စီးပွားရေး

မောင်တောနယ်စပ်တွင် စီးပွားရေးဇုန် အပိုင်း ၁ စတင်မည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကညင်ချောင်း စီးပွားရေးဇုန် အပိုင်း ၁ ကို ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက “ အစကတော့ ပထမအဆင့်ကို ဒီနှစ် မတ်လလောက်မှာ အပြီးလုပ်မယ်ဆိုပြီး မှန်းထားတာ။ ဒါပေမယ့် အခုက အကြမ်းဖက်မှုတွေ ဖြစ်သွားတော့ နည်းနည်း တော့ နောက်ကျသွားမှာ။ ဒီနှစ်ထဲမှာပဲ စီးပွားရေးဇုန် အပိုင်း ၁ ကို ပြီးအောင် လုပ်သွားမှာ ဖြစ်တယ်။ မောင်တော အကြမ်း ဖက်မှု ဖြစ်သွားတော့ နည်းနည်းတော့ အခက်အခဲလေး ဖြစ်သွားတာပေါ့။ ဒါပေမယ့် တည်ငြိမ်မှု စရပြီဆိုတာနဲ့ အကောင် အထည်ဖော် စလုပ်တော့မှာ ’’ ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကညင်ချောင်း စီးပွားရေးဇုန် အပိုင်း ၁ ကို ကျပ် ၂ ဒသမ ၂ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ရခိုင် ပြည်နယ် အစိုးရက ကျပ် ၁ ဒသမ ၅ ဘီလီယံနှင့် ကျန်ရှိသည့် ငွေကြေးကို နတ်မြစ်အလင်းတန်း ကုမ္ပဏီက ထည့်ဝင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

နတ်မြစ်အလင်းတန်း ကုမ္ပဏီကို မောင်တောအခြေစိုက် ကုမ္ပဏီ ၄ ခုနှင့် ယင်းတို့နှင့် ဆက်စပ်သည့် ရန်ကုန်မှ ကုမ္ပဏီ ၃ ခု ၊ စုစုပေါင်း ကုမ္ပဏီ ၇ ခု စုဖွဲ့ထားခြင်း ဖြစ်သည်။

ယင်းစီးပွားရေးဇုန်ကို ပြည်နယ်အစိုးရအဖွဲ့က ၆၅ ရာခိုင်နှုန်း၊ ကုမ္ပဏီလုပ်ငန်းရှင်များက ၄၅ ရာခိုင်နှုန်း စသည်ဖြင့် အကျိုးတူ ပူးပေါင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းမောင်တော စီးပွားရေးဇုန်ကို မောင်တောမြို့နယ် ကညင်ချောင်းကျေးရွာတွင် မြေဧက ၁၀၀ အသုံးပြုကာ တည် ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ယင်းနေရာ၌ ကုန်သွယ်ရေးဇုန်အဖြစ် လုပ်ကိုင်နေလျက်ရှိသည်။

ကုန်သွယ်ရေးဇုန်သည် လုပ်ငန်းအားဖြင့် ကြည့်လျှင် ကုန်သွယ်ရေးကဏ္ဍတခုကိုသာ လုပ်ဆောင်နိုင်သောကြောင့် လုပ်ငန်း ကျဉ်းသဖြင့် စီးပွားရေးဇုန်အဖြစ် ပြောင်းလဲ ဆောင်ရွက်လျှင် အခြားသော စက်ရုံ၊ အလုပ်ရုံများသာမက ဝန်ဆောင်မှု လုပ် ငန်းများပါ လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်၍ စီးပွားရေးဇုန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် မောင်တောနယ်စပ် ကညင်ချောင်း စီးပွားရေးဇုန်ကို စတင်ရန် စီစဉ်ခဲ့ပြီး အစိုးရ အပြောင်းအလဲကြောင့် အနည်းငယ်တန့်သွားခဲ့ကာ ယခုနှစ်စမှ ပြန်လည်၍ စတင်လုပ်ဆောင်နေကြောင်း၊ ယင်းဇုန် တည်ဆောက်ပြီးစီးလျှင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည် ဖြစ်ပြီး ၎င်းတို့အတွက် စီးပွားရေးဇုန် ဧရိယာ သတ်မှတ် ကာ လုံခြုံရေး အထူးကြပ်မတ်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

ထိုစီးပွားရေးဇုန် တည်ဆောက်ခြင်းမှာ မောင်တောဒေသ မတည်မငြိမ်ဖြစ်ရခြင်းသည် အဓိကအားဖြင့် အလုပ်အကိုင် အခွင့် အလမ်းများ၊ တဦးချင်း ဝင်ငွေများ နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟုု ယူဆပြီး စီးပွားရေးဇုန် တည်ထောင်ခြင်းဖြင့် ဒေသ တည်ငြိမ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် အထောက်အကူပေးနိုင်မည် ဆိုသော မျှော်လင့်ချက်ဖြင့် လုပ် ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက “ကညင်ချောင်း ကုန်သွယ်ရေးဇုန်ကို စီးပွားရေး ဇုန် ဖြစ်အောင်လုပ်မယ်ဆိုပြီး ကျနော်တို့ကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရက တွန်းအားပေး ပြောဆိုထားတာ ရှိ တယ်။ နယ်မြေလုံခြုံမှုရရင် စီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဖို့အတွက် အစီအမံလေးတွေ ချထားတယ်’’ ဟု ဧရာဝတီ သို့ ပြောသည်။

စီးပွားရေးဇုန်တွင် ရေငန်ပုစွန်ကုန်ကြမ်းကို ကုန်ချောအဖြစ် ထုတ်လုပ်မည့် အအေးခန်း စက်ရုံများ၊ CMP လုပ်ငန်းများကဲ့သို့ အထည်ချုပ် စက်ရုံများနှင့် ဆန်စက်များ၊ လူသုံးကုန်နှင့် စက်မှု လုပ်ငန်းထုတ်လုပ်သည့် စက်ရုံများ အစရှိသည့် ဒေသခံများ အား အလုပ်အကိုင်၊ အခွင့်အလမ်း များများပေးနိုင်သည့် လုပ်ငန်းများ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းစီးပွားရေးဇုန်ကို ပြည်နယ်အစိုးရနှင့် နတ်မြစ်အလင်းတန်း ကုမ္ပဏီတို့က ပြည်နယ်အတွင်း အကြမ်းဖက်မှုများ မဖြစ်ပွား မီက ယခုလ ၂၉ ရက်နေ့တွင် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးရန် ရက်သတ်မှတ်ထားသော်လည်း မသေချာသေးဘဲ ဇုန် တည်ဆောက်မည့် ကြာချိန်နှင့် မည်သည့်အချိန်တွင် လုပ်ငန်းစတင်နိုင်မည်ကိုလည်း အသေးစိတ် မသိရှိရသေးပေ။

မယူကမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးမောင်စောဝင်းက “ ကျနော်တို့ အနေနဲ့တော့ ဒီစီးပွားရေးဇုန် တည် ဆောက်မယ့် ကိစ္စအပေါ် ဒေသခံတွေအတွက် အကျိုးဖြစ်မယ်။ မဖြစ်ဘူးဆိုတာ ပြောဖို့ စောပါသေးတယ်။ စောင့်ကြည့် ရဦးမယ်။ တည်ငြိမ်မှု မရှိဘဲနဲ့ ဘာစီးပွားရေးပဲလုပ်လုပ် မအောင်မြင်နိုင်ဘူး။ တည်ငြိမ်မှုရဖို့ အတွက် အရင်လုပ်စေချင် တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယခုဆောက်လုပ်မည့် မောင်တောနယ်စပ် ကညင်ချောင်း စီးပွားရေးဇုန်သည် ရခိုင်ပြည်နယ်တွင် တတိယမြောက် ဆောက် လုပ်မည့် စီးပွားရေးဇုန်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စာရင်းများအရ ရခိုင်ပြည်နယ်တွင် ပြည်ပကုမ္ပဏီ ၃ ခုနှင့် ပြည်တွင်း ကုမ္ပဏီ ၁၃၆ ခုတို့က တရားဝင် မှတ်ပုံတင်ပြီး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

မောင်တောနယ်စပ် ကုန်သွယ်မှုစခန်း၏ ကုန်သွယ်မှုတန်ဖိုးမှာ ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ အကြား ကုန်သွယ်မှုတန်ဖိုးမှ ကန်ဒေါ်လာ ၆ သန်းရရှိအောင် လျာထားပြီး လက်ရှိ စက်တင်ဘာ ၁ ရက်နေ့အထိ ကန်ဒေါ်လာ ၅ သန်းကျော် ရရှိထားသည်။

ယင်းကုန်သွယ်ရေးစခန်းသည် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၂၀၁၆ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှ ဒီဇင်ဘာ ၂၄ ရက် အထိ တကြိမ် ရပ်ဆိုင်းခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တကျော့ပြန် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယနေ့အထိ ရပ်ဆိုင်းခဲ့ရပြန်သည်။

မင်းအောင်ခိုင် ပံ့ပိုး ရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading