မန္တလေးတောင် ကေဘယ်လ်ကား ပြေးဆွဲမည့်စီမံကိန်းနှင့် ပတ်သက်၍ Sky Dream ကုမ္ပဏီက စက်တင်ဘာ ၆ ရက်နေ့တွင် မန္တလေးမြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ မြို့လူထုအများစုက ကန့်ကွက်ခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် မန္တလေးအခြေစိုက် စိမ်းရောင်စို အရပ်ဘက် အဖွဲ့ အစည်းမှ ဦးမောင်မောင်ဦးက ပြောသည်။
ဦးမောင်မောင်ဦးက “မြို့ရဲ့အထင်ကရ နေရာတခုကို စီးပွားရေးအသွင်သဏ္ဍာန် ပေါင်းစပ်လုပ်မယ့် ကိစ္စတခုဖြစ်လို့ ကျနော်တို့က ကန့်ကွက်ပါတယ်။ ပြီးတော့ အခုလို သမိုင်းတန်ဖိုးကြီးတဲ့ နေရာမျိုးမှာ လုပ်မယ့်စီမံကိန်းတခု ဖြစ်ပေမယ့် အဲဒါကို ဇောင်းပေးကြည့်တဲ့အမြင် အရမ်းနည်းတယ်လို့ မြင်တယ်၊ အဲဒီနေ့က ပွဲတက်တဲ့သူ အကုန်နီးပါးလည်း ဒီ စီမံကိန်းကို ကန့်ကွက်ခဲ့ကြပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ယင်းစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မန္တလေးတောင်ခြေရှိ ဘိုးဘွားရိပ်သာရှေ့မှ စတင်၍ မန္တလေးတောင်ထိပ်အထိ ကေဘယ်လ်ကြိုးများဖြင့် ပြေးဆွဲကာ ခရီးသည်ပို့ဆောင်ခြင်း လုပ်ငန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ယင်းစီမံကိန်းနှင့် ပတ်သက်၍ တရားဝင်လေ့လာမှုပြုလုပ်နိုင်ရန် သဘောတူလက်မှတ်ရေးထိုးခြင်း အဆင့်သာရှိသေးပြီး စီမံကိန်းအလုံးစုံကို ခွင့်ပြုသည့်အဆင့် မဟုတ်ကြောင်း ဧရာဝတီကို ပြောသည်။
ဝန်ကြီး ဦးဇာနည်အောင်က “တိုင်းအစိုးရအဖွဲ့နဲ့ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတို့ LOI ထိုးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ မြို့ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ခရီးသွား လုပ်ငန်းအတွက် အထောက်အကူပြုနိုင်မယ်လို့ ယူဆလို့ လေ့လာခွင့် ပေးထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
Letter of Intent (LOI) စာချုပ် လက်မှတ်ရေးထိုးခြင်း ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီက ၎င်းတို့ စိတ်ဝင်စား သည့် ကဏ္ဍကို တိုင်းအစိုးရအဖွဲ့က အသိအမှတ်ပြုသည့် အဆင့်ဖြစ်ပြီး စီမံကိန်းနှင့် ဆက်စပ်သည့် အချက်အလက် များကို တရားဝင် လေ့လာခွင့် ပေးခြင်းသာ ဖြစ်ကြောင်း၊ ကုမ္ပဏီက အချက်အလက်များ ကွင်းဆင်းရယူပြီးပါက တိုင်းအစိုးရအဖွဲ့ထံ ပြန်လည်တင်ပြရမည်ဖြစ်ပြီး အစိုးရအဖွဲ့က စီမံကိန်းပြုလုပ်သင့်၊ မသင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။
ကိုးရီးယားနိုင်ငံ အခြေစိုက် Sky Dream ကုမ္ပဏီက မန္တလေးတောင်ခြေမှ တောင်ပေါ်အထိ Cable-car (ခရီးသည် များကို တောင်ပေါ် တောင်အောက် ပို့ဆောင်သည့် သံကြိုးဆွဲယာဉ်) စီမံကိန်း ပြုလုပ်ရန် တိုင်းအစိုးရအဖွဲ့ထံ အဆို ပြုခဲ့ဲပြီး ယခုလဆန်းက LOI လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု တိုင်းလျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။
မန္တလေးမြို့မိမြို့ဖတဦးဖြစ်သူ စာရေးဆရာ ဆူးဌက်ကလည်း “ ဒီလိုနေရာမျိုးမှာ မလိုအပ်တဲ့ စီမံကိန်းတခုကို လုပ်ဖို့ လက်ခံတာကိုက ပြည်သူ့အသံ နားမထောင်တာပါပဲ၊ ဒီလိုလုပ်မှ ဧည့်ပိုလာမယ် ဆိုတဲ့အတွေးက တော်တော်စိတ်ပျက် စရာ ကောင်းပါတယ်။ ဒီနေရာဟာ သမိုင်းတန်ဖိုးအရ ကာကွယ်ရမယ့် နေရာ တခုပါ။ မြို့လူထုက ကန့်ကွက်တာကို ဆက်လုပ်ခွင့် ပြုမယ်ဆိုရင်တော့ သမိုင်းတရားခံ ဖြစ်မှာပဲလေ” ဟု ၎င်း၏ အမြင်ကို ဧရာဝတီအား ပြောသည်။
မန္တလေးတောင်သည် အမြင့်ပေ ၅၀၀ ရှိပြီး လက်ရှိတွင် တောင်ပေါ်သို့ ကားလမ်း၊ ခြေလျင်တက်လမ်းတို့ ရှိသည့်အပြင် ကားလမ်းမှ တောင်ထိပ်ရှိဘုရားသို့ အရောက်ပို့ပေးနိုင်မည့် ဓာတ်လှေကား၊ စက်လှေကား၊ ရိုးရိုးလှေကားများလည်း တပ်ဆင်ထားရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွား လာရောက်မှုများသည့် မြို့၏ အထင်ကရ နေရာတခုဖြစ်သည်။