စီးပွားရေး

ဆင်းရဲနွမ်းပါးမှု လျော့ကျသော်လည်း ကျေးလက်ဖွံ့ဖြိုးမှု နှေးကွေးနေ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးစွာဖြင့် နေထိုင်ရသူ အရေအတွက်မှာ ၂၀၀၄ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၃၂ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၁၉ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ဟု မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်က ဆိုသည်။

ကမ္ဘာ့ဘဏ်နှင့် စီမံကိန်းဘဏ္ဍာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ၂၀၀၄-၅ ခုနှစ်၊ ၂၀၀၉-၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကောက်ယူခဲ့သော စစ်တမ်းများမှ လူနေမှုအခြေအနေ ဆိုင်ရာ အချက်အလက်များ အပေါ် အခြေခံကာ ကောက်ယူ ထုုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မိုဘိုင်းဖုန်း၊ ရုပ်မြင်သံကြားနှင့် မော်တော်ဆိုင်ကယ် ရောင်းချရမှု စသည့် အညွန်းကိန်းများအရ အိမ်ထောင်စုများ၏ အသုံးစရိတ်သည် နှစ်စဉ် ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်နေပြီး လူနေမှု အဆင့်အတန်း မြင့်မားလာသည်ဟု သိရသည်။

၂၀၁၅ ခုနှစ်တွင် အိမ်ထောင်စုများ၏ ၄၂ ရာခိုင်နှုန်းကျော်သည် မော်တော်ဆိုင်ကယ် ပိုင်ဆိုင်ကြပြီး ၂၀၀၉ ခုနှစ်က အိမ်ထောင်စု ၂၅ ရာခိုင်နှုန်း ခန့်သာ မော်တော်ဆိုင်ကယ် ပိုင်ဆိုင်ကြသည်။

သို့သော် မြန်မာနိုင်ငံ လူဦးရေ၏ ၃၇ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု နှိုင်းယှဉ်ပြမျဉ်းအနီး သို့မဟုတ် ထိုမျဉ်းတွင်ပင် ရှိနေသေး သောကြောင့် ဆင်းရဲနွမ်းပါးမှု ဒဏ်ခံနေရဆဲ ဖြစ်သည်။

“ဆင်းရဲနွမ်းပါးမှု ကျဆင်းသွားလို့ ဝမ်းသာတယ်။ ရှေ့လျှောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ လူတိုင်းအတွက် အကျိုးရှိရှိ ရောက်ရှိနိုင်ဖို့ အရေးကြီးတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

အထက်ပါ အစီရင်ခံစာကို နည်းလမ်း နှစ်ခုဖြင့် ပြုစုခဲ့ပြီး ပထမနည်းလမ်းမှာ ၂၀၀၄-၅ ခုနှစ်က ကောက်ယူခဲ့သော မိသားစု အလိုက် ခြုံငုံသော လူနေမှုအဆင့်အတန်း စစ်တမ်း ဖြစ်ကာ ဒုတိယနည်းလမ်းမှာ ကမ္ဘာ့ ဘဏ်က ၂၀၀၉-၁၀ တွင် စတင် မိတ်ဆက်ပေးခဲ့သော နည်းဖြစ်သည်။

ဒုတိယနည်းလမ်း အရ ဆိုလျှင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၀၄-၅ ခုနှစ်တွင် ၄၄ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၀၀၉-၁၀ ခုနှစ်တွင် ၃၇ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျပြီး ၂၀၁၅ ခုနှစ်တွင် ၂၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းသည်။

ကျေးလက်ဒေသတွင် ဆင်းရဲနွမ်းပါးမှု နှုန်းကျဆင်းမှုသည် မြို့ပြတွင် ကျဆင်းသည့် နှုန်းထက် နှေးကွေးနေသည်ဟု ထို အစီရင်ခံစာအရ သိရသည်။ ကျေးလက်တွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၃၆ မှ ၂၃ ရာခိုင်နှုန်းအထိသာ ကျပြီး မြို့ပြတွင် ၂၂ မှ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသည်။

ကျေးလက်ဒေသ၏ တိုးတက်မှုနှုန်းသည် နှစ်စဉ် ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ပြီး မြို့ပြတွင် နှစ်စဉ် ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ရခြင်းမှာ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍက စိုက်ပျိုးရေးကဏ္ဍထက် ပိုမို တိုးတက်သောကြောင့် ဖြစ်သည်။

၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် အထည်ချုပ်လုပ်ငန်းသည် သိသိသာသာ တိုးတက်ပြီး အလုပ်အကိုင်အများအပြား ဖန်တီးခဲ့သည် ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာခင်မောင်အေး က ပြောသည်။

“အထည်ချုပ်လုပ်ငန်း ကဏ္ဍတွင် အမှာစာရရှိမှုနဲ့ ထုတ်ကုန်အရည်အသွေး က ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ တော်တော်တိုးတက် လာတယ်။ ဒါကြောင့် အလုပ်အကိုင်တွေ ရပြီး ဆင်းရဲနွမ်းပါးမှု ကျဆင်းဖိုု့ အထောက်အပံ့ဖြစ်ခဲ့တာ သေချာတယ်” ဟုသူက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

အထည်ချုပ်စက်ရုံ အများစုသည် ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် ရှိပြီး ယခုုနောက်ပိုုင်းတွင် ပဲခူးနှင့် ဧရာဝတီတိုင်းများတွင် ဖွင့်လှစ်နိုင်ခဲ့သည် ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ အဆိုအရ သိရသည်။

“တခြားပြည်နယ်၊ တိုုင်းတွေမှာ အထည်ချုပ်စက်ရုံတွေ ဖွင့်တာ ဒေသခံတွေအတွက် အလုပ်အကိုင် ဖန်တီးနိုင်မယ်။ ဒေသခံတွေ ဆီကို ဝင်ငွေ တိုက်ရိုက် ရောက်ရှိပြီး ဒေသတွင်းကို ဖွံ့ဖြိုး စေနိုင်ပေမယ့် တခြား ပြည်နယ်တိုင်းတွေမှာ အထည်ချုပ် စက်ရုံဖွင့် ရတာ သယ်ယူပို့ဆောင်ရေးကြောင့် ကုန်ကျစရိတ်နဲ့ တွက်ခြေ မကိုက်တာ ဖြစ်နေသေးတယ်” ဟုလည်း ဒေါက်တာခင်မောင်အေး က ပြောသည်။

ရှမ်းပြည်နယ်မှ ပဋိပက္ခကင်းသော နေရာများတွင် ပြည်သူတို့၏ လူနေမှုစနစ် တိုးတက်လာသည်ကိုု တွေ့မြင်ရသည် ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်ခမ်း က ပြောသည်။

“ရှမ်းပြည်နယ်က လူငယ်တော်တော် များများက တရုတ်နဲ့ ထိုင်းနိုင်ငံတွေမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်ကြပြီး မိသားစုတွေကို ငွေပြန်ပို့ပေးတော့ အိုးသစ်အိမ်သစ်တွေ ပေါ်လာတာပေါ့” ဟု ၎င်းက ဧရာဝတီကို ပြောသည်။

“ပဋိပက္ခမရှိတဲ့ နေရာတွေမှာ တိုးတက်လာတာ တွေ့ရတယ်။ ကျနော် မေးချင်တာက ဒါဟာ စစ်မှန်တဲ့ တိုးတက်မှု ဟုတ် မဟုတ် ဆိုတာ ပါပဲ။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသတွေမှာ အလုပ်အကိုင် မဖန်တီးနိုင်တော့ နိုင်ငံလူအင်အား ဆုံးရှုံးတယ်။ တဘက်မှာလည်း ရွှေ့ပြောင်းလုပ်သား အများစုက တရားမဝင် သွားရောက်လုပ်ကိုင်တာ ဆိုတော့လုုပ်ငန်းခွင်မှာ ခေါင်းပုံဖြတ် ခံရတာတွေ ကြုံတွေ့ နေရတယ်။ ကြာရှည် ပြန်မလာနိုင်တဲ့ သူတွေမှာ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်” ဟုလည်း ၎င်းက ရှင်းပြသည်။

ဒေသတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချပေးနိုုင်ရန် အတွက် ဒေသတွင်းစိုုက်ပျိုးရေး လုုပ်ငန်းများကို ပံ့ပိုုးပေးကာ ထုတ်ကုန်များ အရည်အသွေးကို မြင့်တင်ရန်နှင့် ဒေသခံလူငယ်များ အလုပ်အကိုင် ဝင်ငွေ ရလမ်း ဖန်တီးရန် အစိုးရ၏ နည်းပညာနှင့် ငွေကြေးအကူအညီ လိုသည် ဟုလည်း ၎င်းက ထောက်ပြသည်။

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား အများဆုံး ထွက်ပေါ်သော ဒေသများဖြစ်သည့် ကရင်နှင့် မွန်ပြည်နယ်များတွင် ဒေသခံရွေ့ပြောင်း လုုပ်သားများ ပြန်လည် ပို့ပေးသော ငွေကြောင့် ပြည်နယ်အများစုုတွင် လူနေမှု အဆောက်အအုံများ တိုုးတက်လာခြင်း၊ အခြားသော သွားလာမှု အတွက် အဓိကလိုအပ်ချက် ဖြစ်သည့် ဆိုင်ကယ်များ ဝယ်နိုင်လာသည်ကို တွေ့ရှိရသည်။

“ကျနော်တို့ ဒေသမှာတော့ အဆောက်အအုံတွေ တိုးတက်တာ တွေ့ရပါတယ်။ အရင်ဆယ်စုနှစ်ထက် စာရင် ဆိုင်ကယ်ပိုင်တဲ့ သူတွေလည်း များလာတယ်။ ဒါပေမယ့် အခု ကျနော်တို့ ဒေသမှာ ဓါးပြမှု၊ ခိုးမှုလို ရာဇဝတ်မှုတွေ အရမ်းများလာတယ် ဆိုတော့ လူတွေဟာ ဆင်းရဲနွမ်းပါးဒဏ် ခံစားနေရသေးတယ် ဆိုတာ ပြနေတယ်” ဟု မုဒုံမြို့နယ်မှ မွန်လူငယ်ကွန်ရက် ဥက္ကဌ ကိုထွန်းမြင့် က ပြောသည်။

ဒေသတွင်းရှိ ရော်ဘာစိုက်ခင်းများ၏ ထုတ်လုပ်မှုနှင့် အရည်အသွေးကို တိုးမြှင့်ရန် အစိုးရက နည်းပညာနှင့် ငွေကြေး ကူညီထောက်ပံ့ခြင်းဖြင့် ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ကောင်းမွန်သော ဝင်ငွေကို ပိုမိုု ဖန်တီးနိုင်မည် ဟု ဒေသခံလူငယ်များက ယူဆကြောင်းလည်း ၎င်းက ပြောသည်။

အထက်ပါ အစီရင်ခံစာသည် မြန်မာနိုင်ငံ အတွက် အကြံပြုချက်များ ပါဝင်သော ဆင်းရဲနွမ်းပါးမှု အကဲဖြတ်ခြင်း အစီအစဉ်၏ ပထမပိုင်းဖြစ်ပြီး ဒုတိယပိုင်းကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading