ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (DICA) ရုံးခွဲကို ယခုလလယ်တွင် စစ်တွေမြို့၌ စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) မှ သိရသည်။
အဆိုပါ DICA ရုံးခွဲများ ဖွင့်လှစ်ခြင်းအားဖြင့် တိုင်းနှင့်ပြည်နယ်များရှိ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီ မှတ်ပုံတင်သည့် ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကို မိမိတို့ ပြည်နယ်ရှိ ရုံးခွဲများတွင် အချိန်မြန်ဆန် လွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသန်းအောင်ကျော်က “ရခိုင်ဒေသမှာ ဟိုတယ်လုပ်ငန်းတွေက သံတွဲတို့ဘက်မှာ ရင်းနှီးမြှုပ်နှံတာ ရှိတယ်။ နိုင်ငံတော် အနေနဲ့ကတော့ ဒီဒေသတွေမှာ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရင် ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရလာမယ်” ဟု ပြော သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် သတ်မှတ်ထားသော ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို ရုံးခွဲများက ခွင့်ပြု ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်နယ်အတွက် အကျိုးသက်ရောက်မှု ရှိသော၊ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည့် လုပ်ငန်းများကို ရခိုင်ပြည်နယ် DICA ရုံးခွဲမှ တာဝန်ရှိသူများက လုပ်ကိုင်ခွင့် ချထားပေးနိုင်မည်ဖြစ်သည်။
ယင်းသို့ ဖန်တီးပေးခြင်းဖြင့် လူတိုင်းက နေ့စဉ် အလုပ်အကိုင်များမှ ဝင်ငွေရရှိပြီးဖြစ်သလို ဒေသတွင်း ဖြစ်ပွားနေသော ပဋိပက္ခများလည်း နည်းပါးသွားမည် ဖြစ်ကြောင်း MIC မှ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ မွေးမြူရေးလုပ်ငန်း ၅ ခု၊ ဆောက်လုပ်ရေးလုပ်ငန်း ၂ ခု၊ ဟိုတယ်ခရီးလုပ်ငန်း ၁၀ခု၊ စက်မှုလုပ်ငန်း ၁ ခု၊ အခြားလုပ်ငန်း ၁ ခု၊ စုစုပေါင်း လုပ်ငန်း ၁၉ ခုကို မြန်မာနိုင်ငံသား လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များက သတ္တုလုပ်ငန်း ၁ ခု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ၂၇ ခုနှင့် အခြားလုပ်ငန်း ၁ခု၊ စုစုပေါင်း ၂၉ ခု ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရ သည်။
မြန်မာနိုင်ငံသား လုပ်ငန်းရှင်များက ဟိုတယ်လုပ်ငန်းများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်၌သာ ဝင်ရောက် လုပ်ကိုင်ထားပြီးဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်အစိုးရက လုပ်ဆောင်နေကြောင်း MIC မှ သိရသည်
၂၀၁၆ ခုနှစ်အတွင်း DICA ရုံးခွဲကို ကရင်ပြည်နယ်၊ ပဲခူးနှင့် မကွေးတိုင်းတို့တွင် ဖွင့်လှစ်ခဲ့ပြီး တိုင်းနှင့် ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှု ကော်မတီများလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။