စီးပွားရေး

Ferrari ကား ကုမ္ပဏီရဲ့မော်ဒယ်သစ် Portofino

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ အီတလီ အခြေစိုက် နာမည်ကျော် ပြိုင်ကား ကုမ္ပဏီ Ferrariက သူ့ရဲ့အသစ် ထုတ်လုပ်ရောင်းချလာ မယ့် မော်ဒယ်သစ် Portofinoကို ပွဲထုတ် မိတ်ဆက်လာတာ တွေ့ရပါတယ်။

မော်ဒယ်သစ်က အမိုးဖွင့် မော်ဒယ် ဖြစ်ပြီး GTတန်းဝင် ပုံစံနဲ့ ထုတ်လုပ်လာမှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ Ferrariရဲ့ ဈေးကွက်အတွင်း စွမ်းဆောင်ရည်ရော အရည်အသွေးပါ အကောင်းဆုံးကားလို့ ဆိုနိုင်တဲ့ California Tမော်ဒယ်ကို ထုတ်လုပ်ရောင်းချမှု ရပ်နားပြီး အခု မော်ဒယ်သစ် Portofinoကို အစားထိုး ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေ တာလည်း ဖြစ်ပါတယ်။

မော်ဒယ်မှာ အင်ဂျင်စနစ်က Ferrariရဲ့ အကောင်းဆုံး အင်ဂျင်ဖန်တီးမှု ဆုရရှိထားတဲ့ ၃.၉လီတာသုံး Twin Turbocharged စနစ် ပါရှိတဲ့ V8အင်ဂျင်ကို တပ်ဆင်ထားမှာ ဖြစ်ပြီး အဆိုပါ အင်ဂျင်စနစ်က Ferrariရဲ့ နာမည်ကျော် 458နဲ့ လက်ရှိဈေး ကွက်ထဲက California Tမော်ဒယ်တွေမှာ တွေ့ရတဲ့ အင်ဂျင်စနစ်ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။

အဆင့်မြှင့်ထားမှုအပိုင်းမှာတော့ အင်ဂျင်အတွင်းခန်း ထိုးပြွန် Pistonကို ပိုမိုကြီးမားအောင် ထည့်ထားတယ်၊ အင်ဂျင် အ တွင်း ဆီနဲ့ လေဝင်ရောက်စနစ်အပါအဝင် ဓာတ်ငွေ့စွန့်ထုတ်မှုစနစ်ကိုပါ နည်းနည်း ပြင်ဆင်ထားတာ တွေ့ရပါတယ်။

ပြီးတော့ Softwareနဲ့ ထိန်းချုပ်လာတဲ့ အင်ဂျင်စနစ်မှာ စွမ်းအင်ထုတ်လုပ်မှု အားကောင်းဖို့ရော ဆီစားနှုန်း ချိုသာဖို့ပါ Softwareပိုင်း အားထည့်ဖန်တီးမှု တွေ့လာရပါတယ်။

ဒါကြောင့်လည်း အခု မော်ဒယ်က အင်ဂျင်ကနေ စွမ်းအင် မြင်းကောင်ရေ ၅၉၂ ကောင်အားထိအောင် ထုတ်လုပ်ပေးနိုင်တာ တွေ့ရပြီး ဒီနှုန်းက လက်ရှိ မော်ဒယ်သစ်ကို အစားထိုး ထုတ်လုပ်မယ့် ဈေးကွက်ထဲက California Tမော်ဒယ်ထွက် မြင်း ကောင်ရေ ၄၀အား ပိုမို ကောင်းမွန် ထွက်ရှိလာတာလည်း ဖြစ်ပါတယ်။

စွမ်းအင် ထွက်ရှိမှု ပိုကောင်းလာခြင်းနဲ့ အတူ စွမ်းဆောင်ရည်လည်း တက်လာပြီး တနာရီ ကီလိုမီတာ ၁၀၀နှုန်းကို အချိန် ၃.၅စက္ကန့်တည်းနဲ့ ရောက်အောင် မောင်းနှင်နိုင်လာသလို အမြန်ဆုံးနှုန်းအနေနဲ့ တနာရီ ၁၉၉ မိုင်ထိအောင် ရောက်မှာလည်း ဖြစ်ပါတယ်။

မော်ဒယ်က နှစ်ယောက်စီး ပုံစံ ဖြစ်ပေမယ့် ထိုင်ခုံပိုင်းမှာတော့ ခရီးသည် ၄ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်မှာပါ။

အရင် မော်ဒယ်တွေရဲ့ထောင့်ချိုးပုံစံ အဝိုက်တွေကို အခု ပြေပြစ်တဲ့ ကွေ့ချိုး(အဝန်း)ပုံစံနဲ့ ချိုးဆစ်ထားလို့ လေခွင်းနိုင်မှု ပို ကောင်းလာပြီး ရုပ်ထွက် ပိုမို ပြေပြစ်လာပါတယ်။

အတွင်းခန်းမှာ Ferrari ထုတ် ၁၀.၂လက်မ အရွယ်ရှိ မျက်နှာပြင်စနစ်ကို သတင်းအချက်အလက်ပြစနစ်နဲ့ ချိတ်ဆက် ဖန်တီး ထားတာ တွေ့ရပြီး ထိန်းချုပ်ခလုတ်တွေကို အရေအတွက် လျှော့ချပြီး ခလုတ်တခုတည်းမှာ အထိ၊ အနှိပ် ပုံစံမျိုး ၂ မျိုး သုံး နိုင်အောင် ချုံ့ပြီး ဖန်တီးလာပါတယ်။

လက်ကိုင်ဘီးဒီဇိုင်းကတော့ အသစ် ဖြစ်ပါတယ်။ ရှေ့ဘက်ထိုင်ခုံက ပုံစံ ၁၈မျိုးထိအောင် စိတ်ကြိုက် ပြောင်းလဲအသုံးပြု စီးနင်းလို့ ရလာပါတယ်။

ပြတင်းမှန်တွေမှာ လေကာစနစ်သစ် ထည့်ထားပြီး သူက ကားမောင်းနှင်စဉ် လေနဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်တဲ့ ဆူညံသံကို လျှော့ချနိုင်မှု ပိုကောင်းလာပါတယ်။

ကားအတွင်းအပြင် လေ ဝင်ရောက်မှုကို ရာခိုင်နှုန်း ၃၀လောက်ထိအောင် လျှော့ချပေးနိုင်ပြီး ဆူညံသံပါ လျော့နည်းစေတာ ဖြစ်ပါတယ်။

မော်ဒယ်ရဲ့ရှေ့ထွက်တွေဖြစ်တဲ့ Californiaကို ၂၀၀၈ခုနှစ် ပဲရစ်ကားပြပွဲမှာ Ferrariက ထည့်သွင်း မိတ်ဆက်ခဲ့တယ်။

၆ နှစ်အကြာ ၂၀၁၄မှာတော့ နောက်ဆက်တွဲ ဒုတိယမျိုးဆက် California Tကို ဂျနီဗာ ကားပြပွဲမှာ ထည့်သွင်းပြသပြီး ဈေးကွက် တင်လာပါတယ်။

အခု မော်ဒယ်ကိုလည်း လာမယ့်လအတွင်းမှာ ကျင်းပမယ့် ဖရန့်ဖတ်ကားပြပွဲမှာ ထည့်သွင်းပြသ မိတ်ဆက်ဖို့ ရှိပြီး အခု နှစ်ကုန်ပိုင်း ဒါမှမဟုတ် နောက်နှစ်ဆန်းပိုင်းမှာ ဈေးကွက်ထဲ ရောက်လာပါလိမ့်မယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading