၂၀၁၃ ခုနှစ်ကို ပြန်ကြည့်လိုက်မည် ဆိုလျှင် အာရှ၏ ဖွံ့ဖြိုးလာနေသော ဈေးကွက်များထဲမှ မြန်မာနိုင်ငံတွင် အားသာချက်ရယူလိုကြသော ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးသမားများ ဆက်တိုက်ဝင်ရောက်လာမှုကြောင့် စိတ်လှုပ်ရှားဖွယ် ရာ ဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက ပြင်ပကမ္ဘာနှင့် တံခါးဖွင့်လိုက်သည့်အခါ စီးပွားရေး တိုးတက်မှုကလည်း ၈.၅ ရာ ခိုင်နှုန်းအထိ အလွန်လျှင်မြန်စွာ ထိုးတက်သွားခဲ့သည်။ တိုးတက်မှုက ၂၀၁၆ ခုနှစ်တွင် ၆.၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး ယခုနှစ်တွင် ၇ ရာခိုင်နှုန်း ဝန်းကျင်ရှိမည်ဟု ခန့်မှန်းရပါသည်။
စိတ်တက်ကြွစရာ အကြောင်းရင်း များစွာ ရှိနေပါသေးသည်။ နောက်လာမည့် နှစ် အနည်းငယ်အတွင်း မြန်မာနိုင်ငံ၌ မြင့်မားသော စီးပွားရေး တိုးတက်မှုနှုန်းများကို မြင်ရလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ ဖြစ်စေရန် ပြင်ဆင်ရေးဆွဲမှုများ ပြုလုပ်နေသော ၁၉၁၄ ခုနှစ် ကုမ္ပဏီများဥပဒေက အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးရေးကို အားပေးထားပြီး မကြာမီ အတည်ပြုဖွယ်ရာ ရှိနေပါသည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေက ဘဏ် အများအပြားအတွက် လိုင်စင်များ ချထားပေးခဲ့ပြီး အာမခံလုပ်ငန်းကဏ္ဍကိုလည်း မကြာမီ ဖြေလျော့ လွတ်လပ်မှုများပေး လိမ့်မည်ဟု မျှော်လင့်ရပါသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခါစ စတော့ အိတ်ချိန်းတခု ရှိနေပြီး ပြည်တွင်း မြန်မာကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ပိုမိုလွယ်ကူစေမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများကိုလည်း ပြင်ဆင်ရေးဆွဲမှုများ ပြုလုပ်နေသည်။ ကုန်သွယ်ရေးအတွက် နိုင်ငံခြားကုမ္ပဏီများက သီးခြားစီဖြစ်သော ပါမစ် အမျိုးမျိုး ရရှိထားရန် လိုအပ်သည့် ဥပဒေကိုလည်း ပယ်ဖျက်ရန် ရှိနေသည်။ ထိုအချက်အားလုံးက အရေးအပါဆုံးသော ပြုပြင်ပြောင်းလဲရေးများ၏ ထိပ်ဆုံးတွင် ရှိနေသည်။
ဆယ်စုနှစ်များစွာ အထီးကျန် ဖြစ်နေခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ပယ်ဖျက်ပေးခဲ့သည့်အတွက် နိုင်ငံခြားမှ နိုင်ငံတကာ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နိုင်လာပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ ဘဏ္ဍာရေးစနစ် နှင့် အရင်းအနှီးများကို ရရှိနိုင်လာသည်။
သြစတြေးလျ-မြန်မာ ကုန်သည်ကြီးများအသင်း၏ အမှုဆောင် အရာရှိချုပ် Jodi Weedon အတွက် အဆိုပါ ပြုပြင်ပြောင်း လဲရေးများက အကောင်းမြင်ဝါဒ ဆက်လက်၍ ရှိနေသေးသည်ကို ဖော်ပြနေခြင်း ဖြစ်ပါသည်။
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ အချိန်မှာ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပေမယ့် ထိန်းသိမ်းကွပ်ကဲရေး စနစ်သစ်တခုရဲ့ အခြေခံအချက် အများအပြားကို အကောင်အထည်ဖော်ခြင်းနဲ့ အတူ ပြီးခဲ့တဲ့ ၁၂ လ အတွင်းမှာ တိုးတက်မှု ကြီးကြီးမားမား ရရှိအောင် လုပ်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ဘဏ္ဍာရေးကဏ္ဍ အပေါ်မှာ ပိုပြီးတော့ ယုံကြည် စိတ်ချနိုင်ပါပြီ။ အရင်နှစ်တွေကထက် စီးပွားရေးလုပ်ရတာ လွယ်ကူအောင်၊ ပိုပြီး ပွင့်လင်းမြင်သာမှုရှိအောင် လုပ်နေပါ တယ်။”
သို့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ကနဦး စိတ်လှုပ်ရှားတက်ကြွမှုများနှင့် အကောင်းမြင်မှုများက ဖွံ့ဖြိုးမှုနှင့် ရင်းနှီးမြှုပ်နှံမှု နှေးကွေးသွားချိန်တွင် အတိုင်းအတာတခုအထိ မှေးမှိန်သွားခဲ့သည်။ ပြုပြင်ပြောင်းလဲရေး၏ အရှိန်အဟုန်က နှေးကွေးလွန်းပြီး ကြိုးနီစနစ်နှင့် ခေတ်မမီတော့သည့် ဥပဒေများက အများအပြား ကျန်ရှိနေဆဲ ဖြစ်သည်ဟု စိတ်ပျက် လက်ပျက် ပြောသူ အများအပြားရှိနေသည်။ ဥပဒေသစ်အချို့မှာလည်း ရှင်းလင်းတိကျမှု မရှိဟု ဆိုကြသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို အလေးပေးလွန်းသည်ဟု ဟု စိုးရိမ်မှုများလည်း ရှိနေသည်။ အရေးပါသော ဆုံးဖြတ်ချက်များနှင့် ကော်မတီများ အားလုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည်ထံ သတင်းပို့နေရခြင်းက အနီးကပ်ထိန်းချုပ်နေသည့် စီမံခန့်ခွဲမှု ပုံစံအပေါ် ဝေဖန်မှုများ ပေါ်ထွက်စေခဲ့သည်။
IRI မှ ပြုလုပ်ခဲ့သည့် လူထု စစ်တမ်းအသစ်တခုတွင်လည်း အကောင်းမြင်မှုများ ကျဆင်းနေပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အာဏာရရှိခဲ့သည့် အချိန်မှစ၍ ကျဆင်းခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍ ပြည်သူလူထု၏ ယုံကြည်မှု ကျဆင်းနေကြောင်းကို ဖော်ပြထားသည်။ စစ်တမ်းက စိတ်ဝင်စားစရာ ဖြစ်သော်လည်း အားလုံးကို ခြုံကြည့်လျှင် ယုံကြည်စိတ်ချနိုင်မှုက မြင့်မားနေဆဲ ဖြစ်ပါသည်။
မြန်မာနိုင်ငံက ရှေ့ဆက်ရွေ့လျားခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံကို ရာစုနှစ် တဝက်ခန့်အုပ်ချုပ်ခဲ့သော စစ်အစိုးရက အဝေးသို့ ထွက်မသွားသေးပါ။ မြန်မာနိုင်ငံမှ ကုမ္ပဏီ အများအပြားသည် စစ်တပ် သို့မဟုတ် စစ်တပ်နှင့် ပတ်သက်သော ခရိုနီများနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ဆက်နွယ်နေခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်းများ ရှိနေဆဲ ဖြစ်ပါသည်။ နက်ရှိုင်းစွာ နေရာယူထားသည့် ခရိုနီဝါဒက အခြားသော ပြိုင်ဖက်များအတွက် ယှဉ်ပြိုင်ရန် ခက်ခဲစေခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက သူတို့၏ ရင်းနှီးမြှုပ်နှံမှုများကို မည်သူနှင့် ပြုလုပ်မည်၊ မည်သို့လုပ်မည် ဆိုသည်ကို အထူးသတိထား နေရသည်။ မျှော်လင့်ချက်များ လျော့ကျနေသည်မှာ ပြည်သူများချည်းသာ မဟုတ်ပါ။
ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများကို သုံးသပ်လေ့လာပြီး အလျှင်အမြန် ဝင်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်း အတွက် ဆက်လက်၍ အကောင်းမြင်စေမည့် သတင်းစကား တခု ရှိပါသည်။ ဥပဒေ အကျိုးဆောင်လုပ်ငန်း တခု ဖြစ်သည့် Berwin Leighton Paisner မှ Chris Hughes က စီးပွားရေးလုပ်ငန်း အများအပြား ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများကို အကြမ်းဖျဉ်း ပြောပြခဲ့သည်။
“လွန်ခဲ့တဲ့ နှစ် အနည်းငယ်က အလောတကြီးနဲ့ စတင်ဝင်ရောက်လာပြီးတဲ့ နောက်မှာ ဒီက စီမံကိန်းတွေကို အကောင် အထည်ဖော်ရာမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေရဲ့လက်တွေ့ အခြေအနေမှန်ကို အများစုက ရှာဖွေနေကြပါတယ်။ အစိုးရ ဖက်က စီမံခန့်ခွဲရေး မရေရာမှုတွေနဲ့ စွမ်းဆောင်ရည် စိန်ခေါ်မှုတွေက ဒီကိစ္စရဲ့ အရေးပါတဲ့ အပိုင်းတခု ဖြစ်ပါတယ်။ ဒီနေရာတွေမှာ အစိုးရသစ်က လုံလောက်တဲ့ဦးစားပေးမှု ဘယ်တုန်းကမှ မပြုခဲ့ဘူးလို့ ပြောနိုင်ပါတယ်။ ကံကောင်း ထောက်မစွာနဲ့ပဲ ဒီကိစ္စကို အထက်ပိုင်းက အလေးပေး အာရုံစိုက်လာတဲ့ အရိပ်လက္ခဏာတွေ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ကော်ပိုရိတ် ဥပဒေ ပြုပြင်ပြောင်းလဲရေး အသစ်တွေ သက်ရောက်မှုရှိလာတာနဲ့ အတူ အခြေအနေက တိုးတက်ကောင်း မွန်လာနေပါတယ်။ ဒါပေမယ့် ကုန်သွယ်ရေး ကော်မရှင်တွေ၊ ကုန်သည်ကြီးများ အသင်းတွေနဲ့ အခြားသူတွေရဲ့ ကောင်းမွန်တဲ့ အကြံဉာဏ်နဲ့ ထိရောက်တဲ့ အကူအညီတွေက နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ အောင်မြင်ရေး အခြေခံ အချက်တွေ ဖြစ်နေတုန်းပါပဲ။”
ဥပဒေ အကျိုးဆောင်လုပ်ငန်းတခု ဖြစ်သည့် Baker & McKenzie မှ Jo Daniels ကလည်း စီးပွားရေးလုပ်ငန်းများ အတွက် ထိန်းသိမ်းကြီးကြပ်မှု ဆိုင်ရာ အခြေအနေ တိုးတက်ကောင်းမွန်လာနေကြောင်း အကောင်းမြင်ဖက်မှ ပြောခဲ့သည်။ ထိန်းသိမ်းကြီးကြပ်မှု ဆိုင်ရာ ပြောင်းလဲမှု အရှိန်က စတင်၍ အရှိန်မြင့်လာနေပြီး ဆက်လက်၍ အကောင်းကို မျှော်လင့်နိုင်သလို မြန်မာနိုင်ငံ အပေါ် သံသယရှိနေသူများအတွင် မျှော်လင့်ချက်များ အသစ်ဖြစ်လာစေသည် ဟု သူက ဆိုသည်။
“စီးပွားရေး တိုးတက်မှုကို Infrastructure အခြေခံအဆောက်အဦးမှာ ရင်းနှီးမြှုပ်နှံမှုက မောင်းနှင်ဖွယ်ရာ ရှိပါတယ်။ အထူးသဖြင့် လျှပ်စစ်ဓာတ်အား၊ ဆိပ်ကမ်းတွေနဲ့ ရထားလမ်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တပြိုင်ထဲတိုးတက်ရမှာက ပြောင်းလဲဆန်းသစ်မှု ဖွံံ့ဖြိုးလာဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နောက်ဆုံးပေါ် ဆန်းသစ်တဲ့ ကုန်ထုတ်လုပ်မှု နည်းပညာ တွေကို အသုံးပြုနိုင်ဖို့ ဟောင်းနွမ်းနေတဲ့ နည်းပညာတွေကို ကျော်လွှားရပါမယ်။ ဘဏ္ဍာရေး ဝန်ဆောင်မှုပိုင်းမှာ အဲဒါကို သိသိသာသာ မြင်ရပါလိမ့်မယ်။ ဒါပေမယ့် ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု ကဏ္ဍတွေမှာလည်း အသုံးချရပါမယ်။ အွန်လိုင်းကို အခြေခံတဲ့ စီးပွားရေးက တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။ Grab Taxi လိုမျိုး ဒါကို စောစောစီးစီး ကျင့်သုံးတဲ့ သူတွေက ဈေးကွက်ထဲကို ဝင်လာနေကြပါပြီ” ဟု Jo Daniels က ပြောသည်။
“အဲဒီ အခွင့်အလမ်းအားလုံးကလည်း စိန်ခေါ်မှုတွေ ရှိပါတယ်။ ပြောင်းလဲနေတဲ့ ဥပဒေနဲ့ မူဝါဒတွေနဲ့ ညီညွတ်အောင် အချိန်နဲ့ တပြေးညီ လိုက်နာထိမ်းသိမ်းနိုင်မယ့် အစီအမံမျိုးကို ရှာဖွေဖို့ ကုမ္ပဏီတွေ အခက်တွေရသလိုမျိုးပေါ့။ ဒီဂျစ် တယ်စီးပွားရေး လိုမျိုး ဖွ့ွံဖြိုးမှု အသစ်တွေကို တာဝန်ယူ ထိန်းသိမ်းဖို့ ဥပဒေအများစုကလည်း မရေးဆွဲရသေးပါဘူး။ ဥပဒေ ရေးရာ ပြုပြင်ပြောင်းလဲရေးတွေကို အမီလိုက်ဖို့ အုပ်ချုပ်ရေးနဲ့ ထိန်းသိမ်းကြီးကြပ်ရေး မူဝါဒတွေလည်း လိုအပ်ပါတယ်။”
ထိုပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိသည့် အခြားသောသင်ခန်းစာများက မှန်ကန်သော ရင်းနှီးမြှုပ်နှံမှု နှင့် (မြန်မာ နိုင်ငံတွင် အထူးအရေးပါဆုံး ဖြစ်သည့်) မှန်ကန်သော စီးပွားဖက်တို့က အရေးကြီးကြောင်း ဖော်ပြနေသည်။ သဘာဝ အရင်းအမြစ် နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံတွင် သဘာဝ အရင်းအမြစ်ကြွယ်ဝသည့် နေရာအများစုက ပဋိပက္ခဇုန် များအတွင်းတွင် ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများကို အခက်တွေ့စေသည်။ သို့သော်လည်း လက်ရှိ တိုးတက်နေသော နေရာများ နှင့် အနာဂတ်လိုအပ်ချက်တို့ကို ဝန်ဆောင်ပေးခြင်းက အကျိုးအမြတ်ရတတ်ပါသည်။ တယ်လီဖုန်း ဆက်သွယ် ရေးကဏ္ဍက ထင်ရှားသော ဥပမာတခု ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် တိုးပွားလာနေသည့် လူလတ်တန်းစားများကို ပစ်မှတ်ထားသော ကြက်ကြော်ဆိုင်လုပ်ငန်းအပါအဝင် ဝန်ဆောင်မှုကို အခြေခံသည့် လုပ်ငန်းများလည်း ထိုနည်းတူ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦး လိုအပ်ချက် ကြီးမားနေခြင်းကလည်း များစွာသော အခွင့်အရေးများ ပေးနေပါသည်။ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေး အပိုင်းတွင် မည်သည့်ကဏ္ဍတွင်မဆို ဝယ်လိုအားများ ရှိနေသော်လည်း မြေယာပိုင်ဆိုင်မှုနှင့် မြေယာပဋိပက္ခတို့က သတိထား၍ ကိုင်တွင်ရမည့် ကိစ္စများ ဖြစ်ပါသည်။
ကာလကြာမြင့်စွာ ဥပေက္ခာ ပြုထားခြင်းခံခဲရသည့် နိုင်ငံတခု၊ စီးပွားရေးတခုတွင် စိန်ခေါ်မှုများ မည်မျှကြီးမားသည်ကို နားလည်သဘောပေါက်လာခြင်းက စီးပွားရေးလုပ်ငန်းများ၏ ကနဦးမှ စိတ်အားထက်သန်မှုများ နှင့် အကောင်းမြင်မှု များကို လျော့ပါးသွားစေခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံက လျှင်မြန်စွာ ခေတ်နောက်ကို လိုက်လာနေသည့် အတွက် အကောင်းမြင်စရာများ ရှိနေဆဲ ဖြစ်ပါသည်။ အမှန်တကယ်တွင်လည်း စိန်ခေါ်မှုများကို ကျော်ဖြတ်လုပ်ကိုင်ရန် ဆန္ဒရှိ နေသူများအတွက် အကျိုးအမြတ် ပြန်လည်ရရှိကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိတ်ရှည် သည်းခံ ခြင်းကြောင့် အောင်မြင်ကြောင်း ကောင်းစွာသက်သေပြနိုင်ပါလိမ့်မည်။
(The Diplomat ပါ Edward Parker ၏ Maturing Myanmar: Is Business Still Confident? ကို ဘာသာပြန်ဆိုသည်။)