ယခုနှစ် စားတော်ပဲ သွင်းကုန် အစားထိုးမူဝါဒကို သုံးသပ် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။
ဦးတိုးအောင်မြင့် က ‘‘စားတော်ပဲက ဒီကိုအရောက်မှ တတန်ကို ဒေါ်လာ ၄၀၀ တောင်မပြည့်ဘူး။ ကျန်တဲ့ပဲတွေ ဈေး ကြီးတဲ့ အခါ ကျန်တဲ့ ပဲအစားထည့်ဖို့ ဖြစ်တယ်။ အခုပြည်တွင်းမှာ ကျန်တဲ့ ပဲတွေ ဈေးကျလာပြီဆိုရင် ဒါတွေကို ကန် ထရိုက်ချုပ်တယ်။ သင်္ဘောတင်တယ်၊ ဒီလောက်ပဲ လက်ခံတော့မယ်။ ကျန်တဲ့ပဲကို တင်သွင်းခွင့် မပေးဘူး။ ဒီလထဲမှာ ပဲ သွင်းကုန်မူဝါဒ သုံးသပ်တာကို လုပ်သွားမယ်’’ဟု ပြောဆိုသည်။
လက်ရှိတွင် သွင်းကုန် ပဲအစားထိုး ပဲသီးနှံအဖြစ် ကနေဒါနိုင်ငံမှ တင်သွင်းနေသည့် စားတော်ပဲ တင်သွင်းမှုကို ထိန်းချုပ် ရန် စီစဉ်နေပြီး စီးပွား/ကူးသန်း က အမြန်ဆုံး ကြေညာချက် ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ရန်ကုန်မြို့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရှိ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းရုံးတွင် စက်တင်ဘာ ၅ ရက်က ပြုလုပ်သော ညှိနှိုင်း အစည်းအဝေး ၌ ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
ယင်း အစည်းအဝေးသည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က ဖွဲ့စည်းခဲ့သော ပဲမျိုးစုံတင်ပို့မှု ဆိုင်ရာ ပေါင်းစပ် ညိုနိူင်းရေး အထူးလုပ်ငန်း အဖွဲ့၏ ပထမအကြိမ် ညိုနိူင်းအစည်းဝေး ဖြစ်သည်။
ထိုသို့ သွင်းကုန်မူဝါဒ ပြောင်းလဲရခြင်း အဓိကအချက်မှာ အိန္ဒိယမှ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း တို့ကို မြန်မာနိုင်ငံ အပါ အဝင် ပြည်ပမှ ဝယ်ယူမှု ကန့်သတ်လိုက်ခြင်းကြောင့် အိန္ဒိယသို့ ပဲအများဆုံး တင်ပို့နေသည့် မြန်မာနိုင်ငံ အနေ နှင့် ပြည်တွင်း ပဲစိုက်တောင်သူများ မနစ်နာစေရန် ကြိုတင်ပြင်ဆင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် အိန္ဒိယမှ ပဲတင်ပို့မှု ကန့်သတ် ထားသောကြောင့် ပြည်တွင်း၌ လက်ကျန် ပဲစင်းငုံ တန်ချိန် ၂ သိန်း ဝန်းကျင် နှင့် မတ်ပဲ တန်ချိန် ၃ သိန်းခန့် ကျန်ရှိနေသည်ဟု ဆိုသည်။
သို့ဖြစ်၍ နှစ်စဉ် ပြည်ပမှ တင်သွင်းနေသည့် ပဲအစားထိုး ပဲသီးနှံဖြစ်သည့် စားတော်ပဲ တင်သွင်းမှုနှင့် ကုလားပဲကို တိုးမြှင့် စိုက်ပျိုးရန်အတွက် သုံးသပ်သွားမည်ဖြစ်ပြီး ယင်းပဲ ၂ မျိုးသည် မြန်မာနိုင်ငံရှိ အပူချိန်နိမ့်သည့် စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ မကွေးတိုင်း နှင့် ချင်းပြည်နယ် အစပ်တို့တွင် အများဆုံး ဖြစ်ထွန်းနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးတင့်ထွန်း က ပြောဆိုသည်။
ဆက်လက်၍ ၎င်းက‘‘ဒါကြောင့် ကျနော်တို့ဘက်က စားတော်ပဲ တင်သွင်းမှုကို အခိုက်အတန့် တားမြစ်ပေးလိုက်ရင် စားတော်ပဲ လိုအပ်ချက် ဈေးကွက်တခု မြင့်ပြီး တောင်သူစိုက်လာမယ်။ စားတော်ပဲ စိုက်ရင် ဈေးကောင်းရတယ် ဆို တာ သိလာမယ်။ ဥပမာ စားတော်ပဲ လက်ရှိ တန်ချိန် ၁ သိန်း တင်သွင်းနေတယ် ဆိုရင် အခုနှစ်မှာ တန်ချိန် ၅ သောင်း တင်သွင်းမယ်။ ဒါမျိုး ဆောင်ရွက်သွားရမှာ ဖြစ်တယ်’’ဟုလည်း ပြောပြသည်။
အရည်အသွေး စိုက်ပျိုးမှုကို မြှင့်တင်နိုင်ခြင်း၊ သွင်းကုန်အခွန် ကောက်မှုကို မြှင့်တင်မည်ခြင်း ဆိုသည့် အချက်တို့ကို စဉ်းစားရမည်ဖြစ်ပြီး အတိုင်းအတာတခုအထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စီးပွား/ကူးသန်း အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် ကလည်း ပြောသည်။
ထိုသို့ လုပ်ဆောင်ရာတွင် တောင်သူရွေးချယ်မှု မှန်ကန်စေရန်အတွက် စိုက်ပျိုးစနစ် အနေအထား၊ ဒေသအလိုက် ထွက်ရှိနိုင်သော အနေအထားများကို အသိပညာပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ ပါ ပါဝင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအထက်ပိုင်း ပဲစိုက်တောင်သူ ကိုယ်စားလှယ် ဦးတင်ဝင်းက‘‘ပဲစင်းငုံက ဦးတို့ ပခုက္ကူဘက်မှာ ဧက သောင်း နဲ့ ချီစိုက်ပြီးပြီ။ ဧပြီလထဲက စစိုက်တာ ပေါ်တော့မပေါ်သေးဘူး။ ရက်ပေါင်း ၁၈၀ နဲ့ ၂၀၀ ဝန်းကျင်လောက်မှ ပေါ်တာ။ မျိုးရင်းသက်တမ်း ရင့်တာက ထားလို့ရတယ်။ အနည်းဆုံး ၂ နှစ် ထားလို့ရတယ်။ အခုစမ်းသပ် စိုက်ပျိုးကြတဲ့ မျိုးက ကျတော့ ရက်ပေါင်း ၁၂၀ လောက်ဆိုပေါ်တယ်။ ဒါက ထားလို့မရဘူး။ ဒါတော့ အခက်အခဲလေး ရှိတယ်’’ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိလည်း ပဲစင်းငုံ စိုက်ဧက များစွာ စိုက်ပျိုးထားပြီး ဖြစ်ကြောင်း တောင်သူများက ပြောဆိုကြသည်။
ထို့အပြင် ပြည်ပမှ တင်သွင်းနေသည့် စားအုန်းဆီ တင်သွင်းမှုကိုလည်း သုံးသပ်ပြီး ပြည်တွင်း ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် အစားထိုး စိုက်ပျိုးလုပ်ဆောင်ခြင်း နှင့် မတ်ပဲစိုက်ပျိုးသည့် နေရာများတွင် ဆီထွက် သီးနှံဖြစ်သည့် နေကြာ၊ မြေပဲ နှင့် နှမ်းစိုက်ပျိုးသော ဧရိယာများ ဖြစ်လာစေရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးတင့်ထွန်း က ပြောသည်။
‘‘ဒါပေမယ့် ပြောင်းလဲလာတဲ့ ရာသီဥတုအရ ပြဿနာ ရှိတယ်။ အဲဒီအတွက်ကြောင့် မတ်ပဲအစား ဆီထွက် သီးနှံဖြစ်တဲ့ နေကြာ၊ နှမ်းစတဲ့ သီးနှံ ပြောင်းလဲစိုက်ပျိုးရင် ဒါကရေလွတ်တဲ့ သီးနှံဖြစ်တယ်။ ဒါကြောင့် တောင်သူ ဆုံးရူံးမှာလည်း ကျနော်တို့ စိုးရိမ်တယ်။ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဖို့တော့ သတိထားရမယ်။ ဒီအတွက် စဉ်းစားတာက ပဲအစားထိုး ပဲသီးနှံတွေ၊ ပဲအစားထိုး အခြားသီးနှံတွေ အစား ဘာပြောင်းစိုက်မလဲ လုပ်ငန်းကိုသွားရမယ်’’ဟုလည်း ၎င်းက ဆက် လက် ပြောဆိုသည်။