မြန်မာ မုန့်ဟင်းခါးသည် ငါးများများနှင့် ချက်ပြုတ်ထားသော ဟင်းရည်တွင် နံနံပင်နှင့် အကြော်များ ရောနှောကာ စားသုံးရသော နံနက်စောစောစာ ဖြစ်သည်။ ပြည်ပမှ ပြန်လည် ရောက်ရှိလာသော စားသောက်ဆိုင်ပိုင်ရှင် တဦးကမူ မုန့်ဟင်းခါးသည် ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေးမှ လွတ်မြောက်ပြီး အရပ်သားအစိုးရ တက်လာသော မြန်မာနိုင်ငံကို ကမ္ဘာနှင့် ပြန်လည် မိတ်ဆက်ပေးမည့် နိုင်ငံကူးလက်မှတ် သို့မဟုတ် ပျားပန်းခတ်စည်ကားနေသော စားသောက်ဆိုင် မြင်ကွင်း ဟု ထင်သည်။
“လန်ဒန်ကို သွားသွား၊ နယူးယောက်ကို သွားသွား လူတွေက မြန်မာနိုင်ငံအကြောင်း ပြောနေကြတာ” ဟု ကိုထက်မြက်ဦး က ရန်ကုန်တွင် ဖွင့်လှစ်ထားသည့် သူ၏ လက်ဖက်ရည်နှင့် စားသောက်ဆိုင်တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် မုန့်ဟင်းခါး သံတမန်ရေး သဘောတရားကို ရှင်းပြသည်။
နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရသော မြန်မာနိုင်ငံသည် ၁၉၅၀ ခုနှစ်များမှ ၂၀၁၇ ခုနှစ်သို့ ခုန်ပျံကျော်လွှားလာကြောင်း သူက ရှင်းပြသည်။ “အစားအစာအနေနဲ့ ပြောရရင်တော့ သိပ် မထူးခြားလှပါဘူး” ဟု ကိုထက်မြတ်ဦးက ပြောသည်။ သူသည် အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွင် ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး စစ်အစိုးရခေတ်က မြန်မာနိုင်ငံ၏ အစားအသောက်များသည် အဆီများပြီး အစာကြေမလွယ်ဟူသော ကျော်ကြားမှုမှ လွတ်မြောက်ရန် ကြိုးစားနေသော လှုပ်ရှားမှုတွင် ပါဝင်သူ တဦးဖြစ်သည်။
အာဏာရှင်ခေတ်လွန် စီးပွားရေးလုပ်ငန်းများ ထွန်းကားချိန်တွင် စားသောက်ရန် နေရာသစ်များ ပေါ်ပေါက်လာသော ကြောင့် မြန်မာအစားအသောက်များသည် အိမ်နီးခြင်းထိုင်းနှင့် ဗီယက်နမ် အစားအစာများကဲ့သို့ တကမ္ဘာလုံးသို့ ပျံ့နှံ့သွားနိုင်သည် ဟု အချို့က ယူဆကြသည်။
“မြန်မာအစားအသောက်က ထိုင်းအစားအသောက်နဲ့ စာရင် ပိုပြီး ဝယ်ရလွယ်တယ်” ဟု ကနေဒါနိုင်ငံမှ အစားအသောက် အကြောင်း ရေးသားသူ Naomi Duguid က ပြောသည်။ သူ၏ Burma: Rivers of Flavor သည် မြန်မာအစားအစာများကို နိုင်ငံတကာ ပရိတ်သတ်များသို့ သိရှိစေသည့် အဓိက စာအုပ်များအနက် တအုပ် ဖြစ်သည်။ “မြန်မာစာလေး ထွက်စား ရအောင် လို့ လူတွေ ပြောလာမယ့် တနေ့ကို ကျနော်မျှော်လင့်နေတယ်” ဟုလည်း သူက ပြောသည်။
မြန်မာစစ်ဘက်သည် ၂၀၁၁ ခုနှစ်တွင် အစိုးရအဖြစ်မှ တရားဝင်ဆုတ်ခွာ သွားချိန်မှ စတင်ပြီး ရန်ကုန်ရှိ ရိုးရာ အစား အသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဈေးနှုန်း အမျိုးမျိုးဖြင့် ရောင်းချသော စားသောက်စရာ နေရာများ အလုံးအရင်းဖြင့် ပေါ်ပေါက်လာခြင်းက အစားအသောက် လုပ်ငန်းများကို ကျားကန်အားပေးလာသည်။
လွန်ခဲ့သော ၅ နှစ်က အဖွဲ့ဝင် ၂၅ ဦးသာ ရှိသော မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းတွင် ယခုအခါ အဖွဲ့ဝင် ၅၄၀ ရှိလာသည်။ အသင်း၏ အမှုဆောင်များသည် ရိုးရာဟင်းလျာ အထူးလက်ရာများကို ပြည်ပတွင် ရောင်းချရန် အတွက် မအားနိုင်အောင် ဖြစ်လာကြသည်။
မကြာမီပြသမည့် ပွဲမှာ စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် ခရီးသွားလုပ်ငန်း ပြပွဲဖြစ်ပြီး ထိုပွဲသို့ မြန်မာနိုင်ငံမှ ဝန်ကြီးတဦး တက်ရောက်မည် ဖြစ်ကာ မြန်မာရိုးရာ အစားအစာ အများအပြားကို ပြသမည် ဖြစ်သည်။ “ကျနော်တို့ရဲ့ ရိုးရာအစ်အမှန် ထူးခြားတဲ့ အစားအသောက်တွေကို ပြသသွားမှာပါ ဟု” အသင်းဥက္ကဌ ဦးနေလင်းက ပြောသည်။
ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင်လည်း အလားတူ အစားအသောက်ပွဲတော်များ ကျင်းပရန် စီစဉ်ထားသည် ဟုလည်း သူက ပြောသည်။ “ ဒီရိုးရာအစားအသောက်ပွဲတော်က တနှစ်ထက် တနှစ် ပိုမိုကြီးမားလာတယ်” ဟုလည်း သူက ပြောသည်။
ဆန်ဖရန်စ္စကိုရှိ ဘားမားဆူပါစတား ကဲ့သို့သော ပြည်ပရှိ မြန်မာအစားအစာ စားသောက်ဆိုင်များတွင်လည်း လာရောက် စားသောက်သူ အရေအတွက် တိုးပွားလာနေသည်။ လန်ဒန်တွင် မြန်မာ ညစာဆိုင်များ Myanmar supper clubs နေရာအနှံ့တွင် ပေါ်လာနေသည်။ မြန်မာ အအစားအစာသည် လန်ဒန်တွင် ရေပန်းအစားဆုံး သတင်းစကား ဖြစ်လာမည် ဟု လန်ဒန်ရှိ Evening Standard သတင်းစာက လွန်ခဲ့သောနှစ်က ရေးသားခဲ့သည်။
မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများနှင့် ထိစပ်နေသော ဒေသတွင်းသို့ ဝင်ပေါက်ဖြစ်နေသောကြောင့်လည်း အကြီးအကျယ် ဆွဲဆောင်နိုင်ခြင်း ဖြစ်သည်။ မြန်မာ လက်ဖက်သုပ်ချဉ်စပ်သည် ပြည်ပတွင် လူသိများနေပြီး နိုင်ငံခြားသားများ အတွက် ထိပ်တန်း အစားအသောက်ဖြစ်နေသည်ဟု မြန်မာအစားအစာ စီစဉ်ချက်ပြုတ်သူများက ပြောသည်။
တို့ဖူးမှသည် တောယုန်သား အထိ ထူးကဲလှသော အစားအစာ မျိုးစုံရနိုင်သော ကျယ်ပြန့်လှသည့် ရှမ်းပြည်နယ်သည် လည်း နိုင်ငံတကာ ဆွဲဆောင်မှုတခု ဖြစ်နေသည်။ ထိုပြည်နယ်သည် သာယာလှပပြီး ကျယ်ပြန့်ကာ မြေသြဇာ ကောင်းသည် ဟု ရန်ကုန်တွင် ဘားနှင့် စားသောက်ဆိုင် ၈ ခု ဖွင့်ထားသော 57 Below လုပ်ငန်း၏ အစားအစာနှင့် အဖျော်ယမကာာဆိုင်ရာ မန်နေဂျာ Nikki Barltrop က ပြောသည်။
အင်္ဂလန်၊ သြစတေလျနှင့် စင်ကာပူမှ စားဖိုမှူးများ အပါအဝင် မြန်မာနိုင်ငံသို့ လာရောက်ကြသော နိုင်ငံတကာမှ စားဖိုမှူးကြီးများသည် မြန်မာ့စားသောက်ကုန် ဈေးကွက်၏ ကွဲပြားစုံလင်မှုကို နှစ်ခြိုက်ကြသည် ဟုလည်း သူက ဆက်ပြောသည်။ သို့သော် ထိုင်းနှင့် အီတလီနိုင်ငံများက ၎င်းတို့၏ အစားအသောက်များ ပြည်ပတွင် ရောင်းချရန် ကြိုးစားသည့် အားထုတ်မှုမျိုး ပြုလုပ်ခြင်း မရှိပါက နိုင်ငံတကာ ပရိသတ်များ ရရှိရန် အခွင့်အလမ်းမှာ လွယ်ကူလှသည် တော့ မဟုတ်ပေ။
နှစ်ပေါင်း ၅၀ ခန့် ဖိနှိပ်မှုနှင့် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်း စစ်ဒဏ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ၏ ၁၆ လ သက်တမ်းရှိပြီ ဖြစ်သော အစိုးရသည် ဘဏ္ဍာငွေချို့တဲ့ပြီး အကျပ်အတည်း ပေါင်းစုံကိုလည်း ရင်ဆိုင်နေရသည်။ ဤ အခြေအနေတွင် နိုင်ငံခြားငွေ ရရှိရေး အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရာတွင် အာဏာပိုင်များ အနေဖြင့် ရိုးရာ အစားအစာ ကဏ္ဍကို ဖော်ထုတ်ခြင်းဖြင့် စတင်သင့်သည်ဟု ကိုရဲထွဋ်ဝင်း က ပြောသည်။
သူသည် ဂျနီဗာရှိ နိုက်ကလပ်ကို ယခင်က ပူးတွဲပိုင်ဆိုင်သူ တဦး ဖြစ်ပြီး သူ၏ Sharky’s “locavore” လုပ်ငန်းသည် ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ပြည့်နှစ်၊ စစ်အုပ်ချုပ်ရေး အောက်တွင် မြန်မာနိုင်ငံ၏ တခုတည်းသော ဥရောပ အစားအစာ လုပ်ငန်း ဖြစ်ခဲ့သည်။
စစ်အုပ်ချုပ်ရေး အလွန် ခရီးသွားလုပ်ငန်း အနည်းငယ် တိုးတက်လာသည့် ကာလသည် ဟိုတယ်ခန်း မလုံလောက်ခြင်း၊ အခြေခံအဆောက်အအုံများ ညံ့ဖျင်းခြင်း နှင့် အစားအသောက်များ ကျန်းများသန့်ရှင်းမှု ဆိုင်ရာ ပူပန်မှုများကြောင့် အဟန့်အတား ဖြစ်စေခဲ့သည် ဟုလည်း သူက ပြောသည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ အားထုတ်မှုများနှင့် ပတ်သက်ပြီး “ကျနော်တို့က ရွှေဥ အုတဲ့ ငန်းကြီးကို သတ်စားလိုက်သလို ဖြစ်တာဗျ” ဟု သူက စိတ်ထိခိုက်စွာဖြင့် ပြောသည်။
“အခု ပြန်လည် တည်ဆောင်ဖို့ ကြိုးစားနေတယ်” ဟုလည်း သူက ပြောသည်။ ထိုကဲ့သို့သော မအောင်မြင်သည့် ဖြစ်ရပ်များ ရှိခဲ့သော်လည်း မြန်မာ့ရိုးရာ အစားအသောက်များသည် နိုင်ငံတကာတွင် အောင်မြင်မှု ရပြီး ဖြစ်သည်ဟု အချို့သော သူများက ပြောသည်။
ကြက်သွန်ချဉ်၊ အုန်းသီးဖြင့် ပြုလုပ်သော အစားအသောက်များနှင့် ငါးပိတို့သည် ဒေသတွင်း ထွေပြားစုံလင်လှသည့် အခြားသော ဟင်းလျာများနှင့် အပြိုင်အဆိုင်လို ဖြစ်လာနေကြသည်။ စားသောက်ဆိုင်လုပ်ငန်းကို ချဲ့ထွင်ရန် ရည်မှန်းထား သော ကိုထက်မြက်ဦးကမူ “သူ့ အလိုလို ဈေးကွက်ရသွားမှာပဲ။ စားသောက်ဆိုင် များလေလေ၊ နိုင်ငံအတွက် ကောင်းလေလေပဲ” ဟု ပြောသည်။
(www.ft.com တွင်ဖော်ပြထားသည့် Michael Peel ၏ Myanmar political change brings food revolution ကို ဘာသာပြန်သည်။)