စီးပွားရေး

နေပြည်တော် မီးရထားစက်ခေါင်းစက်ရုံ ဒီဇင်ဘာတွင် စတင် လည်ပတ်မည်

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်၌ အမေရိကန်ဒေါ်လာ ၄၈ သန်းကျော် ကုန်ကျခံ တည်ဆောက်ထားသည့် မီးရထားစက်ခေါင်းစက်ရုံမှာ လာမည့်ဒီဇင်ဘာ ၁ ရက်မှစတင် လည်ပတ်တော့မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့မီးရထားလုပ်ငန်းမှ စက်မှု အထွေထွေမန်နေဂျာ ဦးမြင့်နိုင် က “၂၀၁၇ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်လည်ပတ်မယ်။ မြင်းကောင်ရေ ၂၀၀၀ အားရှိတဲ့ စက်ခေါင်း တနှစ်ကို ခေါင်း ၂၀ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းစက်ရုံကို ၂၀၁၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး စက်ခေါင်းကောင်ရေ ၅၀၀ မှ ကုန်တန်ချိန် ၁၅၀၀ ထိ တင်ဆောင်နိုင်ပြီး တနာရီလျှင် ကီလိုမီတာ ၁၀၀ ထိပြေးဆွဲနိုင်မည့် အမြင့်ဆုံး စက်ခေါင်း ကောင်ရေ ၂၀၀၀ အထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ မြင်းကောင်ရေ ၂၀၀၀ ကတော့ သူ့ရဲ့ စက်ခေါင်းကို ထိန်းချူပ်တဲ့ ကွန်ပျူတာ ထိန်းချုပ်စင်တာ ပါမှာ ဖြစ်တယ်။ လက်ရှိ ဟိုင်းဝေးကားတွေလို ၁၀၀ ကီလိုမီတာ ထိ ပြေးဆွဲနိုင်မှာပါ။ မြန်မာ့ မီးရထားရဲ့ လမ်းက လက်ရှိမှာ အဲဒီ နှုန်း အတိုင်း ခွင့်မပြုသေးတာကြောင့် ရန်ကုန်- မန္တလေး လမ်းပိုင်းဆိုင်ရာ အဆင့်မြှင့်တင်တဲ့ အချိန်ပြီးရင် အခုစက်ခေါင်းတွေနဲ့ မြန်နှုန်း အတိုင်းပြေးဆွဲနိုင်မှာ ဖြစ်ပါတယ်” ဟု စက်မှု အထွေထွေမန်နေဂျာ ဦးမြင့်နိုင်က ပြောသည်။

ပြည်တွင်း၌ လက်ရှိပြေးဆွဲနေသည့် မြန်မာ့ မီးရထားများတွင် မြင်းကောင်ရေ ၂၀၀၀ အား သည် အများဆုံး ဖြစ်သည်။ မြင်းကောင်ရေ ၂၀၀၀ အားရှိသည့် စက်ခေါင်း ၁ ခေါင်းသည် ရန်ကုန်-မန္တလေး မြေပြန့်လမ်း တွင် လူစီးရထားတွဲ ၂၀ နှင့် ကုန်တွဲဖြစ်ပါက ၁ တွဲလျှင် တန်ချိန် ၅၀ ရှိသည့် တွဲ ၃၀ နှင့် ပြေးဆွဲနိုင်မည် ဖြစ်သည်ဟုသိရသည်။

၎င်းစက်ရုံမှ ထွက်ရှိလာသည့် စက်ခေါင်းများကို ရန်ကုန်- မန္တလေး၊ မန္တလေး- မြစ်ကြီးနား၊ မန္တလေး- လားရှိုး၊ ရန်ကုန်- မော်လမြိုင် လူစီး အများဆုံးဖြစ်သည့် လမ်းများတွင် ပြေးဆွဲသွားမည် ဖြစ်သည်။

အဆိုပါ စက်ခေါင်းစက်ရုံ စတင်လည်ပတ်ချိန်တွင် ဝန်ထမ်း အင်အား ၄၅၀ ဦးနှင့် စတင်လည်ပတ်မည် ဖြစ်ပြီးကြောင်း၊ တရုုတ်ပညာရှင်များက စက်ခေါင်းစက်ရုံတွင် တနှစ် နေထိုင်ကာ ပြည်တွင်း ပညာရှင် များနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ပညာရှင်များကိုယ်တိုင် ထုတ်လုပ်သွားမည် ဖြစ်သည်။

လက်ရှိ ပြည်တွင်းတွင် ပြေးဆွဲနေသည့် မီးရထားစက်ခေါင်း ၄၀၀ ကျော်ရှိသည့် အနက် ထက်ဝက်ခန့်သည် သက်တမ်းလွန်နေပြီး လူစီးတွဲ ၁၂၀၀ ခန့်၏ လေးပုံ တစ်ပုံသည် သက်တမ်းလွန်နေသည့်အတွက် ပြန်လည် ပြုပြင်အသုံးပြုနေကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading