မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ Ooredoo Myanmar မှ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊ ငွေပေးချေခြင်းများကို အချိန်မရွေး၊ နေရာမရွေး (၂၄ နာရီ ၇ ရက်) ပြုလုပ်နိုင်မယ့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုဖြစ်တဲ့ “M-PiteSan” (M-ပိုက်ဆံ) ဝန်ဆောင်မှု စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်။
“M-ပိုက်ဆံ” ဝန်ဆောင်မှုဟာ Ooredoo ဆင်းမ်ကတ် ဖုန်းနံပါတ်ကို အသုံးပြုပြီး “M-Pitesan” Mobile Application ကို Download ဆွဲကာ စာရင်းသွင်း အကောင့်ပြုလုပ်ပြီး မိမိရဲ့ဖုန်းမှာ Mobile-wallet (မိုဘိုင်း ဒီဂျစ်တယ် ပိုက်ဆံအိတ်) တခုကဲ့သို့ အသုံးပြုနိုင်တဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတခု ဖြစ်ပါတယ်။
“M-Pitesan ကို အသုံးပြုပြီး ဘယ်ဖုန်းနံပါတ်ကိုမဆို ပိုက်ဆံ လွှဲပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ ငွေပေးသွင်းခြင်း၊ ငွေထုတ်ယူခြင်းများကို မြန်မာနိုင်ငံရဲ့ မြို့နယ်အသီးသီးမှာရှိတဲ့ M-ပိုက်ဆံ ကိုယ်စားလှယ်ဆိုင်များထံမှာ ပြုလုပ် နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် M-ပိုက်ဆံ ဝန်ဆောင်မှုဟာ CB ဘဏ်နဲ့ တိုက်ရိုက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်လို့ ဘဏ်စာရင်းနဲ့ မိုဘိုင်း ပိုက်ဆံအကြား အချိန်နဲ့တပြေးညီ ငွေလွှဲပြောင်းပေးခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်” လို့ Ooredoo Myanmar ရဲ့ Acting CEO, Mr. Vikram Sinha က ဆိုပါတယ်။
ဆက်လက်ပြီး သူက “M-ပိုက်ဆံ ဝန်ဆောင်မှုက မြန်မာနိုင်ငံအတွင်း ဘယ်နေရာ ဘယ်အချိန်မှာမဆို ငွေလွှဲလိုသူများအတွက် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ ယခု ဈေးကွက်အနေအထားက မိုဘိုင်းငွေကြေးရဲ့ နောက်တဆင့် ထွန်းကားလာမှုအတွက် အသင့်ဖြစ်နေပြီ ဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ သုံးစွဲသူတွေ၊ ဘဏ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဆောင်ရွက်နိုင်စွမ်းမြင့်မားတဲ့ ဝန်ဆောင်မှုမျိုး M-ပိုက်ဆံက ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။
အဆိုပါ Electronics စနစ်အဖြစ်သို့ ပြောင်းလဲပေးထားတဲ့ ငွေပမာဏဟာ “M-ပိုက်ဆံ” ကိုယ်စားလှယ်ဆိုင်များထံမှာ မိမိထည့်သွင်းပေးထားတဲ့ ငွေတန်ဖိုး ပမာဏအတိုင်းဖြစ်ပြီး “M-Pitesan” Application ကို အသုံးပြုကာ မိသားစုနှင့် သူငယ်ချင်း မိတ်ဆွေများထံ ငွေလွှဲငွေပို့ခြင်းများ၊ အချိန်နေရာမရွေး ဖုန်းငွေဖြည့်ခြင်းများ စတဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
မိုဘိုင်းငွေကြေးဝန်ဆောင်မှုဟာ ငွေလွှဲရန်အတွက် ဘဏ်သွားစရာမလိုဘဲ မိုဘိုင်းကနေတဆင့် အင်တာနက် အသုံးပြုပြီး အွန်လိုင်းကနေ ငွေပေးချေခြင်းများ၊ ငွေလွှဲခြင်းများ၊ ငွေသွင်းခြင်းများ စတဲ့ ဝန်ဆောင်မှုတွေကို အချိန်အများကြီး ပေးစရာမလိုဘဲ အချိန်နေရာမရွေး ဖုန်းနဲ့ အသုံးပြုနိုင်တဲ့ လွယ်ကူတဲ့ စနစ်တခု ဖြစ်ပါတယ်။
“M-ပိုက်ဆံ” ဝန်ဆောင်မှုကို ရယူလိုသူများအနေနဲ့ Ooredoo ဆင်းမ်ကတ်ကို အသုံးပြုပြီး အကောင့်ဖွင့် စာရင်း သွင်းရန်အတွက် “M-Pitesan” Application ကို Android ဖုန်းများအတွက် Google Play Store နဲ့ iOs အသုံးပြုသူများအတွက် Apple Store တို့မှ Download ရယူနိုင်ခြင်း သို့မဟုတ် ဖုန်းနံပါတ် USSD *999# ကို ခေါ်ဆိုပြီး စာရင်းပေးသွင်းနိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မိမိအကောင့်မှာ ငွေဖြည့်သွင်းခြင်း ဝန်ဆောင်မှုများအတွက် နီးစပ်ရာ M-ပိုက်ဆံ ကိုယ်စားလှယ်များထံမှာ ပြုလုပ်နိုင်ပြီး မိမိအသုံးပြုနေတဲ့ မိုဘိုင်းဖုန်းနှင့်တကွ မှတ်ပုံတင်ကဒ်ပါ တပါတည်းယူဆောင်သွားပြီး ငွေဖြည့်သွင်းခြင်း ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ နီးစပ်ရာ ကိုယ်စားလှယ်ဆိုင်များ လိပ်စာကိုလည်း မိုဘိုင်းဖုန်း “M-Pitesan” Application ပေါ်မှာ တဆင့်ရှာဖွေနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ မိုဘိုင်းငွေကြေး ဝန်ဆောင်မှု (Mobile Financial Service) လုပ်ငန်းများဟာ ၂၀၁၆ ခုနှစ် အတွင်းမှ စတင်ကာ တဖြည်းဖြည်း ဖွံ့ဖြိုးလာတာဖြစ်ပြီး လက်ရှိမှာ Wave Money, True Money, Ok Dollar စတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများနဲ့ KBZ, AYA, CB စတဲ့ ဘဏ်များရဲ့Mobile Banking ဝန်ဆောင်မှုများ အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။
ဆက်စပ်သတင်းလင့်ခ် – မိုဘိုင်းပိုက်ဆံတွေ ခေတ်စားလာနေပြီ