စီးပွားရေး

နိုင်ငံပိုင် စီမံကိန်းများ လွဲမှား ကြန့်ကြာမှုတို့ဖြင့် ရင်ဆိုင်နေရ

Want create site? Find Free WordPress Themes and plugins.

ပြည်သူ့ ဘဏ္ဍာငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် နိုင်ငံပိုင် လုပ်ငန်းများ၊ စီမံကိန်းများမှာ လိုအပ်ချက်များစွာဖြင့် လွဲမှားခြင်း၊ ပြန်လည် ပြုပြင်ရခြင်းတို့ကြောင့် ကြန့်ကြာမှုများ ဖြစ်စေပြီး အစိုးရက အကောင်အထည် ဖော်နေသည့် တိုင်းနှင့် ပြည်နယ်များ တန်းတူ ဖွံ့ဖြိုးရေး မူဝါဒများကို ထိခိုက်စေနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောသည်။

မနေ့က နေပြည်တော်တွင် ကျင်းပသည့် ၂၀၁၈-၁၉ အမျိုးသား စီမံကိန်း ဥပဒေ ပြုစု ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူများ၏ ဆွေးနွေးချက်များအရ စီမံကိန်း အလွဲများနှင့် ကြန့်ကြာမှု ဖြစ်နေကြောင်း သိရသည်။

ပညာရေး၊ ကျန်းမာရေးနှင့် စက်မှု အပါအဝင် ဌာနတချို့သည် စီမံကိန်း ရည်မှန်းချက်၊ အဆိုပြုချက်များကို တင်ပြသည့်အခါ အားနည်းချက်များရှိနေသည့်အတွက် အကောင်အထည်ဖော်ရာတွင် မြေပြင် အခြေအနေနှင့် မကိုက်ညီ၍ စီမံကိန်းအချို့ကို ရပ်ဆိုင်း ရခြင်း၊ လွှဲပြောင်းရခြင်း၊ လုပ်ငန်း တည်နေရာ ပြောင်းရွေ့ရခြင်းနှင့် လုပ်ငန်း ပြန်လည် အပ်နှံရခြင်းများ ရှိနေကြောင်း စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်က ပြောသည်။

“ပြန်အပ်တယ်ဆိုရင်လည်း ကျနော်တို့ ရည်မှန်းထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ အချိုးကျ မျှတစေရေး၊ ဖွံ့ဖြိုးမှုတွေကို မျှ မျှတတ ဖြစ်စေရေးဆိုတဲ့ ရလာမယ့် ရလဒ်တွေကို ယုတ်လျော့သွားဖွယ်ရာ ရှိပါတယ်။ ချထားပေးတဲ့ ဘဏ္ဍာရန်ပုံငွေတွေကို စီမံကိန်းပါ လျာထားချက်အတိုင်း ထိရောက်စွာ အသုံးချဖို့ လိုအပ်ပါတယ်”ဟု ဦးမောင်မောင်တင့်က အစည်းအဝေးတွင် ပြောသည်။

လွဲမှားသည့် လုပ်ငန်းဆောင်ရွက်မှုများကြောင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ရန်ပုံငွေ လွှဲပြောင်း သုံးစွဲရသည့် ကိစ္စရပ်ပေါင်း ၄၂၃ ခု၊ လွှဲ ပြောင်း သုံးစွဲရသည့် တန်ဖိုး ၅၈၇ ဒသမ ၅၂၃ ဘီလျံ ရှိပြီး စုစုပေါင်း လျာထားငွေ၏ ၁၁ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း၊ ၂၀၁၆ – ၁၇ ဘဏ္ဍာရေး နှစ်တွင် လွှဲပြောင်းသုံးရသည့် ကိစ္စ ၄၅၄ ခု၊ တန်ဖိုးအားဖြင့် ၂၇၈ ဒသမ ၀၈၈ ဘီလျံ၊ ခွဲဝေချထားငွေ၏ ၆ ဒသမ ၂၄ ရာခိုင်နှှုန်း ဖြစ်ကြောင်း သိရသည်။

“တခြား ကျနော်တို့ စက်ကိရိယာတို့ ဘာတို့ လွှဲပြောင်းတာ မပါသေးပါဘူး။ တင်တုန်းကတော့ မြေနေရာ အကျယ်ကြီးရမယ် ဆိုပြီး တော့ ဒီဇိုင်းပုံစံကို တမျိုးတင်တယ်။ နောက်ကျမြေက ကျဉ်းသွားတယ်။ အဲဒီတော့ အဆောက်အဦက ၂ ထပ် ဖြစ်သွားတာမျိုးတွေ လည်း ရှိတယ်။ အခုပြောတာ အဲဒါမျိုးတွေ ထည့်တွက်တာ မပါပါဘူး”ဟု ဦးမောင်မောင်တင့်က ပြောသည်။

၎င်းက ဆက်၍ “ဒါတွေသာ ပါမယ်ဆိုရင် ကျနော်တို့ စိစစ်ထားချက်အရ စီမံကိန်း လုပ်ငန်းတွေရဲ့ ၆၅ နဲ့ ၇၀ ရာခိုင်နှုန်းသာ တင်ပြ ထားတဲ့အတိုင်း သုံးစွဲနိုင်တာကို စိစစ်တွေ့ရှိရကြောင်း တင်ပြပါတယ်။ အဲဒီလို လွဲမှားတဲ့အခါ လိုအပ်ချက်တွေလည်း ပျက်ကုန်တယ်။ အချိန်တွေလည်း ကြန့်ကြာမှုတွေ ဖြစ်ကုန်တယ်”ဟု ပြောသည်။

ယခုဘဏ္ဍာနှစ်တွင် ပထမ ၆ လ ပတ် အတွင်းမှာလည်း စီမံကိန်းတွေ အကောင်အထည်ဖော်မှုသည် ၂၂ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ကျန်သည့် ၆ လတွင် ၇၈ ရာခိုင်နှုန်းကို တွန်းအားပေး ဆောင်ရွက်ရမည့် အနေအထားတွင် ရှိနေကြောင်း၊ နိုင်ငံတော် စီမံကိန်း များကို သတ်မှတ်ထားသော ကာလအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနက ပြောသည်။

ပညာရေးဌာနက ကျောင်းဆောက်လိုကြောင်း တင်ပြသည့်အခါ ဘတ်ဂျက်ခွင့်ပြုပေးကြောင်း၊ သို့သော် တကယ်သွားဆောက်သည့် အခါ ဂျပန်နိုင်ငံ အကူအညီဖြင့် ကျောင်းဆောက်ပြီးနေပြီ ဖြစ်ကြောင်း၊ ကျန်းမာရေး ကဏ္ဍတွင်လည်း တိုက်နယ်ဆေးရုံ ဆောက် မည်ဟု တင်ပြလာ၍ သွားကြည့်သည့်အခါ မြေ မရှိသည့် အခြေအနေ ဖြစ်နေကြောင်း အစိုးရ စီမံကိန်း ရေးဆွဲသူများက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ချုပ် ဒေါက်တာမြင့်ဟန်ကမူ “တိုက်နယ်ဆေးရုံတွေက မြေနေရာ မရှိဘဲ ဆောက်ခဲ့ရတာ တွေ လျာထားခဲ့တာတွေ ရှိပါတယ်။ မြေနေရာ မလုံလောက်တာတွေကို ဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီလို ဖြစ်ရတဲ့ အကြောင်းတရားတွေ ရှိခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုမှုနဲ့ ဒေသခံတွေရဲ့ လိုလားချက်တွေကို ဖြည့်ဆည်းတဲ့အခါ ညီညွှတ်မှု မရှိတာတွေ ဖြစ်ခဲ့ပါတယ်”ဟု ဝန်ခံခဲ့သည်။

စက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက အရှုံးပေါ်နေ၍ ရပ်ဆိုင်းထားရသည့် အမှတ် ၁ သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ် ၂ သံမဏိ စက်ရုံ (ပင်းပက်)တို့ကို ပြည်ထောင်စု လွှတ်တော်၏ ခွင့်ပြုချက်ရသည့် အချိန်တွင် ဆောင်ရွက်ရန် ရှိကြောင်း၊ နော်ဝေနိုင်ငံ၏ အကူ အညီနှင့် Solar စက်ရုံတခုကို မွန်ပြည်နယ် သထုံတွင် ကန်ဒေါ်လာ ၂၁ သန်း ရင်းနှီးမြုပ်နှံ၍ တည်ဆောက်မည် ဖြစ်ကြောင်း ပြောသည်။

“အရှုံးပေါ်ပြီး ရပ်ဆိုင်းထားတဲ့ စက်ရုံတွေကို ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော် ခွင့်ပြုချက်ရရင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဟို ၂ ခုကို ဖယ်လိုက်ရင် စက်ရုံ ၂၂ ရုံ ရှိပါတယ်။ အဲဒီမှာ ပုဂ္ဂလိကက လွှဲပြောင်းရယူပြီး ဆက်လက် ဆောင်ရွက်မယ့် စက်ရုံ တော်တော် များများ ရှိနေပါပြီ။ ထုတ်လုပ်မှုကြောင့် ရငွေ တိုးတက်ရရှိရေးနဲ့ အရှုံးနည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်သွားပါ့မယ်”ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ၎င်းတို့ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တွေ့ရတဲ့ အခက်အခဲမှာ ဘတ်ဂျက် ပိုတောင်း၍ မဟုတ်ဘဲ လျော့တောင်းနေခြင်းမျိုး ရှိနေကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဝန်ကြီးဌာန အားလုံးသည် လုပ်ချင်သည့် ကိစ္စ များနေ၍ ဘတ်ဂျက်ကို မျှပြီး ထည့်လိုက်ရသည်ဟု အကြောင်းပြကြောင်း ပြောသည်။

“ပညာရေးကိုပဲ ဥပမာပေးရရင် တပေပတ်လည်ကို ကျပ် ၁၃၀၀၀ နဲ့ ကျောင်းဆောက်ဖို့ ခွင့်ပြုပေးဖို့ တောင်းတယ်။ မဖြစ်နိုင်ပါဘူး ဆိုတော့ လာတဲ့သူက လုပ်ပေးပါ။ ကတိကဝတ် ပြုထားလို့ပါတဲ့။ နောက်ကျတော့ အလှူရှင်နဲ့ ဘာနဲ့ လုပ်ပါ့မယ် ဆိုပေမယ်လို့ တကယ် တင်ဒါခေါ်တဲ့အခါ တကယ်ဆောက်မယ့်သူက ဒီဟာနဲ့ ဆောက်နိုင်ပါတယ် ဖြစ်သွားတော့ Quality က ဘယ်လိုမှ မကောင်း နိုင်တော့ဘူး”ဟု ဦးကျော်လင်းက ရှင်းပြသည်။

၎င်းက ဆက်၍ ယခုအခါ ဆောက်လုပ်ရေးကဏ္ဍအတွက် တပေပတ်လည်ကို ကျက် ၂၂၀၀၀ ဈေးပေါက်ပြီး အစိုးရအဖွဲ့ကလည်း တင်ဒါစည်းကမ်းများ ချမှတ်လိုက်ပြီ ဖြစ်ကြောင်း၊ ဈေးအချိုဆုံးကို ပေးရမည် မဟုတ်ဘဲ အနိမ့်ဆုံး ကြမ်းခင်းဈေးပြ၍ မဲစနစ်ဖြင့် ရွေးရမည့် စနစ်သို့ ပြောင်းလဲလိုက်ကြောင်း ပြောသည်။

စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်သည့် အခါတွင် လွှတ်တော်မှ ပြဌာန်းထားသည့် အမျိုးသား စီမံကိန်း ဥပဒေ၊ အစိုးရက သတ်မှတ်ထားသည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရန် လိုကြောင်း၊ ယခုလို ပြောရခြင်းမှာ အစိုးရဘတ်ဂျက်သည် အကန့်အသတ်ရှိ၍ ဖြစ်ကြောင်း စီမံကိန်း ရေးဆွဲသူများက ရှင်းပြသည်။

“ဘတ်ဂျက်တွေကို အရင်တုန်းကတော့ စနစ်တကျလေး လုပ်ခဲ့ပေမယ့် နှစ် ၂၀ လောက် ပုံစံ ပျက်သွားတဲ့အခါ ဒီနေ့မှာတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို စာထုတ်ထားပါတယ်”ဟု စီမံကိန်းဌာနက တာဝန်ရှိသူတဦးက ပြောသည်။

ဝန်ကြီးဌာနများ အနေဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်း၏ ရည်ရွယ်ချက်၊ လုပ်ငန်း အကြောင်းအရာ အကျဉ်းချုပ်၊ လုပ်ငန်း အသုံး ပြုမည့် နည်းစနစ်၊ တည်နေရာ၊ ကုန်ထုတ်လုပ်မှု ပမာဏ၊ ပြည်တွင်း ပြည်ပ ကုန်ကြမ်း ရရှိနိုင်မှု၊ လိုအပ်သည့် ဘတ်ဂျက်ကို ရရှိနိုင် မည့် နေရာ၊ နိုင်ငံခြားငွေ သုံးစွဲမှု၊ နိုင်ငံခြား အရင်းအနှီး ပါ၊ မပါ၊ စက်ပစ္စည်းများ တပ်ဆင်မှု၊ ကျွမ်းကျင်လုပ်သား ရှိ၊ မရှိ၊ စီမံခန့်ခွဲ ရေး၊ ရေ၊ လျှပ်စစ် ရရှိနိုင်မှု၊ စီးပွားရေးအရ တွက်ခြေကိုက်မှု အခြေအနေများအပါအဝင် လိုအပ်ချက် များစွာကို စာရင်းပြုစု တင်ပြ နိုင်မှသာ ခွင့်ပြုချက် ရရှိနိုင်တော့မည် အခြေအနေမျိုး ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading