စီးပွားရေး

မန္တလေးရှိ SME လုပ်ငန်းများ ငွေကြေးအကူအညီ လိုဟု တိုင်းဝန်ကြီးချုပ် ပြော

မန္တလေးတိုင်းရှိ အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများ(SMEs) အတွက် ငွေကြေးနှင့် နည်းပညာ အကူအညီများ လိုအပ်နေသဖြင့် ကူညီပေးရန် မန္တလေးမြို့တွင် စက်တင်ဘာ ၅ ရက်က ပြုလုပ်သည့် မန္တလေးမြို့ ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ဆွေးနွေးပွဲတွင် တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တောင်းဆိုခဲ့သည်။

“မန္တလေးမှာ ယနေ့ထိ SMEs လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုကို မတွေ့ရသေးပါဘူး။ အဲဒီအတွက် ငွေကြေးနဲ့ နည်း ပညာ အကူအညီတွေ လိုချင်ပါတယ်။ ဘယ်သူမှတော့ စေတနာ ထက်ထက်သန်သန်နဲ့ လာတာ မဟုတ်ပါဘူး။ သူတို့ အတွက် အကျိုးရှိလို့ လာကြတာဖြစ်လို့ ကိုယ့်အတွက်လည်း ဘာတွေအကျိုးရနိုင်မလဲ ဆိုတာ ဆွေးနွေးကြတာပါ” ဟု ဝန်ကြီးချုပ်က ပြောသည်။

ယင်းဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံမှ ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် ကုန်သွယ်မှု ကဏ္ဍမှ စီးပွား ရေး လုပ်ငန်းရှင်များနှင့် မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ ကုန်စည်ဒိုင်မှ တာဝန် ရှိသူများနှင့် အခြားစီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

မန္တလေးတိုင်းတွင် အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်း (SMEs)အရေအတွက် ၃ထောင်ကျော် ရှိသည့် အနက် ထက်ဝက်ခန့်သည် ကုန်ကြမ်းဈေးကွက် ကြီးမြင့်ခြင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း၊ ငွေကြေးနှင့် နည်းပညာ အထောက်အပံ့ အားနည်းသည့်အတွက် တဖြည်းဖြည်း လုပ်ငန်းရပ်ဆိုင်းသည်အထိ ဖြစ်လာကြောင်း မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ SMEs ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဌေးက ဧရာဝတီကို ပြော သည်။

“ချေးငွေနဲ့ နည်းပညာ အကူအညီတွေရရင် SMEsတွေ ချက်ချင်းဖွံ့ဖြိုးလာမှာလားဆိုတဲ့ မေးခွန်းက ဖြေဖို့တော့ ခက်ပါတယ်။ အဲဒီလို ရလာပြီဆိုရင်တောင် လုပ်ငန်းတူ အစုအဖွဲ့တွေ ဖွဲ့စည်းပြီး စနစ်ကျတဲ့ Format ပုံစံ တခု ဖြစ်အောင် အရင်လုပ်သင့်ပါတယ်။ ဒါမှသာ ပေးတဲ့အထောက်အပံ့တွေက ပိုထိရောက်နိုင်မယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းရှိ SMEs လုပ်ငန်းများကို ကမ္ဘောဇဘဏ်နှင့် CB ဘဏ်တို့မှ ချေးငွေထုတ်ပေးလျက် ရှိသော်လည်း စံသတ်မှတ်ချက်များခြင်း၊ အတိုးနှုန်းမြင့်ခြင်း၊ နှစ်တိုချေးငွေဖြစ်ခြင်းစသည့် အခက်အခဲများ ရှိနေ သေးသည်ဟု ၎င်းက ပြောသည်။

ယမန်နေ့ ဆွေးနွေးပွဲတွင် ပါဝင်သည့် ထိုင်းနိုင်ငံမှ ပုဂ္ဂလိကဘဏ် တခုဖြစ်သော K Bank သည် မန္တလေးတိုင်းရှိ SMEs လုပ်ငန်းများအား ချေးငွေထုတ်ပေးရန် အစီအစဉ်ရှိသော်လည်း နိုင်ငံခြားဘဏ်ဖြစ်နေသဖြင့် ဗဟိုဘဏ်၏ ခွင့်ပြုချက် ကို ရယူရန် လိုအပ်သည့်အတွက် ယခုအထိ အကောင်အထည် မဖော်နိုင်သေးကြောင်း ယင်းကော်မတီမှ သိရသည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းများသည့် မြို့ ၇ မြို့ကို ရွေးချယ်ထားသည့် အထဲ တွင် မန္တလေးမြို့ ပါဝင်ကြောင်း Thai Business Association of Myanmar မှ Executive Committee Member Mr. Muttaphong Visitkitchakarn ကပြောသည်။

၁၉၈၈-၈၉ မှ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ကန်ဒေါ်လာ ၁၁၀၀၂ သန်းရှိပြီး ပြည်တွင်းတွင် ရင်းနှီး မြှုပ်နှံသည့် ပမာဏ တတိယအများဆုံး နိုင်ငံဖြစ်ရာ ယင်းပမာဏ၏ ၉၀ ရာခိုင်နှုန်း ခန့်သည် သဘာဝဓာတ်ငွေ့ ကဏ္ဍ တွင်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများ အရ သိရသည်။

Loading