွေမှာ တော့ လိုအပ်ချက် ရှိနေသေးတယ်။ အချိန်ပေးပါ ဆိုတာလေးကို ပြောတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ဘဏ်လုပ်ငန်းရှင်များကို ဒေါ်အောင်ဆန်းစုကြည်က ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ တိုင်းပြည်၏ လိုအပ်ချက် ရှိသည့် နေရာများတွင် ရင်းနှီးမြုပ်နှံရန်၊ ဗဟိုအဆင့် စီးပွားရေးရာ ကော်မတီနှင့် တွေ့ဆုံရန်တို့ကိုလည်း ပြောဆိုခဲ့ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ မြန်မာ့ ရှေ့ဆောင်ဘဏ် ဥက္ကဌ ဦးချစ်ခိုင်ကလည်း ပြောသည်။
“အတိုင်ပင်ခံကိုယ်တိုင် စီးပွားရေးကို တိုက်ရိုက်ကိုင်တွယ်မယ်လို့ ပြောလာပြီး နောက်ပိုင်းမှာ အရေးကြီးတဲ့ ဘဏ္ဍာရေး Sector ကို ပထမဆုံး ဆင်းပြီးတော့ ကိုင်တွယ်ထိတွေ့ပြီးတော့ ကြားနာတာဟာ နောင်အတွက်ကို အခြေခံ ကောင်းတွေ ဖြစ်တယ်။ အဲဒါအပြင်ကို စီးပွားရေး ကော်မတီတွေနဲ့ မျက်နှာစုံညီ တွေ့ဆုံဖို့ ဆိုတာကိုလည်း လမ်းညွှန်သွားတယ်”ဟု ဦးချစ်ခိုင်က ရှင်းပြသည်။
ဗဟိုဘဏ်၏ ပုဂ္ဂလိကဘဏ်များကို ညွှန်ကြားချက်များ သည် မူအားဖြင့် လိုက်နာရမည့် အချက်များဖြစ်သော်လည်း ဘဏ်များ၏ သက်တမ်း၊ ဘဏ်များ ဆောင်ရွက်ရသည့် အခက်အခဲ အကြပ်အတည်းများကြောင့် ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း ဦးချစ်ခိုင်က ဧရာဝတီသို့ ပြောသည်။
ဦးချစ်ခိုင်က“အဓိကကျတဲ့ ဘဏ္ဍာရေးအခန်းကဏ္ဍမှာ ဗဟိုဘဏ်နဲ့ ဘဏ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာမယ် ဆိုရင်တော့ နိုင်ငံတော်ရဲ့ စီးပွားရေးပိုင်း၊ ဘဏ္ဍာရေး ပံ့ပိုးမှုပိုင်းဆိုင်ရာတွေက ပိုပြီးတော့ တိုးတက်လာမယ့် လမ်းကြောင်းကို ရောက်လာမယ်လို့ မျှော်လင့်တယ်”ဟု ဆိုသည်။
ထို့ပြင် “ဘဏ်လုပ်ငန်းရှင်လို့ နာမည်တပ်ပေမယ့် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပဲလေ။ ဒါကြောင့်မိုလို့ နိုင်ငံရဲ့ စီးပွားရေး အောင်မြင်အောင် ဆောင်ရွက်တဲ့နေရာမှာ လုပ်သင့်လုပ်ထိုက်တဲ့နေရာတွေမှာ ဝင်ရောက် ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်ဖို့၊ အဲဒီလို လုပ်တဲ့နေရာမှာလည်း အရှုံးခံပြီး လုပ်ခိုင်းတာ မဟုတ်ပါဘူး။ ထိုက်သင့်တဲ့အကျိုးလည်း ခံစား။ တိုင်းပြည်အတွက်လည်း အကျိုးရှိမယ့် ရင်းနှီးမြုပ်နှံမှုမျိုး ဖြစ်စေချင်တယ်လို့ ပြောတယ်”ဟု ၎င်းက ပြောပြသည်။
ဘဏ်နှင့် ကုမ္ပဏီများ မတူသည့်အချက်မှာ ဗဟိုဘဏ်မှ ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်း အားလုံးကို လိုက်နာရ ကြောင်း၊ တနိုင်ငံလုံးရှိ ငွေကြေး အခြေအနေများကို ကြည့်၍ ဗဟိုဘဏ်က အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်ရကြောင်း၊ မြန်မာနိုင်ငံ၏ ဘဏ်စနစ်ကို မည်သည့် အဆင့်ဖြင့် သွားမည်ကို ဗဟိုဘဏ်က သတ်မှတ်ရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စီးပွားရေးကော်မတီဝင် ဦးရဲမင်းဦးက ဧရာဝတီသို့ ပြောသည်။
“အကျိုးမရှိတဲ့ ဝန်ထုတ်ထုတ်ပိုးဖြစ်စေတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေ ထုတ်လိုက်ရင် ဘဏ် လောကကို ထိခိုက်တာပေါ့။ ပြီးတော့ ကျနော်တို့ နိုင်ငံနဲ့ ကိုက်ညီအောင်တော့ ဗဟိုဘဏ်က စဉ်းစား ရမှာပေါ့။ ကိုယ့်နိုင်ငံက အာရှအဆင့်၊ အာဆီယံ အဆင့်တောင်မီဖို့ မနည်းလုပ်နေရချိန်မှာ ဖွံ့ဖြိုးပြီးသား ဥရောပ၊ အမေရိကန် အဆင့်ရောက်အောင် သတ်မှတ်မယ်ဆိုရင် ဘဏ်တွေက လိုက်နာဖို့ ခက်တာပေါ့”ဟု ၎င်းကဆိုသည်။
၎င်းက ဆက်၍ “တိုင်းပြည်မှာ စီးပွားရေး တက်ချင်ရင် ဘဏ်လုပ်ငန်းကဏ္ဍကို မဖြစ်မနေ ဆွဲတင်ရမယ်။ ဘဏ်လုပ်ငန်း မဖွံ့ဖြိုးဘူး ဆိုရင် စီးပွားရေးက တက်စရာကို မရှိဘူး။ ဘဏ်တွေကို ဂရုစိုက်မှ ရမယ်။ ဒါပေမယ့် နားလည်မှု မလွဲစေချင်တာက ဘဏ်တွေကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးပါဆိုတာက ဘဏ်သူဌေးတွေကို ပိုချမ်းသာအောင် လုပ်ပေးပါလို့ တောင်းဆိုတာ မဟုတ်ဘူး”ဟု ပြောသည်။
နေပြည်တော်ရှိ ဘဏ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး လုပ်ငန်း ဆိုင်ရာ များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ပြီး အစိုးရဘက်မှ ဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဒေါက်တာ အောင်သူ၊ သမ္မတရုံး ဒုဝန်ကြီး ဦးမင်းသူ၊ ဗဟိုဘဏ် ဒုတိယ ဥက္ကဌများ ဖြစ်သည့် ဦးစိုးမင်းနှင့် ဦးဘိုဘိုငယ်နှင့် ပုဂ္ဂလိကဘဏ် ၂၂ ခုမှ တာဝန်ခံများ တက်ရောက်ကြသည်။
အစိုးရက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ဗဟိုဘဏ် ဒုတိယ ဥက္ကဌများနှင့် ဒါရိုက်တာ အဖွဲ့များကို ပြောင်းလဲခန့်အပ်ခဲ့ သေးသည်။
“ဗဟိုဘဏ်မှာ အသစ်ဝင်လာမယ့်သူတွေက အရေးကြီးတယ်။ ဒီလူတွေရဲ့ ဆောင်ရွက်ချက်တွေပေါ် မူတည်ပြီး အဲဒီနောက်ကို ဗဟို ဘဏ်ကြီးက လိုက်ပြောင်းမှာ။ ဗဟိုဘဏ်ကြီး ပြောင်းတဲ့နောက်ကို ဘဏ်တွေက လိုက်ပြောင်းရမှာ။ ဦးဆောင်မယ့်သူတွေကို ၂ လ၊ ၃ လ စောင့်ကြည့်ရမှာ။ ၆ လလောက်ကျတော့ ပြန်သုံးသပ်ပေါ့။ သူတို့ ဆောင်ရွက်ချက်တွေက ဘဏ်လောကကို တိုးတက်စေလားဆိုတာလေ”ဟု ဦးရဲမင်းဦးက ပြောသည်။