စီးပွားရေး

မန္တလေးတွင် စက်သုံးဆီအတင်အချဆိပ်ကမ်း စီမံကိန်းရှေ့ပြေး ဆီသိုလှောင်ကန် တည်ဆောက် ခွင့်ပြု

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် နိုင်ငံတကာ အဆင့်မီ စက်သုံးဆီ အတင်အချ ဆိပ်ကမ်းတည်ဆောက်မည့် စီမံကိန်းတွင် Pilot Project အဖြစ် စက်သုံးဆီသိုလှောင်ကန် တခုကိုတည်ဆောက်ခွင့်ပြုလိုက်ကြောင်း မန္တလေးတိုင်း ဒေသကြီး စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းမှ သိရသည်။

“အောက်တိန်းသိုလှောင်ဖို့ အစိုးရက သိုလှောင်ကန်တခု တည်ဆောက်ခွင့်ပြုပေးလို့ တည်ဆောက်နေပါပြီ၊ ခွင့်ပြုပေးတဲ့ သိုလှောင်ကန်တကန် ဆောက်ပြီးရင် တိုင်းဒေသကြီးရဲ့ စက်သုံးဆီလိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီးမှ စီမံကိန်းပါ ဆီကန်တွေကို ခွင့်ပြုပေးမယ်လို့တော့ ပြောထားပါတယ်”ဟု မန္တလေးတိုင်း ဒေသကြီး စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးသက်ဝေက ပြောသည်။

အဆိုပါစီမံကိန်းကို မြန်မာပြည် အထက်ပိုင်းသို့ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှ စတင်၍ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်တက်လာပြီးနောက် စီမံကိန်းအား အင်ဂျင်နီယာ စံချိန်စံညွှန်းများအတိုင်း တည်ဆောက်ရန်၊ သဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးမှုများ ဆောင်ရွက်ရန်အတွက် ယာယီရပ်ဆိုင်း၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ယခုအခါ ရှေ့ပြေးစီမံကိန်း အနေဖြင့် ဆီသိုလှောင်ကန် တစ်ကန်အား ပြန်လည် ခွင့်ပြုခဲ့ခြင်းဟု သိရသည်။

စက်သုံးဆီ ဆိပ်ကမ်းစီမံကိန်းကို အမရပူရမြို့နယ်အတွင်း ဧရိယာ ဧက ၄၀ ကျော်အတွင်း တည်ဆောက်မည် ဖြစ်ပြီး မူလလျာထားချက်တွင် ဆီဂါလန် ၂ သန်း ဆံ့ ဆီသိုလှောင်ကန် ၃၂ လုံး၊ ဆီတွဲများ ဆိုက်ကပ်ရန် ဆပ်ခံတံတား ၄ ခု၊ ဆီသယ်ယာဉ် ၁၃၆ စီးကို တပြိုင်တည်း ဆီဖြည့်နိုင်၍ မီးဘေးလုံခြုံရေးအတွက် ဂါလံ ၅ သိန်းဆံ့ ရေကန်တကန်ပါဝင်သည်ဟု သိရသည်။

“ဆိပ်ကမ်းက အထက်မြန်မာပြည် တခုလုံးကို ဆီဖြန့်ဖြူးပေးနိုင်မယ့် နေရာဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှုအမြင်အရ ဆောက်လုပ်ခွင့် ပြန်ပေးထားတယ်၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပေါ် ကုစားမှုတွေလုပ်ဖို့ လိုအပ်တဲ့အတွက် အပြည့်အစုံလုပ်ဖို့ ပြောထားတယ်”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်က အတည်ပြုပြောကြားသည်။

စီမံကိန်းဖော်ဆောင်မည့် မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ က စက်သုံးဆီကုမ္ပဏီ ၅၂ ခုမှ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဆိပ်ကမ်းစီမံကိန်းကို ပြည်ပမှစက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်ခဲ့ခြင်းဟု သိရသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများက အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် အလွန်နီးကပ်နေသဖြင့် ကန့်ကွက်မှုများရှိနေခြင်းကြောင့် အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဆွေက မန္တလေး တိုင်းဒေသကြီး လွှတ်တော်တွင် ဆီဆိပ်ကမ်းနေရာ ရွှေ့ပေးရန်၊ ယင်းသို့မဖြစ်နိုင်ပါက ဆီသိုလှောင်ကန်အရေအတွက် လျှော့ချပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ တင်ပြခဲ့ဖူးကြောင်းသိရသည်။

“ကန်တစ်ကန်ရဲ့အဝန်းအဝိုင်းက နည်းတာ မဟုတ်ဘူး၊ ဆီဂါလံအရေအတွက်လည်း များတယ်၊ ပတ်ဝန်းကျင်နဲ့ လူတွေ အတွက် ဘယ်လောက်အာမခံမလဲ၊ ဘယ်သူတွေ တာဝန်ယူမလဲ၊ တခုခု ဖြစ်လာရင် တာဝန်ခံမှုရှိ စေချင်တယ်။ အကောင်းဆုံးကတော့ ဆီလှောင်ကန်ကြီးတွေ အများကြီးနဲ့ ဆီဂါလံသန်းချီရှိနေတော့ လူထုနဲ့ ဝေးနိုင်သမျှ ဝေးရာ မှာ တည်ဆောက်တာအကောင်းဆုံးပဲ လို့မြင်တယ်” ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော် ချမ်းမြသာစည်မြို့နယ် ကိုယ်စားလှယ် ဦးတင်အောင်က သုံးသပ်ပြောပြသည်။

အဆိုပါစီမံကိန်းသည် ရှေးဟောင်း ယဉ်ကျေးမှုဇုန်ဖြစ်သည့် အင်းဝမြို့ဟောင်း၊ သပြေတန်းခံတပ်တို့အနီး၌ တည်ရှိနေသည့် စီမံကိန်းဖြစ်သောကြောင့် လိုအပ်သည့် Environmental Management Plan (EMP) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများ ရေးဆွဲလုပ်ကိုင်ရန်နှင့် သက်ဆိုင်ရာ ဌာနများ၏ ကြီးကြပ်မှု၊ စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု သိရသည်။

ယခုအခါ မန္တလေးတိုင်းဒေသကြီးအတွင်း နေ့စဉ်သုံးစွဲရန် စက်သုံးဆီလိုအပ်ချက်ပမာဏမှာ ဒီဇယ် ဂါလံ ၅ သိန်းဝန်းကျင်၊ အောက်တိန်းဂါလံ ၁ သိန်းခွဲခန့် ရှိပြီး အသုံးပြုရန်လိုအပ်သည့် စက်သုံးဆီကို တွဲရေယာဉ်များ ဖြင့် သယ်ဆောင်၍ ရွှေကြက်ယက် ဆိပ်ကမ်းတွင် အတင်အချလုပ်နေသလို ဆီဘောက်ဆာကားများဖြင့်လည်း တိုက်ရိုက်သယ်ယူ ပေးနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading