NLD အစိုးရအနေဖြင့် စီးပွားရေးတိုးတက်မှုကို ပထမဦးစားပေး ဆောင်ရွက်သင့်သည်ဟု ပြည်သူလူထုက ဆန္ဒရှိကြောင်း အမေရိကန်အခြေစိုက် International Republican Institute (IRI) ၏ ယနေ့ထုတ်ပြန်သော လူထုစစ်တမ်းအရ သိရသည်။
IRI က မြန်မာနိုင်ငံရှိ လူဦးရေ ၃၀၀၀ ကို အိမ်တိုင်ရာရောက် ကွင်းဆင်း အင်တာဗျုးမှုကို ၂၀၁၇ ခုနှစ်၊ မတ်လ ၉ ရက်မှ ဧပြီ ၁ ရကအထိ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်း (Survey of Burma/Myanmar Public Opinion) နှင့်ပတ်သက်သည့် သတင်း ထုတ်ပြန်ပွဲကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာရှိ IRI ရုံးခန်းတွင် ယနေ့မနက်က ပြုလုပ်ခဲ့သည်။
စစ်တမ်းကောက်ယူသည့် International Republican Institute (IRI) သည် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို ကာကွယ်မြှင့်တင်သည့် အမေရိကန် အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတခုဖြစ်ပြီး ကမ္ဘာတဝှမ်းတွင် နိုင်ငံရေးပါတီများကို စွမ်းရည်မြင့်သင်တန်းများ ပေး လျက်ရှိကြောင်း၊ လက်ရှိတွင် နိုင်ငံပေါင်း ၈၅ နိုင်ငံခန့်တွင် လုပ်ငန်းများ လည်ပတ်လျက်ရှိကြောင်း သိရသည်။
“အစိုးရသက်တမ်းကာလတခု ပြီးမြောက်တဲ့အခါမှာ ပြည်သူတွေရဲ့ အတွေးအမြင်တွေဘယ်လိုရှိနေသလဲ။ ဒီအတွေးအမြင် ပေါ် အခြေခံပြီးမှ အစိုးရ၊ နိုင်ငံရေးပါတီများ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ငန်းတွေ လုပ်ဆောင်သင့်သလဲ။ ဒါတွေကို မီးမောင်း ထိုးပြချင်လို့ပါ” ဟု စစ်တမ်းကောက်ယူခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ IRI မှ Senior Advisor, Asia ဖြစ်သည့် Johanna Kao က ရှင်းပြသည်။
အစိုးရတရပ်၏ အုပ်ချုပ်မှုကို တနှစ်တာခံစားပြီးသည့် လူထုအတွက် ယခုအချိန်ကာလသည် လူထု၏ အမြင်သဘောထား ကို ဆန်းစစ်ရန် ကောင်းမွန်သည့်အချိန်ကာလတခုဖြစ်ကြောင်း Global Strategic Partners (GSP) မှ Rob Varsalone က ပြောဆိုသည်။
IRI က ကောက်ယူခဲ့သည့် စစ်တမ်းတွင် ဦးစားပေးအကြောင်းအရာများဟူသည့် ခေါင်းစဉ်အောက်ရှိ လက်ရှိအစိုးရအနေဖြင့် မည်သည့်ကိစ္စကို ပထမဦး စားပေးအနေဖြင့် ဆောင်ရွက်သင့်ပါသလဲဟူသော မေးခွန်းကို ဖြေဆိုသူ၏ ၃၁ ရာခိုင်နှုန်းက စီးပွားရေးဟုဖြေဆိုခဲ့ပြီး ၂၅ ရာခိုင်နှုန်းက တိုင်းရင်းသား/မတူသောအုပ်စုများအကြားပဋိပက္ခ၊ ၁၁ ရာခိုင်နှုန်းက ဖွံ့ဖြိုးရေး/အဆောက်အဦ၊ ၆ ရာခိုင်နှုန်း က လူမှုဝန်ဆောင်မှုဟု ဖြေဆိုထားကြောင်း ဖော်ပြထားသည်။
“မြန်မာတနိုင်ငံလုံးအနေဖြင့် ရင်ဆိုင်နေရသည့် အကြီးမားဆုံးပြဿနာ ၃ ခုသည် ဘာတွေလဲ” ဟူသော မေးခွန်းအောက်တွင်လည်း စီးပွားရေးကိုထိပ်ဆုံးဖြေဆိုသူ များသည်ကိုတွေ့ရပြီး ဒီမိုကရေစီစနစ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှစ်ခုထဲက တခု တည်းကိုရွေးရမည်ဆိုပါက ဘယ်ဟာကို ရွေးမည်လဲဆိုသည့် မေးခွန်းတွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုံးဝပိုအရေးကြီးက ၄၀ ရာခိုင်နှုန်း၊ ဒီမိုကရေစီစနစ် လုံးဝပိုအရေးကြီးက ၂၄ ရာခိုင်နှုန်းဖြေဆိုထားသည်ကို တွေ့ရသည်။
“မဲဆန္ဒရှင်တော်တော်များများက သူတို့ဘဝအတွက်ပဲ အာရုံစိုက်မှာပဲ။ သူတို့ဘဝတွေရဲ့အခြေအနေ အဆင်ပြေမှသာလျှင် သူတို့အနေနဲ့ တခြားကိစ္စကို စဉ်းစားမှာပေါ့နော်။ ဒီတော့ လူတော်တော်များများရဲ့ ဆုံးဖြတ်ချက်က သူတို့စီးပွားရေးအခြေ အနေကောင်းမှ အရာအားလုံးအဆင်ပြေတယ်လို့ သုံးသပ်မှာဖြစ်တယ်။ အစိုးရတရပ်က သူတို့အတွက် အထူးသဖြင့် စား ဝတ်နေရေးအခြေအနေတွေကို ဖြေရှင်းပေးမှသာလျှင် ဒီအစိုးရကို လက်ခံမယ်။ ကြိုက်မယ်ဆိုတဲ့သဘောမျိုးလည်း အများ ကြီးရှိပါတယ်” ဟု Rob Varsalone ပြောသည်။
စစ်တမ်းဖြေဆိုသူများ၏ လက်ရှိ စီးပွားရေးအခြေအနေသည် ယခင်အခြေအနှင့် သိပ်မကွာသော်လည်း လာမည့်နှစ်တွင် စီးပွားရေးအခြေအနေ ပိုကောင်းလာမည်ဟုထင်ကြောင်း၊ လက်ရှိအိမ်ထောင်စုစီးပွားရေးအခြေအနေသည် ကောင်းသည့် အဆင့်လောက်သာရှိကြောင်း၊ အိမ်ထောင်စုများ၏ လက်ရှိဝင်ငွေသည် စားနိုင်၊ နေနိုင်သည့်အဆင့်သာရှိကြောင်း ဖြေဆို ထားကြသည်။
အဆိုပါလူထုစစ်တမ်းတွင် လူမှုစီးပွားညွှန်းကိန်းများ၊ ဦးစားပေးအကြောင်းအရာများ၊ ဒီမိုကရေစီနှင့် အခွင့်အရေးများ၊ အဖွဲ့ အစည်းများအပေါ် ဆန်းစစ်ချက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ နိုုင်ငံရေးပါတီများ၊ မီဒီယာဟူ သည့် အခန်းကဏ္ဍများပါဝင်ပြီး ယင်းစစ်တမ်းကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးထံပေးပို့ကာ ရှင်းလင်းတင်ပြသွားရန် စီစဉ်ထားကြောင်း သိရသည်။
“ဒီစစ်တမ်းကနေ ထုတ်ယူနိုင်ရင် အကျိုးရှိပြီး လုပ်သင့်တဲ့အချက်တွေ ရနိုင်ပါတယ်။ ပြဿနာတချို့ရှိပေမယ့် တချို့အချက် တွေကို ကိုးကားလို့ရနိုင်ပါတယ်။ စစ်တမ်းကိုချည်းမကြည့်ဘဲ စာမျက်နှာ ၅၈ Demo graphs အချက်တွေနဲ့ပါ ချိန်းထိုးသုံး သပ်မှသာ ဘယ်အချက်တွေက နီးစပ်ပြီး ဘယ်အချက်တွေက ပြဿနာရှိတယ်လို့ မှန်မှန်ကန်ကန် သုံးသပ်နိုင်မယ်လို့ မြင် ပါတယ်” ဟု ဦးတင်မောင်ဦး (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့) က ပြောသည်။
ဆက်လက်၍ ၎င်းက IRI ၏ ၂၀၁၇ စစ်တမ်းသည် ၂၀၁၄ စစ်တမ်းထက်စာလျှင် ပြဿနာနည်းပြီး ဝေဖန်ခံရမှုနည်းမည့် စစ်တမ်းတရပ်ဖြစ်သော်လည်း မေးခွန်းများကို Level အားလုံး နားလည်ဖြေဆိုနိုင်သည့်အဆင့်မရှိခြင်းကမူ ၂၀၁၄ စစ်တမ်း နှင့် သိပ်မကွာကြောင်း၊ တပ်မတော်နှင့်ပတ်သက်၍ ထည့်မေးထားခြင်းမရှိဘဲ လက်ရှောင်ထားသည်ကိုလည်း သတိထားမိ ကြောင်း ရှင်းပြသည်။