စီးပွားရေး

ရန်ကုန်တိုင်းရှိ လယ်ယာမြေများ ဈေးကစားခွင့် မပြု

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ဒေသကြီးရှိ လယ်ယာမြေများအား လုပ်ကွက်တခုအဖြစ် ဈေးကစားနေခြင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုမည် မဟုတ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက UMFCCI တွင် ပြုလုပ်သည့် ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ နဝမအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

တိုင်းဝန်ကြီးချုပ်က “ရန်ကုန်မှာ လယ်မြေက အလွန်ဈေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် လယ်မလုပ်ဘဲနဲ့ လယ်တွေကို ဝယ်ယူထားတယ်။ ပြီးရင် အဲဒီလယ်တွေကို အခြား နည်းလမ်း သုံးစွဲခွင့် ရယူဖို့ ကြိုးစားတယ်။ အဲဒီအတွက် မလိုလား အပ်ဘဲနဲ့ မြို့မြေဈေး ဖြစ်လာရပါတယ်။ လယ်သမားဆီက ကျပ်သိန်း ၅၀၀ လောက်နဲ့ ဝယ်မယ်။ ပြီးရင် ကျပ်သိန်း ၅၀၀၀ လောက် ဖြစ်မယ်ဆိုတဲ့ အခြားနည်းလမ်း ကျင့်သုံးမှုမျိုးကတော့ ဒီအစိုးရ သက်တမ်းမှာ မဖြစ်နိုင်ပါဘူး။ ဥပမာ သန်လျင်မှာ စက်မှု၊ လက်မှုနဲ့ မွေးမြူရေးလုပ်ငန်းတွေ လုပ်ချင်တယ်ဆိုရင် တည်ဆောက်ပေးပါမယ်” ဟု ပြောသည်။

အဆိုပါ တည်ဆောက်မှုများအတွက် ရသင့်ရထိုက်သော ဝင်ငွေခွန်ရရှိမည့်အပြင် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှု လုပ် ငန်းများနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ပေးနိုင်မည် ဖြစ်ကြောင်း၊ လယ်ယာမြေများကို အခြား နည်း လမ်း သုံးစွဲခွင့်ပေးရန် အစီအစဉ်များ ရှိသော်လည်း လူပုဂ္ဂိုလ် တဦးချင်းစီကိုသာ ပေးမည်ဆိုလျှင် လယ်သမားက အခြား နည်းလမ်းသုံးစွဲခွင့် မရရှိဘဲ သူဌေးများကသာ သုံးစွဲခွင့် ရရှိနေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လယ်ယာမြေများ ဈေးကြီးမြင့်လာခြင်းသည် နိုင်ငံတော်အတွက် လိုအပ်သော လမ်းများ ဖောက်လုပ်ခြင်း၊ စီမံကိန်းများ တည်ဆောက်ခြင်း စသည်တို့ ဆောင်ရွက်ရာ၌ လယ်ယာမြေများကို သိမ်းဆည်း၍ ပြန်လည် ပေးလျော်ရသော အခြေ အနေ တွင် ဈေးနူန်းများမှာ လယ်မြေဈေး မဟုတ်ဘဲ ပြင်ပပေါက်ဈေးရမှသာ ဆိုသည့် တောင်းဆိုမှုများ ဖြစ်လာ၍ အခက်အခဲများ ဖြစ်လာကြောင်း တိုင်းအစိုးရမှ သိရသည်။

သို့ဖြစ်၍ လုပ်ငန်းများကို အမှန်တကယ် လုပ်ကိုင်ရန် လိုအပ်ပြီး လုပ်ကိုင်သင့်သည့် လုပ်ငန်းများအတွက်လည်း တိုင်း အစိုးရက လယ်ယာမြေများအား အခြားနည်းလမ်း သုံးစွဲခွင့်ကို ငွေကုန်ကျမှုမရှိဘဲ ထုတ်ပေးရန် အဆင်သင့် ရှိကြောင်း သိရသည်။

လုပ်ငန်းရှင်များအနေဖြင့် စက်မှုလုပ်ငန်းများ လုပ်ကိုင်လိုလျှင် လုပ်ကွက်များ ဖန်တီးပေးမည် ဖြစ်သော်လည်း ထိုလုပ်ကွက် မြေများကို အခြားနည်းလမ်း ကျင့်သုံးပြီး အကွက်ရိုက် ရောင်းခြင်း၊ တဦးတည်း စက်မှုဇုန်ထောင်ပြီး ရောင်းစားခြင်းတို့ ခွင့် မပြုကြောင်း သိရသည်။

လယ်ယာမြေ ဥပဒေအရ လယ်မြေများကို လယ်လုပ်လျှင် လယ်ခွန်ပေးဆောင်ရမည် ဖြစ်ပြီး သုံးနှစ်ဆက်တိုက် အခွန် မဆောင်လျှင် အစိုးရက သိမ်းယူရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ယင်းတို့ကို စနစ်တကျ ကိုင်တွယ်ရန် ညံ့ဖျင်းလာ သောကြောင့် တိိုင်းပြည်အတွက် နစ်နာနေကြောင်း ဥပဒေပညာရှင် ဦးတင်သန်းဦးက သုံးသပ် ပြောဆိိုသည်။

‘‘အခုလို စီးပွားရေး အခွင့်အလမ်းတွေ ဝင်လာတဲ့အခါ တဖက်က ကုမ္ပဏီတွေက အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လာတယ်။ တဖက်က လယ်ရှင်တွေကလည်း ဒီလယ်က ငါတို့ပိုင်တယ် ဆိုတဲ့ အထောက်အထားတွေ ရှိနေတယ်။ အဲဒါတွေက မူလ ကတည်းက ဥပဒေကို စနစ်တကျ စီမံ အသုံးမပြုမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရင်ဆိုင်နေရတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံသည် မြေလွတ်မြေရိုင်းများ ပေါများသည့် နိုင်ငံဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက မြေ ယာများတွင် ရင်းနှီးမြှုပ်နှံပြီး ဈေးကစားရန် ဝယ်ယူမှုများကြောင့် အိမ်ခြံမြေများ အပါအဝင် လယ်ယာမြေများသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ဝန်းကျင်တွင် ဈေးအမြင့်ဆုံးအဖြစ် လယ်မြေတဧကလျှင် ကျပ်သိန်း ၄၅၀ မှ ၅၀၀ အထိ အစားစား မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များမှ သိရသည်။

သန်လျင်မြို့နယ် ကံကောင်းအိမ်ခြံမြေ အကျိုးဆောင်မှ ဦးမောင်လွင်က “အခုက တဧကကို ကျပ်သိန်း ၃၅၀ ၊ ကျပ်သိန်း ၃၀၀နဲ့ အစားစား ရှိပါတယ်။ အရင်က လမ်းဘေးတင်တွေဆိုရင် ကျပ်သိန်း ၆၀၀၊ ကျပ်သိန်း ၅၀၀ ပေါက်တယ်။ အဝယ်က အေးလာတော့ ပြန်ကျသွားတာ။ ဈေးကတန့်နေတယ်လို့ ပြောလို့ရတယ်” ဟု ဧရာဝတီကို ပြောသည်။

မြေနှင့် ပတ်သက်၍ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လိုခြင်း၊ စီမံချက်ဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအတွက် မြေဈေးကို သက်သက်သာသာဖြင့် ရရှိပြီး ဆောင်ရွက်နိုင်မည့် အခြေအနေမျိုး ရရှိနိုင်ရန် အထူးစီမံချက်အဖြစ် ပြည်ထောင် စုအစိုးရသို့ တင်ပြသွားမည် ဖြစ်ကြောင်း တိိုင်းအစိုးရအဖွဲ့မှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading