နိုင်ငံတကာ လက်ကားရောင်းဝယ်ရေးနှင့် အစားအစာပိုင်းဆိုင်ရာ အထူးကျွမ်းကျင်သော ဂျာမနီနိုင်ငံမှ METRO Whole sale Myanmar နှင့် YOMA Strategic ကုမ္ပဏီတို့ ပူးပေါင်းပြီး သီလဝါအထူးစီးပွားရေးဇုန် ဘီတွင် ကုန်သိုလှောင်ရုံကို တနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ရုံသည် မြန်မာနိုင်ငံရှိ YOMA Strategic ကုမ္ပဏီနှင့် ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပူးပေါင်း ဆောင်ရွက် ခဲ့ပြီး မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကာ အစားအစာ ဘေးကင်းလုံခြုံရေးအတွက်လည်းပို၍ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း METRO Wholesale Myanmar ၏ Deputy CEO ဖြစ်သူ Ms.TiparayatKaewsringarm က စက်တင်ဘာလ ၁၄ ရက်နေ့က သီလဝါ အထူးစီးပွားရေးဇုန်တွင် ပြုလုပ်သော ကုန်လှောင်ရုံ တည်ဆောက်ရန် ပန္နက်ရိုက် အခမ်းအနား၌ ပြောကြား ခဲ့ခြင်း ဖြစ်သည်။
“အခု စတင်လုပ်ဆောင်နေပါပြီ။ စက်ရုံက စတုရန်းမီတာ ၃ သောင်းခန့် ကျယ်ဝန်းပါတယ်။ လာမယ့် ၂၀၁၈ နှစ်လယ် လောက်မှာ ပြီးစီးမယ်လို့ မှန်းထားပါတယ်။ ဒါကြောင့် အလုပ်သမား ၃၀၀ ကျော်ကို စတင်ပေးသွားမှာ ဖြစ်ပါတယ်။ ရန်ကုန် မှာရှိတဲ့ လုပ်သားတွေကို အများဆုံး ခန့်ထားပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဖြန့်ချိရေးဆိုင်ရာ အခြေခံစနစ်တွေ ပြည်တွင်းမှာရှိတဲ့ ကုန်ပစ္စည်း ထုတ်လုပ်သူတွေနဲ့ ကျွမ်းကျင်သူတွေကို တနေရာတည်းမှာ အားလုံးရနိုင်ဖို့အတွက် ဆောင်ရွက်တာပါ။ မြန်မာနိုင်ငံသားတွေကိုပဲ အဓိက အလုပ်ခန့်သွားမှာ” ဟု ၎င်းက ပြောသည်။
ယခုလအတွင်း ပြီးစီးမည့် စက်ရုံပထမ တပိုင်းအတွက် ဝန်ထမ်း ၁၆၀ ခန့်အပ်မည် ဖြစ်ပြီး ခန့်ထားရာတွင် METRO Wholesale Myanmar ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်နေသည့် ကုမ္ပဏီများမှ လုပ်သားများ ခန့်အပ်မည်ဖြစ်ပြီး METRO ဘက်မှ ထက်ဝက်ခန့်ထား ပေးမည်ဟု ၎င်းက ပြောသည်။
METRO ကုမ္ပဏီသည် ဂျာမနီနိုင်ငံအခြေစိုက် ကုမ္ပဏီတခုဖြစ်ပြီး အာရှတွင်တရုတ်၊ ထိုင်း နှင့် ဂျပန်နိုင်ငံတို့တွင်လည်း စက်ရုံများရှိကာ မြန်မာနိုင်ငံသို့ ပထမဆုံး ရင်းနှီးမြှုပ်နှံလာသည့် ကုမ္ပဏီလည်းဖြစ်သည်။
မြန်မာနိုင်ငံ အနှံ့အပြားသို့ စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်း၊ အအေးခန်း သိုလှောင်ရုံများ ထားရှိခြင်းနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများ အစရှိသည်တို့နှင့် ဆက်စပ်သည့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ ထောင်ခန့်ကို ဖန်တီး ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကုန်လှောင်ရုံအတွက် စိုက်ပျိုးရေး ထွက်ကုန်များနှင့် မွေးမြူရေးထုတ်ကုန်များကို ဈေးတန်းတခုနှင့် အရည်အသွေးသတ်မှတ်ချက် ပြုလုပ်ပြီး စိုက်ပျိုး ထုတ်လုပ် မွေးမြူသည့် တောင်သူများထံမှ ချိတ်ဆက် ဝယ်ယူသွားမည် ဖြစ်သည်။
METRO Wholesale Myanmar ကုန်သိုလှောင်ရုံကို ကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံရန် လျာထားပြီး အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် မြန်မာနိုင်ငံမှ YOMA Strategic ကုမ္ပဏီက ၁၅ ရာခိုင်နှုန်း ပါဝင်သွားမည် ဖြစ်ကြောင်း YOMA Strategic ကုမ္ပဏီ Executive Director ဦးထွန်းထွန်းက ပြောသည်။
ဦးထွန်းထွန်းက “ဒီကုန်သိုလှောင်စက်ရုံကို ဝင်လာတဲ့ဟာက ပြည်တွင်းရော ပြည်ပရော ၂ မျိုးရှိတယ်။ လယ်သမားတွေ၊ မွေးမြူရေးသမားတွေအတွက် ဆက်စပ်ပြီးသင်သွားမယ့် လုပ်ငန်းစဉ်တွေ ရှိတယ်။ ဒီနေရာက center လေးတခု ဖြစ်လာမယ်။ စားသောက်ကုန်ပစ္စည်းများအတွက် လုံခြုံမှု ထိန်းထားတာရှိတယ်။ အဲဒီမှတဆင့် စားသုံးတဲ့နေရာတွေကို တောက်လျှောက်ပို့ပေးမှာ ဖြစ်တယ်” ဟု ပြောသည်။
ယခုလက်ရှိတွင် ပြည်တွင်း၊ ပြည်ပ ၂ ခုစလုံးမှ ကုန်ကြမ်းပစ္စည်းများ စက်ရုံသို့ အဝင်ရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင်စိုက်ပျိုး ရေးထုတ်ကုန် အဆင့်မြင့်အရည်အသွေးများကို မြန်မာနိုင်ငံတွင်သာ ထုတ်လုပ်ပြီး နိုင်ငံခြား ဈေးကွက်များ ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ပြည်တွင်းရှိ Banking system များမှ အွန်လိုင်းဝန်ဆောင်မှု ပေးနိုင်သော စနစ်ဖြင့် လည်း လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။