အခုနှစ် ဖရန့်ဖတ်ကားပြပွဲကတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ အထူးသဖြင့်တော့ လျှပ်စစ်ကား တွေကို အဓိက ထုတ်ဖော် မိတ်ဆက်လာပြီး ဂျာမနီ အခြေစိုက် Audi ကုမ္ပဏီကလည်း လက်ရှိမှာ စမ်းသပ်နေဆဲ မော်ဒယ် သစ်တခုကို မိတ်ဆက်လာတာ တွေ့ရပါတယ်။
ဒီမော်ဒယ်ကို Aicon လို့ အမည်ပေးထားတာ တွေ့ရသလို အထူးသဖြင့်တော့ အားအပြည့်သွင်းထားရုံနဲ့ ခရီးမိုင် ၄၀၀ လောက်ထိအောင် မောင်းနှင်နိုင်အောင် ဖန်တီးထုတ်လုပ်လာဖို့ရှိနေတာလည်း ဖြစ်ပါတယ်။
မော်ဒယ်က ၄ ယောက်စီး မော်ဒယ်ဖြစ်ပြီး လက်ရှိမှာတော့ ကုမ္ပဏီကနေ စမ်းသပ်နေဆဲ မော်ဒယ်အနေအထားပဲ ရှိသေး ပြီး ဈေးကွက်တင်ဖို့ အတွက်တော့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။
အမိုးသားကို ဖန်(မှန်)နဲ့ ဖန်တီးထားမယ်၊ မော်ဒယ်က ဒီနေ့ခေတ် မိတ်ဆက်ထားသမျှ မော်ဒယ်တွေနဲ့ လုံး၀ မတူသေးတဲ့ ရုပ်ထွက်နဲ့ ဖြစ်ပြီး သီးခြား ကွဲပြားအောင် ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Audi ကတော့ မော်ဒယ်အနေနဲ့ ခရီးမိုင် ၄၃၅ မိုင်ထိအောင် မောင်းနှင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ လျှပ်စစ် မော် တာ လေးလုံး ထိုင်ထားမှာ ဖြစ်ပြီး ရုန်းအားအနေနဲ့ ၄၀၅ ပေါင်-ပေ ထုတ်လုပ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
ဘရိတ်ပိုင်းကလည်း လျှပ်စစ်စား သက်သာ အောင် ကူညီပေးမှာ ဖြစ်သလို ကိုယ်ထည်ကိုလည်း ပေါ့ပါးအောင် ဖန်တီးထားမှာ ဖြစ် လို့ စွမ်းအင်စားသက်သာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Aicon မော်ဒယ်အနေနဲ့ ကြိုးမဲ့ အားသွင်းစနစ်နဲ့ အားသွင်းနိုင်မှာလည်း ဖြစ်ပါတယ်။ နောက်ပြီး အားအမြန်သွင်း စနစ် လည်း ပါရှိမယ်လို့ သိရပါတယ်။ Audi ရဲ့အဆိုအရတော့ ဒီမော်ဒယ်က ဘက်ထရီအား ၈၀ ရာခိုင်နှုန်းကို အချိန် မိနစ် ၃၀နဲ့ သွင်းနိုင်မှာပါ။
ဈေးကွက်အတွင်းကို ဘယ်တော့ စတင်ရောင်းချမယ် ဆိုတာ မသိရသေးပေမယ့် အမေရိကန်နဲ့ ဥရောပဈေးကွက်တွေမှာ အောင်မြင်မှု ရမယ်လို့တော့ ကုမ္ပဏီက ခန့်မှန်းနေတာပါ။
ဘက်ထရီရဲ့ခရီးဝေး မောင်းနှင်နိုင်မှုနဲ့အတူ အားသွင်းမှု မြန်ဆန်ခြင်းတွေကတော့ တကယ်ကို ဆီသုံးကားတွေကို ယှဉ်နိုင် လာမှာ ဖြစ်ပြီး ဆီဖိုး လုံး၀ မကုန်တော့မယ့်အနေအထားကတော့ ဈေးကွက်မှာ ချက်ချင်း အောင်မြင်မှု ရဖို့ရှိနေတာပါ။
ပြီးတော့ ဒီမော်ဒယ်ရဲ့အတွင်းခန်းနဲ့ ပတ်သက်ပြီး မိတ်ဆက်မှုအတွင်းမှာလည်း မော်ဒယ်က မောင်းနှင်သူ ကိုယ်တိုင်လည်း ထိန်းချုပ်မောင်းနှင်နိုင်မှာ ဖြစ်သလို မောင်းသူမဲ့ အနေအထားနဲ့လည်း မောင်းနှင်အသုံးပြုနိုင်ဖို့ ပြင်ဆင်ထားတာ တွေ့ရပါ တယ်။
ထိုင်ခုံတွေကလည်း ပတ်လည်လှည့်နိုင်ပြီး မောင်းသူမဲ့ အနေအထားနဲ့ မောင်းနှင်သွားလာနေချိန်တွေမှာ ခုံတွေကို မျက်နှာ ချင်းဆိုင်အနေအထား လှည့်ပြီး ထိုင်ခုံ ၄ခုံ၊ လူ ၄ယောက်လုံး စကားပြောနိုင်နေမှာလည်း ဖြစ်ပါတယ်။
Audi ရဲ့ မိတ်ဆက်မှုအတွင်း ကားနဲ့ ပတ်သက်တဲ့ အသုံးပြု ထိန်းချုပ်ချက်တွေကို အသံနဲ့ ထိန်းချုပ်လုပ်ဆောင်နိုင်မယ်လို့ လည်း ဆိုပါတယ်။ Setting ကို ဝင်ဖို့ ဖတ်ဖို့၊ ရွေးချယ်ဖို့ကိုတော့ မျက်လုံးနဲ့ သုံးရမယ်၊ ထိန်းချုပ်ရမယ်၊ မိမိ ရွေးချယ် အသုံး ပြုချင်တဲ့ ထိန်းချုပ်မှုကိုတော့ အသံနဲ့ ပြောဆို သုံးနိုင်မယ်လို့ ဆိုပါတယ်။ Touch စနစ်သုံး ထိန်းချုပ်စနစ်လည်း ပါမှာ ဖြစ် ပြီး Touch စနစ်နဲ့လည်း သုံးနိုင်မှာပါတဲ့။
အမိုးပိုင်းက နေရောင် အပြင်း၊ အဖျော့အပေါ် မူတည်ပြီးတော့ အလင်းပိတ်ဖွင့်ပုံစံ အလိုအလျောက် လုပ်ဆောင်ပေးမယ်။ ဒါ ဟာ ရုပ်သံ အစည်းအဝေးတွေ လုပ်ဆောင်ဖို့ အတွက်ရော ရုပ်သံ ကြည့်မှုတွေအတွက်ပါ အလင်းဝင်နှုန်း ပိုကောင်းစေမှာ လည်း ဖြစ်ပါတယ်။
ဒါဆိုရင်တော့ မော်ဒယ်က ဘက်စုံက ပြည့်စုံကောင်းမွန်နေမယ့် ဇိမ်ခံလျှပ်စစ်ကားအဖြစ် ဈေးကွက်ထဲ ရောက်လာဖို့ ရှိနေပြီး Audi ကတော့ ဘယ်တော့ ဈေးကွက်မှာ ရောင်းချမယ်ဆိုတာတော့ မပြောလာသေးပါဘူး။
www.businessinsider.com