စီးပွားရေး

မန္တလေးတိုင်းအိမ်ခြံမြေ ရာဖြတ်စံနှုန်း ၂၀ ရာခိုင်နှုန်းလျှော့ချ

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရာ၌တရားဝင်အခွန်ဆောင်လာရန်အတွက် ယခုဘဏ္ဍာနှစ်၏ အိမ်ခြံမြေရာဖြတ်စံနှုန်းကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။

“အခွန်ရှောင်တာတွေကို အခွန်ဆောင်လာဖို့နဲ့ အိမ်ခြံမြေ အရောင်းအဝယ်မှာ တရားဝင် ပိုင်ဆိုင်မှု ဖြစ်အောင်လို့ပါ။ မနှစ်က သတ်မှတ်တဲ့အခွန်နှုန်းက များတယ်လို့ ပြောကြတာ တွေရှိခဲ့တယ်။ အဲဒါကြောင့် ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးပြီး နေရာတွေရဲ့ဈေးကွက်တွေကို ခေတ်အခြေအနေ အလိုက် တန်းပြန်ညှိလိုက်တဲ့ သဘောလည်းပါပါတယ်” ဟု ဝန်ကြီးဦးမြတ်သူက ပြောသည်။

၂၀၁၇-၁၈ဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းအိမ်ခြံမြေရာဖြတ်စံနှုန်းကို ပြီးခဲ့သည့်သြဂုတ်က တိုင်းဒေသကြီး အစိုးရအဖွဲ့ စတင် ထုတ်ပြန်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်က သတ်မှတ်ခဲ့သည့်ရာဖြတ်စံနှုန်းမှာ ပြင်ပ ပေါက်ဈေး ထက် ၄၀ ရာခိုင်နှုန်းခန့် ပိုမို သတ်မှတ်ခဲ့သော်လည်း ယခုနှစ်မှ စတင်၍ ၂၀ ရာခိုင်နှုန်းခန့် လျှော့ချလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ဥပမာအားဖြင့် လက်ရှိဈေးကွက်အတွင်း ငွေကျပ်သိန်းတထောင်တန်ကြေးရှိ မြေကွက်တကွက်လျှင် ယခင် ရာဖြတ်နှုန်းထားအရ သိန်း ၁၄၀၀ ဖြင့် သတ်မှတ်ထားမည်ဆိုပါက လက်ရှိ ၂၀ ရာခိုင်နှုန်း လျှော့ချလိုက် သဖြင့် သိန်း ၁၂၀၀ ဖြစ်သွားခြင်းဖြစ်သည်။

အိမ်ခြံမြေရာဖြတ်စံနှုန်းဆိုသည်မှာ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရာတွင် မြေ၏ တည်နေရာနှင့် အကျယ် အဝန်းပေါ် မူတည်၍ ကာလတန်ဖိုးအရ နှုန်းထားတခု ကို အကြမ်းဖျင်းတွက်ချက်ပြီး ၎င်းအပေါ် အိမ်ခြံမြေနှင့် သက်ဆိုင်သည့် အခွန်အခများ စည်းကြပ်ကောက်ခံခြင်းဖြစ်သည်။

“အစိုးရက စံနှုန်းကို အခုလို လျော့ပေးလိုက်တာကောင်းပါတယ်၊ အဲဒီလိုလျှော့လိုက်တော့ သူတို့ဖြစ်စေ ချင်သလို မြေအရောင်းအဝယ်တွေမှာ အရင်လို ပါဝါတွေမလွှဲတော့ဘဲ အခွန်ဆောင်လာတာတွေ ခုနောက် ပိုင်း များလာတယ်။ အဲဒီတော့ နိုင်ငံတော်လည်း အခွန်ရသလို မြေဝယ်ယူသူအနေနဲ့လည်း ပိုင်ဆိုင်မှု ခိုင်မာစေတယ်လေ” ဟု မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက် ရေးအသင်းမှ ဦးနေလင်းအောင်က ပြောသည်။

မန္တလေးမြို့တွင် ၂၀၀၇ ခုနှစ် နောက်ပိုင်းမှ စ၍ အိမ်ခြံမြေအရောင်းအဝယ်တွင် အခွန်ရှောင်လိုသူများက တရားဝင်မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းများကို မချုပ်ဆိုတော့ဘဲ ကိုယ်စားလှယ်လွှဲစာ (ပါဝါလွှဲ)များဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြခြင်း ဖြစ်သည်။

မန္တလေးတိုင်းအစိုးရအဖွဲ့က ယခုဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေ ရာဖြတ်စံနှုန်းကို လျှော့ချ ပေးလိုက် ပြီးနောက် တရားဝင်အခွန်ဆောင်မှုများ ယခင်ထက် ပိုများလာသော်လည်း လက်ရှိ မန္တလေး အိမ်ခြံမြေ ဈေးကွက်သည် အရောင်းအဝယ်အေးနေဆဲဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ကြသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်၂၀၁၅-၁၆ ဘဏ္ဍာနှစ်က မန္တလေးတိုင်းအိမ်ခြံမြေရာဖြတ်စံနှုန်းသည် ပြင်ပ ပေါက်ဈေးထက် အဆမတန်များနေသည့် အတွက် အိမ်ခြံမြေအကျိုးဆောင်များက တင်ပြသည့်အတွက် တိုင်းအစိုးရအဖွဲ့က စိစစ်၍ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ပေးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading