ပြည်ပမှပဲတင်သွင်းမှုကို ယာယီရပ်ဆိုင်းမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ပြီးနောက် ပြည်ပမှ အဓိကတင်သွင်းနေသည့် စားတော်ပဲဈေးသည် ရက်ပိုင်းအတွင်း ဈေးတက်လာကြောင်း မန္တလေးပဲနှမ်းကုန်စည်ဒိုင်မှ သိရသည်။
“စားတော်ပဲက ပြည်တွင်းမှာအသုံးများသလို ဒီကထွက်တာက ဈေးအရမ်းကောင်းတဲ့အတွက် ပြည်ပကသွင်းတာကို အစားထိုးအနေနဲ့ သုံးနေကြတာ။ ဒါကိုသွားပိတ်လိုက်တော့ လက်ရှိဖြစ်နေတဲ့ ပဲပြဿနာအပေါ် အကျိုးသက်ရောက်မှု မရှိသလို ဘာမှလည်း မဆိုင်ဘူးလို့ မြင်မိတယ်” ဟု မန္တလေး ပဲနှမ်း ကုန်စည်ဒိုင်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်သွင်က ဧရာဝတီကို ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ကုန်သွယ်မှုဆိုင်ရာ ပြောင်းလဲလျက်ရှိသော အခြေအနေများကြောင့် ပြည်တွင်းပဲဈေးကွက်တည်ငြိမ်စေရန်အတွက် ပြည်ပမှ ပဲမျိုးစုံတင်သွင်းခွင့်အား စက်တင်ဘာ ၁၅ ရက်မှ စ၍ ယာယီရပ်ဆိုင်းမည်ဟု ပါရှိသည်။
၎င်းရက်မတိုင်မီ ပြည်ပမှ ပဲတင်သွင်းခွင့်လိုင်စင် လျှောက်ထားလာမှုများအား သဘောၤတင် အထောက်အထား (Bill of Lading) ပါရှိမှသာ ခွင့်ပြုသွားမည်ဆိုသည့်အချက်လည်း ပါရှိသည်။
လက်ရှိတွင် စားတော်ပဲကို ကနေဒါ၊ ယူအက်အေ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဂျင်တီးနားနိုင်ငံတို့မှ ပြည်တွင်းသို့ တင်သွင်းလျက်ရှိရာ ပြီးခဲ့သည့်လကုန်ပိုင်းက မန္တလေးပဲနှမ်းဈေးကွက်အတွင်း ပြည်ပမှ တင်သွင်းလာသည့် စားတော်ပဲ သုံးတင်းဝင်တအိတ်လျှင် ၆၅၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာမှ ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့ ပေါက်ဈေးမှာ တအိတ်လျှင် ၇၈၀၀၀ ကျပ် အထိ ဈေးမြင့်တက်လာကြောင်း သိရသည်။
ပဲမျိုးစုံဈေးကွက်အတွင်း စားတော်ပဲအမျိုးအစား ၂ မျိုးရှိရာ ပြည်တွင်းမှ စိုက်ပျိုးသည့်ပဲနှင့် ပြည်ပမှ တင်သွင်းသည့်ပဲတို့ဖြစ်ပြီး ဈေးနှစ်ဆနီးပါးခန့် ကွာဟသဖြင့် ပြည်တွင်း စားသုံးမှုနှင့် ပဲကြိတ်ခွဲစက်များတွင် ပြည်ပပဲကို အစားထိုးသုံးစွဲမှုများကြောင်း မန္တလေးဈေးကွက်အတွင်းမှ ပဲကုန်သည် များထံမှ သိရသည်။
ပြည်တွင်းမှ ထွက်သည့် စားတော်ပဲတအိတ်လျှင် ၁၄၀,၀၀၀ ကျပ် ဝန်းကျင်ရှိသဖြင့် ဧရာဝတီ မြစ်ရိုး တလျှောက်၊ မြန်မာပြည်အောက်ပိုင်းတွင် အစိုက်များပြီး အရည်အသွေးကောင်းသည့် ပဲ အမျိုးအစား တခု ဖြစ်ကြောင်း သိရသည်။
“စားတော်ပဲကတော့ အိတ်စ်ပို့ပိတ်လိုက်တော့ ဈေးတက်လာတယ်။ အခုလက်ရှိသွင်းထားတဲ့ ပမာဏ ကလည်း များတယ်ဆိုတော့ ဈေးသိပ်မတက်နိုင်ဘူးလို့ မှန်းရတာပါပဲ။ တကယ်လို့ ပြည်တွင်းမှာ အရမ်း ဈေးကောင်းလာရင်တော့ တရုတ်၊ အိန္ဒိယနယ်စပ်လမ်းကြောင်းကနေ မှောင်ခိုသွင်းလာနိုင်တယ်” ဟု မန္တလေးမြို့ရှိ “မုံရွာ” ပဲပွဲရုံပိုင်ရှင် ဦးမျိုးဆွေက ပြောသည်။
သြဂုတ်လက အိန္ဒိယနိုင်ငံ၏ သွင်းကုန်မူဝါဒတွင် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို ကန့်သတ်ကုန်စည် အဖြစ် သတ်မှတ်လိုက်သောကြောင့် ၎င်းဝယ်လိုအားကို အဓိကမှီခိုနေရသည့် ပဲစင်းငုံနှင့် မတ်ပဲ တို့သည် တလအတွင်း ဈေးထိုးကျသွားခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ပြည်တွင်း ပဲဈေးကွက်တည်ငြိမ်မှုရရှိစေရန် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်အခြေအနေအပေါ် မူတည်၍ ပြည်ပမှ ပဲမျိုးစုံတင်သွင်းခွင့်ကို ပြန်လည်သုံးသပ်ဆောင်ရွက်မည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်များအရ သိရသည်။