သြစတြေးလျ စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသော သတ္တုတူးဖော်ရေး ကုမ္ပဏီတခုဖြစ်သည့် Myanmar Metals ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကြေညာချက်တစောင်တွင် ရှမ်းပြည်နယ်မှ ဘော်တွင်းဒေသကို ကမ္ဘာပေါ်တွင် သွပ်၊ ခဲ၊ ငွေ နှင့် ကြေးနီများ ထုတ်ယူရန် အများအပြားကျန်နေသေးသည့် နေရာများထဲမှ တခုအဖြစ် ဖော်ပြထားသည်။
သြဂုတ်လအထိ Top End Minerals အမည်ဖြင့် ရှိနေခဲ့သော Myanmar Metals က လက်ရှိ အချိန်တွင် ထိုနေရာကို လုပ်ကိုင်ခွင့် ရရှိရေးအတွက် ကြိုးစားနေသည်။
Myanmar Metals ၏ မြင့်မားသော ခန့်မှန်းမှု အမှန်တကယ်ဖြစ်လာခြင်း ရှိမရှိက စောင့်ကြည့်ရဦးမည် ဖြစ်သည်။ အသေးစိတ် မသိရှိရသေးဟု ဆိုလျှင်ပင် လက်ရှိဆောင်ရွက်ဆဲ လေ့လာမှုများအရ ဘော်တွင်းမိုင်းက Myanmar Metals မျှော်လင့်ထားသလို အကျိုးအမြတ် များပြားမည် ဖြစ်ကြောင်း အမှန်ပင် သက်သေပြနေသည်။ သို့သော် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သတ္တုတွင်းတခု တည်ထောင်၍ လုပ်ငန်းလုပ်ကိုင်ခြင်းက သိသာထင်ရှားသည့် စိန်ခေါ်မှုများနှင့် ဒွန်တွဲနေလိမ့်မည် ဖြစ်သည်။
သြစတြေးလျနိုင်ငံ Perth ပါ့သ်မြို့ အခြေစိုက် Myanmar Metals ၏ ထုတ်ပြန်ချက်တခုတွင် ရှမ်းပြည်နယ်ကို ကြီးမားသော အခွင့်အရေးများ ရှိသည့်နေရာဟု ဖော်ပြခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း များထဲတွင် အကြီးဆုံး ဖြစ်သည့် ရှမ်းပြည်နယ်တွင် မူးယစ်ဆေးနှင့် လက်နက်ကုန်သွယ်ခြင်းက ကြီးမားစွာ ဆက်လက်ရှိနေသလို ဖြစ်ပေါ်နေဆဲ ပဋိပက္ခုလည်း ရှိသည်။
လတ်တလောနှစ်များအတွင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျေးလက်ဒေသများတလျှောက် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများအပြားကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ဘော်တွင်းမိုင်း တည်ရှိရာနေရာ ဖြစ်သည့် နမ္မတူမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ကို မြင်တွေ့ရသည်။ စက်တင်ဘာ လလယ်ပိုင်းလောက် အထိ ဖြစ်သည်။ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တခု ဖြစ်သော ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် TNLA တို့ကြားတွင်လည်း တိုက်ခိုက်မှု များရှိနေသည်။ တပ်မတော်က ဖယ်ရှားရန် ကြိုးစားခဲ့သော်လည်း TNLA က ဒေသတွင်းတွင် ၎င်း၏ တည်ရှိမှုကို ခိုင်ခိုင် မာမာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။
Myanmar Metals က ရှမ်းပြည်နယ်နှင့် ဘော်တွင်းဒေသမှ သတ္တုတူးဖော်ရေး အလားအလာများကို စန်းတင်နေသော် လည်း ကုမ္ပဏီ၏ ဝက်ဆိုက်ပေါ်တွင် သို့မဟုတ် သြစတြေးလျနိုင်ငံမှ စတော့ဈေးကွက်ကြီးကြပ်ရေး အဖွဲ့သို့ တင်သွင်း သည့် အချက်အလက်များတွင် ဆက်လက် ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ဒေသတွင်းမှ ထောင်နှင့် ချီသော ပြည်သူများ ဒုက္ခသည်ဘဝ ဖြင့် ဆက်လက်၍ အိုးမဲ့အိမ်မဲ့ ဖြစ်နေရခြင်းများကို ရည်ညွှန်းဖော်ပြထားခြင်း မရှိပါ။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသူများ အနေဖြင့် နမ္မတူမြို့နယ်မှ လက်တွေ့ အခြေအနေများကို အပြည့်အစုံ နားလည်ခြင်း မရှိသည့် အခြေအနေသို့ ရောက်စေခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စီးပွားရေးလုပ်ရန် ကြိုးစားခဲ့သော အခြား နိုင်ငံခြား သတ္တုတူးဖော်ရေး ကုမ္ပဏီများမှာ အခက်အခဲများစွာ တွေ့ခဲ့ကြပြီး ဖြစ်သည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဟောင်ကောင် အခြေစိုက် Asia Pacific Mineral Limited (APML) ကို အစိုးရက ဒေသအတွင်းတွင် သတ္တုရှာဖွေရေး ပါမစ်ချထားပေးခဲ့သည်။ လုပ်ကိုင်ခွင့် ရရှိသောနေရာများထဲတွင် ဘော်တွင်းမိုင်းနေရာနှင့် ကပ်လျှက်ရှိသော ဧရိယာများလည်း ပါဝင်သည်။ APML ပါမစ်ရရှိပြီး ၃ ရက်ခန့်သာ အကြာ သူတို့ လုပ်ကိုင်ခွင့် ရရှိသည့် နေရာအနီးတွင် မြန်မာ့တပ်မတော်နှင့် TNLA ကြား တိုက်ပွဲများ ပေါ်ပေါက်လာခဲ့ကြောင်း ရိုက်တာ သတင်းတခုက ဆိုသည်။
ရပိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်
Myanmar Metals ၏ အဆိုအရ ဘော်တွင်းဒေသတွင် ကုမ္ပဏီ၏ အဓိက ဦးစားပေးမှာ နောက်ထပ် သြစတြေးလျကုမ္ပဏီတခု ဖြစ်သည့် Mandalay Mining Co. NL (MMC) က ရရှိထားသော အချက်အလက်များအရ ခန့်မှန်းတွက်ချက်ရေး အတွက် အခြေခံဖြစ်စေမည့် ဘူမိဗေဒသမိုင်း၊ တူးဖော်ရေး၊ မြေအောက် နမူနာများနှင့် သတ္တုတွင်း အချက်အလက်များ တရားဝင် ရရှှိရေးဖြစ်သည်ဟု သိရသည်။ Mandalay Mining က ၁၉၉၀ နှောင်းပိုင်း နှစ်များတွင် ဘော်တွင်းပတ်ဝန်းကျင် ဧရိယာတဝိုက်၌ ရှာဖွေရေး လုပ်ငန်းများ ပြုလုပ်ရန် ခွင့်ပြုချက် ရရှိခဲ့ပြီး ဖြစ်နိုင်ချေ စူးစမ်းလေ့လာ မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း နောက် ၃ နှစ်အကြာတွင် လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က Mandalay Mining ကုမ္ပဏီ ရင်ဆိုင်ခဲ့ရသော အခက်အခဲများက ယခုအခါ Myanmar Metals က စီမံကိန်းကို ရှေ့ဆက်ဆောင်ရွက်ရန် ကြိုးစားသည့် အချိန်တွင် သက်ရောက်မှု ဖြစ်၊ မဖြစ်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ကုမ္ပဏီက ဘော်တွင်းကို တိုးတက်အောင် ရှေ့ဆက်ဆောင်ရွက်သင့်သလား။ Myanmar Metals အနေဖြင့် ၁၉၅၀ နှစ်များကထဲက ပြည်တွင်း စစ်ပွဲများ ရှိနေခဲ့သော ပြည်နယ်တခုတွင် လုပ်ငန်းများဆောင်ရွက်ရာ၌ ထောက်ပံံ့ပို့ဆောင်ရေး ဆိုင်ရာ ပြဿနာများအပြင် စည်းကမ်းဥပဒေဆိုင်ရာ အခက်အခဲ အများအပြားလည်း ရင်ဆိုင်ရဖွယ် ရှိနေပါသည်။
ဘော်တွင်းကို လက်ရှိ ထိန်းချုပ်ခွင့်ရရှိထားသည့် ပြည်တွင်း ကုမ္ပဏီတခုနှင့် Myanmar Metals တို့ မကြာသေးမီက သဘောတူညီချက်တခု ရရှိခဲ့ပြီး သဘောတူညီချက်အရ Myanmar Metals က မိုင်း၏ အစုရှယ်ယာ ၈၅ ရာခိုင်နှုန်းကို ပိုင် ဆိုင်ခွင့် ရရှိမည် ဖြစ်သည်။ သဘောတူညီချက်အရ Myanmar Metals က Win Myint Mo Industries Co. (WMM) သို့ ပြန်ပေးရန်မလိုသည့် အာမခံငွေ အမေရိကန်ဒေါ်လာ ၁.၅ သန်း ပေးအပ်ရမည် ဖြစ်သည်။ WMM သည် သတ္တုတွင်းဝန်ကြီး ဌာနပိုင် အမှတ် ၁ သတ္တုတွင်း လုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ရရှိထားသည်။ WMM သို့ ပေးရမည့်ငွေကို Myanmar Metals က ပုဂ္ဂလိက ကုမ္ပဏီတခု ဖြစ်သည့် Yandal Investments ထံမှ ချေးယူမည် ဖြစ်ကြောင်း သိရသည်။ Yandal Investments ကို ပိုင်ဆိုင်သူမှာ သတ္တုတူးဖော်ရေး လုပ်ငန်းရှင် တယောက်ဖြစ်သည့် Mr. Mark Creasy ဖြစ်ပြီး သူ့ကို သူ၏ ဇာတိ သြစတြေးလျနိုင်ငံတွင် ထိပ်တန်း သတ္တုရှာဖွေရေး သမားတဦး အဖြစ် သိကြသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံးသော သဘာဝ သယံဇာတ ထုတ်ယူသော လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အစီရင်ခံစာတွင် ဖော်ပြချက်အရ WMM ၏ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဦးလှမြင့်ဆိုသူက ပိုင်ဆိုင်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သူမှာ ဒေါ်အေးအေးအောင် ဖြစ်သည်။ သူတို့ ၂ ဦးမှာ စာရွက်စာတမ်းများပေါ်တွင် WMM ၏ ပိုင်ရှင်များ ဖြစ်ကြသော်လည်း ရှမ်းပြည်နယ်သတင်းများ ရေးသားသည့် ဒေသတွင်း မီဒီယာတခုက WMM သည် Asia World ကုမ္ပဏီ အုပ်စု၏ လုပ်ငန်းခွဲတခု ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ Asia World ကို တည်ထောင်သူမှာ ကိုးကန့်တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်တယောက် ဖြစ်သည့် လော်စစ်ဟန် ဖြစ်ပြီး သူ့ကို ၁၉၇၀ နှစ်များအတွင်းတွင် အမေရိကန် အရာရှိများက ဘိန်းဖြူလုပ်ငန်း၏ ခေါင်းကိုင် ဖခင်အဖြစ် အမည်တပ်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်အတွင်းက ဘော်တွင်းသို့ ဧရာဝတီက ရောက်ရှိခဲ့ချိန်တွင် အလုပ်ဖြစ်ရုံမျှသာရှိသည့် အသွင်ရှိသော မိုင်းနေရာတွင် Asia World က ဝန်ထမ်းအင်အား အနည်းငယ်မျှလောက်နှင့် လုပ်ကိုင်နေသည်ကို တွေ့ခဲ့ရသည်။
ကွယ်လွန်သူ ဖခင် လော်စစ်ဟန်ထံမှ Asia World ကို အမွေဆက်ခံခဲ့သည့် စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် လက်ထက်တွင် ထူးထူးခြားခြား အောင်မြင်မှု ရရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်အတွင်းက သူနှင့် သူ၏ ကုမ္ပဏီကို အမေရိကန် အစိုးရက အရေးယူပိတ်ဆို့သည့် စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။ သို့သော် အမေရိကန် ဘဏ္ဍာရေး ဌာနက စတီဗင်လော ၏ လုပ်ငန်းမူလ ဇစ်မြစ်နှင့် ပတ်သက်၍ သူတို့၏ ဖွင့်ဆိုချက်ကို ယခုအချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးပါ။ စတီဗင်လောကို အရေးယူပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းရခြင်း အကြောင်းနှင့် ပတ်သက်၍ “စတီဗင်လောသည် ဖခင်ဖြစ်သူ၏ မူးယစ်ဆေးဝါး အင်ပါယာ အတွင်းသို့ ၁၉၉၀ နှစ်များအတွင်းတွင် ဝင်ရောက်လာခဲ့ပြီး ထိုအချိန်မှ စ၍ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးသူများထဲတွင် တဦးအပါအဝင် ဖြစ်ခဲ့သည်” ဟု ဖော်ပြထားသည်ကို အမေရိကန် အစိုးရ၏ ဝက်ဆိုက်တွင် မြင်တွေ့နေရဆဲ ဖြစ်သည်။
Myanmar Metals ၏ ခြေလှမ်းကဲ့သို့ပင် အလားတူပြုလုပ်ခဲ့သည့် သဘောတူညီချက်တခုမှာ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း Cornerstone Resources (Myanmar) Ltd (CRML) ၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို Asia World က ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ ပေးချေခဲ့ခြင်း ဖြစ်သည်။ CMRL သည် သြစတြေးလျနှင့် တရုတ် ရင်းနှီးမြှုပ်နှံသူများ ပိုင်ဆိုင်သည့် ကုမ္ပဏီ ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော် လားရှိုးတွင် သွပ် သန့်စင်စက်ရုံတခု ဖွင့်လှစ် လုပ်ကိုင် နေပြီး ကွတ်ခိုင်မြို့နယ် လုံကန် ဒေသတွင် သွပ်မိုင်းတခုလည်း ရှိသည်။ Myanmar Metals က အဆိုပါ ဝယ်ယူမှုနှင့် ရှေ့ဆက်လုပ်ရန် အခွင့်အရေးက သြဂုတ်လတွင် သက်တမ်းကုန်ဆုံးခဲ့သည်။
Herbert Hoover ၏ ခြေရာများနောက်
ဘော်တွင်းတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများ ရှိနေသည်မှာ ရာစုနှစ်နှင့် ချီခဲ့ပြီ ဖြစ်သည်။ အမေရိကန် သမ္မတအဖြစ် ၁၉၂၉ ခုနှစ်မှ ၁၉၃၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့သော Herbert Hoover သည် နိုင်ငံရေးလောကသို့ မဝင်ရောက်မီ လူငယ်ဘဝက သတ္တုတွင်း အင်ဂျင်နီယာတဦးအဖြစ် လုပ်ကိုင်ရင်း ကမ္ဘာတလွှားသို့ သွားခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် ဘော် တွင်းသို့ ပထမဆုံးရောက်ရှိလာပြီး သူရော သူ့ ဇနီးပါ ငှက်ဖျားရောဂါ ရခဲ့သည်။ သူ၏ မှတ်တမ်းများအရ Herbert Hoover နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် မြေစိုက်တွင်းတခုအနီးတွင် ကျားခြေရာများ မြင်ခဲ့ရသည်။ “ဘင်္ဂလားကျားတ ကောင်ကို သတ္တုတွင်းလုပ်သားတွေသုံးတဲ့ ဖရောင်းတိုင်စိုက် ဆူးချွန်နဲ့ ရင်ဆိုင်မယ်ဆိုရင် ကျနော်တို့ တယောက်မှ အခြေ အနေကောင်းမှာ မဟုတ်ဘူး။ တဖြည်းဖြည်း ပိုကြောက်လာတာနဲ့ ကျနော်တို့ အချိန်မဆိုင်းတော့ဘဲ ဝင်ပေါက်ကို ရောက် သွားကြတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ကျားက စူးစမ်းချင်စိတ်ရှိပုံမရဘူး။ သူက ကျနော်တို့ဆီ မလာဘူး” ဟု Herbert Hoover က ရေးသားခဲ့သည်။ ထိုနေရာ၌ ဖောက်လုပ်ခဲ့သော ဥမင်ကို ကျားဥမင် ဟု သူက အမည်ပေးခဲ့သည်။
Herbert Hoover ၏ ကြိုးစားမှုနှင့် Burma Mine Corporation ၏ ဘော်တွင်းတွင် လုပ်ငန်းများ ချဲ့ထွင်မှုများကြောင့် သူ၏ အနာဂတ်အတွက် များစွာ အကျိုးဖြစ်ခဲ့သည်ဟု Herbert Hoover ၏ အထုပ္ပတ္တိရေးသားသူက ဆိုသည်။ အင်္ဂလိပ် ကိုလိုနီ ခေတ်အတွင်းတွင် ဘော်တွင်းက ကမ္ဘာပေါ်တွင် အကျိုးအမြတ် အများဆုံး မိုင်းတွင်းများထဲမှ တခုအဖြစ် သတ်မှတ်ခဲ့ကြသည်။
ဒုတိယ ကမ္ဘာစစ်အတွင်းတွင် တိုက်ပွဲများကြောင့် မိုင်းမှ အခြေခံ အဆောက်အဦး အများအပြား ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးခဲ့ရသည်။ စစ်ပြီးသွားပြီးနောက် လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့သော်လည်း ၁၉၆၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်း၏ အာဏာသိမ်း စစ်အစိုးရသစ်က မိုင်းကို ပြည်သူပိုင်သိမ်းလိုက်ပြီး နောက်တွင် ဘော်တွင်းက ထုတ်လုပ်မှု သိသိသာသာ ကျဆင်းသွားခဲ့သည်။ နယူးဇီလန်နိုင်ငံသား ပညာရှင် တဦးဖြစ်သည့် Peter John Perry က သူ၏ “Myanmar (Burma) Since 1962: The Failure of Development” စာအုပ်တွင် ထိုသို့ ကျဆင်းသွားရခြင်းမှာ မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့်ဟု မှတ်တမ်းတင်ခဲ့သည်။
ဗိုလ်ချုပ်ကြီး နေဝင်းလက်ထက်တွင် အစိုးရနှင့် စစ်ဖြစ်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အမျိုးမျိုးကလည်း မိုင်းကို တိုက်ခိုက်ခဲ့ကြသည်။ ၁၉၇၄ ခုနှစ်တွင် ဘော်တွင်း၌ အလုပ်လုပ်နေသော ဂျာမနီနိုင်ငံသားပညာရှင် တဦးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုက ပြန်ပေးဆွဲ၍ ငွေပေး၍ ပြန်ရွေးရန် အနောက်ဂျာမနီ အစိုးရထံ တောင်းဆိုခဲ့ပြီး နောက်ပိုင်း ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရက ထိုဧရိယာ အတွင်းမှ နိုင်ငံခြားသား အကြံပေးများ အားလုံးကို အတင်းအကျပ် ပြန်ထွက်စေခဲ့သည်။
ဘော်တွင်းမိုင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရခေတ် အကုန်ပိုင်းမှ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးများ အရှိန်မြှင့် ပြုလုပ်ခဲ့သည့် အချိန်အထိ နိုင်ငံပိုင်အဖြစ် ရှိနေခဲ့သည်။ ဘော်တွင်းတွင် နှစ်ပေါင်းများစွာ သတ္တုတူးဖော်ရေးများ လုပ်ကိုင်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင် ရေမြေသဘာဝမှ သိသိသာသာ ညစ်ညမ်းနေပြီး လုပ်ငန်းမှ ထွက်သည့် အဆိပ် အတောက်များက ဒေသခံများ သုံးစွဲသည့် ရေကြောင်းများ အတွင်းသို့ ဝင်ရောက်နေကြောင်း ထိုဒေသမှ ရရှိသည့် သတင်းများက ဖော်ပြနေသည်။ ဆယ်စုနှစ်များစွာ သတ္တုတူးဖော်ရေးများ ပြုလုပ်ခဲ့သည့် အကျိုးဆက်အနေဖြင့် ၂၀၀၀ ခုနှစ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတခု၏ အဆိုအရ လုပ်သားများနှင့် ဒေသခံများတို့၏ ကျန်းမာရေး အပေါ် အန္တရယ် တခု ကျရောက်စေခဲ့သည်ဟု သိရသည်။ ထိုနေရာမှ (ဆုံးရှုံးနေသော) အခွင့်အရေးများအတွက် စဉ်းစားရမည့်တာဝန်က သတ္တုရှာဖွေတူးဖော်သူ အသစ်များထံသို့ ပြောင်းရွှေ့သွားနိုင်ပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Seamus Martov ၏ Analysis: Australian Miner Eyes Opportunity Amid Conflict in Shan State ကို ဘာသာပြန်သည်)