စီးပွားရေး

ခြစားနေသော အစိုးရယန္တရားကို ရင်ဆိုင်ခြင်း

Want create site? Find Free WordPress Themes and plugins.

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် သာမန်ပြည်သူများ အတွက်သာ မက မှန်ကန်သော နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် အတွက်ပါ အဂတိလိုက်စားမှု ပပျောက်ရေးကို အလေးပေး လုပ်ဆောင်နေသည်။ ၂၀၁၆ ခုနှစ်တွင် အာဏာရပြီးနောက် ရက်ပိုင်းအတွင်းမှာပင် အစိုးရ အရာရှိများ တန်ဖိုးကြီးမားသော လက်ဆောင်မယူရန် ညွှန်ကြားချက်များကို ထုတ်ပြန်သည်။

ထိုနောက်တွင် အစိုးရသည် စွမ်းဆောင်ရည် ပိုမိုမြင့်မားရေး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည်။ သို့သော် တိုးတက်မှုမှာ နှေးကွေးနေဆဲ ဖြစ်ပြီး မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစိုးရ မဟုတ်သော အဖွဲ့အစည်း ဖြစ်သည့် Transparency International (TI) က ၂၀၁၇ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သည့် စစ်တမ်းတွင် ဖော်ပြထားသည်။

ထိုစစ်တမ်းအတွက် တနိုင်ငံလုံးကို ကိုယ်စားပြုနိုင်ရန် ရွေးချယ်ထားသော မိသားစု ၁၂၂၄ စုနှင့် တိုက်ရိုက် တွေ့ဆုံမေးမြန်မှုများ ပြုလုပ်ခဲ့သည်။ ထိုတွေ့ရှိချက် များကို TI အဖွဲ့၏ ကမ္ဘာ့အဂတိ လိုက်စားမှု၏ တစိတ်တပိုင်း ဖြစ်သော “လူနှင့် အဂတိလိုက်စားမှု – အာရှပစိဖိတ်” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထိုစစ်တမ်းသည် စီးပွားရေး လုပ်ငန်းရှင်များ၏ အမြင်ကို ကိုယ်စားမပြုဘဲ သာမန်ပြည်သူများ၏ အမြင်ကိုသာ ကိုယ်စားပြု သော်လည်း သာမန်ပြည်သူများ၏ အတွေ့အကြုံများသည် ကုမ္ပဏီများ အနေဖြင့် အစိုးရ ဌာနဆိုင်ရာ အရာရှိများနှင့် ဆက်ဆံရာတွင် ကြုံတွေ့ရမည့် အခက်အခဲများ၏ အတွင်းသရုပ်ကို ဖော်ပြနေသည်။

အဓိက လာဘ်စားသူများ

ရဲတပ်ဖွဲ့၊ မှတ်ပုံတင် စာရွက်စာတမ်း ဆိုင်ရာ အရာရှိများ၊ တရားရုံးများ၊ ဆေးရုံများ၊ လူနေမှုစနစ်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အစိုးရကျောင်းများ စသည့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု ၆ ခု အနက် တခုခုနှင့် လွန်ခဲ့သော နှစ်အတွင်း ထိတွေ့ ဆက်ဆံရခြင်း ရှိ-မရှိ စစ်တမ်းတွင် ပါဝင်သူများကို မေးသည်။ ထိုနောက် ထိတွေ့ဆက်ဆံခဲ့ဖူးလျှင် လာဘ်ပေးရခြင်း ရှိ-မရှိ မေးသည်။

ရဲတပ်ဖွဲ့နှင့် ထိတွေ့ဆက်ဆံခဲ့သူများ၏ ၄၉ ရာခိုင်နှုန်း နီးပါးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဌာနဆိုင်ရာ အရာရှိများနှင့် ဆက်ဆံရသူ ၄၀ ရာခိုင်နှုန်းတို့က လာဘ်ပေးရသည်ဟု စစ်တမ်းက ဆိုသည်။ တရားရုံးများနှင့် ဆက်ဆံရသူ ၃၉ ရာခိုင်နှုန်းသည်လည်း လာဘ်ပေးရသည်။ ၎င်းတို့၏ နောက်တွင် ဆေးရုံနှင့် ဆက်ဆံရသူများ၏ ၂၁ ရာခိုင်နှုန်း၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဆက်ဆံရသူများ၏ ၂၀ ရာခိုင်နှုန်းနှင့် အစိုးရ ကျောင်းများနှင့် ဆက်ဆံရသူ၏ ၁၆ ရာခိုင်နှုန်းတို့သည်လည်း လာဘ် ပေးခဲ့ကြရသည်။

ထိုလုပ်ငန်းများသည် မရှိမဖြစ်သော အများပြည်သူဆိုင်ရာ ဝန်ဆောင်ပေးသည့် အဖွဲ့အစည်းများ ဖြစ်သောကြောင့် ထိုကိန်းဂဏန်းများသည် အရေးကြီးသည် ဟု ဆိုရမည် ဖြစ်သည်။

ခြုံ၍ဆိုရပါက စစ်တမ်းတွင် ပါဝင်သူ အားလုံး၏ သုံးပုံတပုံ ( ၃၂ ရာခိုင်နှုန်း) သည် လွန်ခဲ့သောနှစ်က လာဘ်ပေးခဲ့ရသည်။ ထိုပြဿနာကို ဒေသတခုလုံး အနေဖြင့် ကြည့်လျှင် မြန်မာနိုင်ငံသည် စစ်တမ်းတွင် ပါဝင်သည့် အရှေ့တောင်အာရှ ၆ နိုင်ငံတွင် အဆိုးဆုံး မဟုတ်သေးပေ။ ဗီယက်နမ်နိုင်ငံတွင် မြန်မာနိုင်ငံ၏ နှစ်ဆနီးပါး များပြားသည့် ပြည်သူ (၆၁ ရာခိုင်နှုန်း) သည် လာဘ်ပေးကြရသည် ဟု ဆိုသည်။

သာမန်ပြည်သူများ လုပ်ဆောင်နိုင်သောအရာ

အဂတိလိုက်စားမှု တိုက်ဖျက်ရန် သာမန်ပြည်သူများ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို မေးသောအခါတွင် လည်း ၆၂ ရာခိုင်နှုန်းက သာမန်ပြည်သူများ အနေဖြင့် လုပ်ဆောင်နိုင်သော နည်းလမ်း မရှိကြောင်း ဖြေကြားခဲ့ကြသည်။ လာဘ်ထိုးရန် ငြင်းပယ်ခြင်း၊ ဒုတိလူကြိုက် အများဆုံးနည်းလမ်း ဖြစ်ပြီး ထိုနည်းလမ်းကို မြန်မာနိုင်ငံတွင် ၁၀ ရာခိုင်နှုန်းကသာ ရွေးချယ်ခဲ့ပြီး အင်ဒိုနီးရှားတွင် ၃၃ ရာခိုင်နှုန်း၊ ဗီယက်နမ်တွင် ၃၇ ရာခိုင်နှုန်းတို့ စသည်ဖြင့် ထိုနည်းလမ်းကို ရွေးချယ်ခဲ့သည်။ သာမန်ပြည်သူများ အနေဖြင့် ရွေးချယ်စရာ မရှိ ဖြစ်နေသည် ဟု ၎င်းတို့ ယူဆနေကြ သည်။

အလားတူစွာပင် အဂတိုက်လိုက်စားမှုကို တိုင်ကြားရာတွင် ထိရောက်မှုရှိမည် ဟု ထင်သူ ၉ ရာခိုင်နှုန်းသာ ရှိသည်။ မတိုင်ကြားရခြင်း အကြောင်းရင်းကို မေးသောအခါ ၂၉ ရာခိုင်နှုန်းက အရေးယူခြင်း မရှိသောကြောင့် ဖြစ်သည် ဟု ဖြေသည်။ ရဲတပ်ဖွဲ့နှင့် တရားရုံးများတွင် အဂတိလိုက်စားမှု မြင့်မားခြင်းကြောင့် ထိုအကြောင်းပြချက်ကို လက်ခံနိုင်ဖွယ် ရှိနေသည်။

အခြားသော ၂၄ ရာခိုင်နှုန်းကမူ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကြောက်ရွံ့သောကြောင့် ဖြစ်သည် ဟု ဖြေသည်။ စစ်တမ်းတွင် ထိုအကျိုးဆက် များကို အသေးစိတ် မဖော်ပြထားသော်လည်း သြဇာကြီးမားသော အရာရှိကြီးများနှင့် လာဘ်ပေးရာတွင် ပါဝင်သော အကျိုးအမြတ်ရ အုပ်စုများ၏ လက်စားချေခြင်း ဖြစ်ကြောင်း အလွယ်တကူ သိနိုင်သည်။

စီးပွားရေး လုပ်ငန်းဆိုင်ရာ အမြင်များ

အရာရှိများနှင့် ဆက်ဆံရသော သာမန်ပြည်သူများ၏ အခက်အခဲများသည် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ ဒေသတွင် လုပ်ကိုင်ကြမည့် နိုင်ငံတကာ ကုမ္ပဏီများ၏ အတွေ့အကြုံကို ထင်ဟပ်နေသည်။ အမေရိကန် ကုန်သည်ကြီးများအသင်းနှင့် စင်ကာပူ အခြေစိုက် အမေရိကန်ကုန်သည်ကြီးများအသင်းတို့ ကောက်ယူခဲ့သော အာစီယံစီးပွားရေးအမြင် စစ်တမ်း (ASEAN Business Outlook Survey 2016-2017) တွင် ဖြေကြားသူများ၏ ထက်ဝက်ကျော် (၅၀ ဒသမ ၃ ရာခိုင်နှုန်း) တို့က ပုံမှန်အစိုးရ ဝန်ဆောင်မှုများ အတွက် အရာရှိများကို လာဘ်ထိုးရန် ဖိအားသည် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ အတွက် အခက်အခဲအချို့ သို့မဟုတ် ပြင်းထန်သော အခက်အခဲကို ဖြစ်စေသည် ဟု ဖြေကြားခဲ့ကြသည်။ ထိုကဲ့သို့သော အန္တရာယ်များသည် ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှု တုံ့ဆိုင်းစေသော အကြောင်းရင်း မဟုတ်သော်လည်း နေ့စဉ် လုပ်ငန်းဆောင်တာများ အတွက် အမြဲတစေ အတားအဆီး ဖြစ်စေသည်။

ကမ္ဘာ့ဘဏ်၏ ၂၀၁၄ ခုနှစ် စီးပွားရေး လုပ်ငန်းစစ်တမ်း (World Bank’s 2014 Enterprise Survey) အရလည်း မြန်မာ ကုမ္ပဏီ ၃၇ ရာခိုင်နှုန်းတို့သည် အကောက်ခွန် အရာရှိများကို လာဘ်ပေးရလိမ့်မည် ဟု သုံးသပ်ရကြောင်း ဖြေကြားပြီး ၃၈ ဒသမ ၉ ရာခိုင်နှုန်းက လုပ်ငန်းလိုင်စင် လျှောက်ထားလျှင် လာဘ်ပေးရလိမ့်မည်ဟု ယူဆကြောင်း ပြောကြသည်။

ထို စစ်တမ်းကို လက်ရှိအစိုးရ အာဏာမရမီက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တရားဝင် လုပ်ထုံးလုပ်နည်းများကို အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင်သော ပြုပြင် ပြောင်းလဲရေးများသည် ရေရှည်တွင် အဂတိလိုက်စားရန် အခွင့်အလမ်း နည်းသွားစေမည် ဖြစ်သည်။ သို့သော် ထိုသို့အလျှင်အမြန် ဖြစ်လာမည် ဟု မည်သူမျှမျှော်လင့်ခြင်း မရှိပေ။

တချိန်တည်းတွင်ပင် အရာရှိများ လာဘ်တောင်းခံခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည် ဟု အထူးသဖြင့် ပြည်တွင်း ဝန်ထမ်းများ ယူဆရန် စေ့ဆော်မှုလည်း ရှိနေနိုင်သည်။ မည်သို့ဆိုစေ ထိုအမြင်မှာ မြန်မာအစိုးရ၏( အနည်းဆုံး အစိုးရထိပ်တန်းပိုင်း၏) အမြင် မဟုတ်တော့သလို ထိုအမြင်သည် နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် လည်း လိုက်လျှောညီထွေ မရှိပေ။ လာဘ်တောင်းခြင်းကို ခုခံခြင်းကြောင့် လုပ်ငန်းများ နှောင့်နှေးစေမည်မှာ သေချာစေကာမူ လာဘ်တောင်းခြင်းကို ခုခံရန် ဗျူဟာများကို ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ ဝန်ထမ်းများကို လေ့ကျင့်ပေးရန် လိုအပ်သည်။

စောင့်ကြည့်ရမည့် အချက်များ

အခြား အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာများ ကဲ့သို့ပင် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် မြန်မာနိုင်ငံသည် ဖင့်နွှဲ ရပ်တန့် နေ၍ မဖြစ်နိုင်ပေ။ အဓိက မေးခွန်းမှာ မြန်မာနိုင်ငံသည် ရှေ့သို့ ဆက်လက်ချီတက်နေမည်လား သို့မဟုတ် အစိုးရ၏ ထိရောက်သော အစီအစဉ်ကင်းမဲ့ခြင်းကြောင့် အခြေအနေကောင်းများ ဆုံးရှုံးသွားမည်လား ဟူသော မေးခွန်းပင် ဖြစ်သည်။ အချို့သော အဓိက အညွှန်းကိန်းများကို အောက်တွင် ဖော်ပြထားသည်။

ပထမဆုံးအချက်မှာ လက်တွေ့အကျဆုံး ဖြစ်သည်။ နှေးကွေးရှုပ်ထွေးသော ဗျူရိုကရေစီ အဆင့်ဆင့်သည် အရာရှိများထံမှ ဦးစားပေး အရေးယူ ဆောင်ရွက်ပေးရန်နှင့် ဝန်ဆောင်မှု မြန်မြန် ရရှိရေး အတွက် လာဘ်ငွေပေးပြီး ရယူရန် အခြေအနေ များကို ဖန်တီးပေးသည်။ ထို့ကြောင့် စွမ်းရည်နှင့် နည်းပညာပိုင်း တိုးတက်ရန် မျှော်လင့်ခြင်းသည် မည်မျှ လက်တွေ့ကျ ပါသနည်း။

လတ်တလော တွေ့မြင်နေရသည့် အချက်များမှာ အားရဖွယ်သိပ် မရှိလှပေ။ ၂၀၁၇ ခုနှစ်ထုတ် ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ငန်းလုပ်ဆောင်ရန် လွယ်ကူမှု သုံးသပ်ချက် အစီရင်ခံစာ (Doing Business report) အရ မြန်မာနိုင်ငံ၏ အခြေအနေ သည် အနည်းငယ်မျှသာ တိုးတက်သည်။ ထိုအစီရင်ခံစာသည် ဆောက်လုပ်ရေး လိုင်စင်လျှောက်ထားခြင်း ကဲ့သို့သော စီးပွားရေး လုပ်ငန်းစံနှုန်းများ လွယ်ကူမှုကို တိုင်းတာသည်။

ထိုအစီရင်ခံစာတွင် ပါသော စီးပွားရေး ၁၉၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၀ တွင် ရှိပြီး လွန်ခဲ့သော နှစ်က ၁၇၁ တွင် ရှိခဲ့သည်။ ဒုတိယ အညွှန်းကိန်းမှာ အရေးယူဆောင်ရွက်မှု ဖြစ်သည်။ မြန်မာအစိုးရက အကျင့်ပျက် အရာရှိများကို ဖော်ထုတ် အရေးယူမည့် ရည်ရွယ်ချက်ကို ထုတ်ဖော် ကြေညာထား သော်လည်း မည်သည့် အတိုင်းအတာ အထိ လက်တွေ့ လုပ်နေသည်ကို မတွေ့ရသေးပေ။ ထိုနေရာတွင်လည်း တိုးတက်သည့် အထောက်အထား အနည်းငယ်သာ ရှိသည်။

တတိယ အညွှန်းကိန်းမှာ မြန်မာကုမ္ပဏီများနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စံနှုန်းများကို မည်သည့် အတိုင်းအတာအထိ လက်ခံကျင့်သုံးမည်ကိ ုမေးရမည် ဖြစ်သည်။ မြန်မာ တာဝန်သိသော စီးပွားရေး လုပ်ငန်းဌာန (Myanmar Center for Responsible Business – MCRB) က ၂၀၁၆ ခုနှစ် စက်တင်ဘာက ပြုစုခဲ့သည့် တတိယအကြိမ် မြန်မာ့စီးပွားရေး ပွင့်လင်းမြင်သာမှုအစီရင်ခံစာ (Transparency in Myanmar Enterprises – TiME) အရ ထိပ်တန်း မြန်မာကုမ္ပဏီ ၁၀ ခုမှ ၁၅ ခုတို့သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကျင့်ဝတ်ကဲ့သို့သော အကောင်းဆုံး နိုင်ငံတကာစီးပွားရေး လုပ်ငန်း အလေ့အထများကို ကျင့်သုံးနေသည် ဟု သိရသည်။

ထိုလုပ်ငန်းများကို အဓိက စေ့ဆော်ပေးသော အချက်မှာ စံနှုန်းမြင့်မားမှုကို လိုလားသော နိုင်ငံတကာလုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် မျှော်လင့်ချက်ဖြစ်သည်။ သို့သော် မြန်မာလုပ်ငန်းအများအပြားတို့သည် ထိုနမူနာကို လိုက်ပါ လုပ်ဆောင်ခြင်း မရှိကြသေးပေ။

နိုင်ငံတကာလုပ်ငန်းများ အတွက် စတုတ္ထမြောက်အညွှန်းကိန်းတခုလည်း ရှိသေးသည်။ ထိုအချက်မှာ မြန်မာနိုင်ငံတွင် လုပ်ကိုင်သော ပြည်ပ ကုမ္ပဏီများသည် နိုင်ငံနယ်နမိတ် ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စည်းမျဉ်းများ လိုက်နာမှု၏ ပစ်မှတ်ဖြစ်လာမည်လား ဟူသော အချက်ဖြစ်သည်။

လက်ရှိအချိန်တွင် ဥပမာ ပြစရာ အသေးအဖွဲ တခုသာ ရှိသေးသည်။ စနစ်တကျ ထိန်းချုပ်မှုမရှိဘဲ ကြားလူကို အသုံးပြုသော အာမခံ ကိုယ်စားလှယ် လုပ်ငန်းအပေါ် အမေရိကန် ပြည်ထောင်စုက အရေးယူခဲ့သည့် ၂၀၁၁ ခုနှစ်က အမှုတခုတွင် ဖော်ပြခံရသော နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေသည်။ မြန်မာနိုင်ငံ အတွက်ရည်ရွယ်သော ပထမဆုံး အဓိက အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းစနစ်များ အကောင်အထည် ဖော်ရန် အချိန်ယူရမည်ဖြစ်သည်။

(www.forbes.com တွင်ဖော်ပြထားသည့် John Bray ၏ Myanmar: Facing Up To Bureaucratic Bribery ကို ဘာသာပြန်သည်။ ၎င်းသည် နိုင်ငံတကာ စီးပွားရေး လုပ်ငန်း စွန့်စားလုပ်ဆောင်မှု ဆိုင်ရာ အတိုင်ပင်ခံ လုပ်ငန်းဖြစ်သော (international business risk consultancy) ၏ စင်ကာပူရုံး ဒါရိုက်တာဖြစ်သည်။ သူ၏ အဓိက အထူးပြု နယ်ပယ်များ တွင် ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗျူဟာများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ ပဋိပက္ခ ဒေသများတွင် ပုဂ္ဂလိကကဏ္ဍ မူဝါဒပြဿနာများ တို့ပါဝင်သည်။ သူသည် မြန်မာ့ရေးရာများကို လေ့လာနေသည် မှာ နှစ်ပေါင်း ၃၀ ကြာပြီဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading