စီးပွားရေး

နီပေါသို့ မြန်မာနိုင်ငံမှ ပဲများ တင်ပို့ရောင်းချရန် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲ၊ နှမ်းများကို အန္ဒိယနိုင်ငံမှ ဝယ်လိုအား ကျဆင်းနေချိန် နိုင်ငံအတွင်း ကျန်ရှိနေသည့် ပဲတချို့ ကို နီပေါနိုင်ငံသို့ တင်ပို့နိုင်ရေး စီစဉ်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) မှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။

“နီပေါနိုင်ငံ နှစ်ပတ်လည်ပွဲမှာ ကျနော် အစိုးရကိုယ်စား သွားရောက်တက်တဲ့ အခါမှာ နီပေါ သံအမတ်ကြီးက ပဲ၊ နှမ်း ရောင်း ဝယ်တဲ့ ကုန်သွယ်မှုကို MOU ထိုးချင်ပါတယ် ပြောတဲ့ အတွက်ကြောင့် ကျနော်တို့ဘက်က အမြန်ဆုံး ဆောင်ရွက် ပေးမယ်ဆိုပြီး ပြည်ပဈေးကွက် ရရှိအောင် ဆောင်ရွက်ထားတာ ရှိပါတယ်”ဟု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောပြ သည်။

နေပြည်တော်၌ စီးပွား/ကူးသန်း ဝန်ကြီးဌာနတွင် ကျင်းပသော အိန္ဒိယက ပဲတင်သွင်းမှု ကန့်သတ်၍ ပြည်တွင်း လက်ကျန် ပဲများနှင့် ပတ်သက်ပြီး ပြည်တွင်း ပဲစားသုံးမှု တိုးတက်လာစေရန် အတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပဲကို အခြား နည်းလမ်းဖြင့် အသုံးပြုသည့် အသင်းအဖွဲ့ လုပ်ငန်းရှင်များ၊ ပဲအခြေခံ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားခြင်း ဖြစ်သည်။

ပြည်တွင်းလက်ကျန် ပဲများကို ပြည်တွင်း၌ စားသုံးပါက ပဲစိုက်တောင်သူများ ရင်ဆိုင်နေရသည့် ပြဿနာကို ဖြေရှင်းပြီး ဖြစ်သည့်အပြင် ရေရှည်တွင်လည်း ပြည်သူများ ကျန်းမာလာနိုင်မည် ဖြစ်သဖြင့် ပဲကို ယခုထက် ပိုမိုသော စားသောက်ကုန် များ၊ ဟင်းလျာများအဖြစ် မည်သို့ ပြုပြင် စားသောက်မည်ကို အဖြေရှာလျက် ရှိသည်ဟုလည်း ၎င်းက ပြောသည်။

“လောလောဆယ် လက်ကျန်ပဲများကို အသုံးပြုဖို့ နည်းလမ်းများ ရှာဖွေဆောင်ရွက်ဖို့ အတွက် ပဲအများဆုံး သုံးစွဲတဲ့ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဌာန၊ သင်တန်း ကျောင်း များတွင် ရိက္ခာအဖြစ် အသုံးပြုခြင်း သဘာဝ ဘေးအန္တရာယ် ကူညီထောက်ပံ့ရေး အတွက် အသုံးပြုနိုင်ရေး တို့ ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အခုလိုခေါ်ယူ ညှိနှိုင်းပြီး ဆွေးနွေးတိုင်ပင်တာ ဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောဆို သည်။

အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့သည့် ပဲစင်းငုံ နှင့် မတ်ပဲကို နီပေါနိုင်ငံသို့ တင်ပို့သွားမည် ဖြစ်သော်လည်း နီပေါနှင့် မြန်မာ ၂ နိုင်ငံသည် တရားဝင် လက်မှတ်ထိုး ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အတွက် ၁ နှစ်လျှင် ပဲတန်ချိန် မည်မျှ ပို့မည်ကို ပြောကြားနိုင်ခြင်း မရှိကြောင်း စီးပွား/ကူးသန်း မှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသည့် ပဲစင်းငုံ နှင့် မတ်ပဲ တန်ချိန်၏ ၉၀ ရာခိုင်နှုန်းကျော်သည် အိန္ဒိယသို့ တင်ပို့ရခြင်း ဖြစ်၍ လက်ရှိ အိန္ဒိယကို ပဲတင်ပို့မှု ရပ်ဆိုင်းထားသည့် အတွက် ပြည်တွင်း လက်ကျန် ပဲတန်ချိန် ၄ သိန်းကျော် ရှိသည်ဟု သိရ သည်။

ဦးခင်မောင်လွင်က “ပြည်တွင်းမှာ ကျန်နေတဲ့ တန်ချိန် ကုန်သည်တွေ မှန်းထားတာက မတ်ပဲက တန်ချိန် ၃ သိန်းလောက်၊ ပဲစင်းငုံလည်း တန်ချိန် ၁ သိန်းလောက် ကျန်တယ်လို့ မှန်းထားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ပျဉ်းမနားမြို့တွင်းမှ ပဲစိုက်တောင်သူ တဦးဖြစ်သည့် ဦးဝင်းမြင့်က “ဒီနှစ်လည်း ပဲတီစိမ်းစိုက်တာပဲ၊ ရှုံးတာပဲ၊ ၂ နှစ် ဆက် တိုက် ဖြစ်နေပြီ၊ ဈေးကမကောင်း၊ အထွက်ကလျော့တော့ စိုက်သာစိုက်ရတယ် အားကိုမရှိဘူး”ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading