ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် (NLD) အစိုးရသည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ အရေးနှင့် ပတ်သက်ပြီး လူသားချင်း စာနာမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ယင်း ပြဿနာကို အချိန်တို အတွင်း ဖြေရှင်းနိုင်မည့် အလားအလာ ကင်းမဲ့ နေဆဲသည်။ ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုနှင့် ပြည်တွင်း စိတ်အား ထက်သန်မှုများကို မရေရာမှုများက တိုက်စားနေသည့် ထိုချိန်၌ပင် မြန်မာ့ စီးပွားရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ကျားကန် အမှီအထောက်ရရန် အတွက် အစိုးရက ကြိုးပမ်းအားထုတ်နေသည်။
သြဂုတ်လ ၂၅ ရက်နေ့တွင် ရိုဟင်ဂျာ စစ်သွေးကြွများက နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့နှင့် စစ်စခန်းများကို တိုက်ခိုက် သဖြင့် ယင်းတိုက်ခိုက်မှု အပေါ် တပ်မတော်က ပြင်းထန်သည့် တုံ့ပြန် စစ်ဆင်ရေးများကြောင့် ဖြစ်ပေါ်လာသော ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ကိုင်တွယ်ပုံကြောင့် အစိုးရသည် နိုင်ငံတကာ ပြစ်တင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေ ရသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ အစိုးရအဖွဲ့က စတင် တာဝန်ယူခဲ့သည်မှ ၁၈ လ အတွင်း စီးပွားရေးကို ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး မကျေနပ်မှုများ ပြည်တွင်းတွင် ပိုမိုကြီးထွားလာ နေသည်။ ငြိမ်းမှုတည်ဆောက်ရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်တင်နိုင်ပါက ထိုစိန်ခေါ်မှုများသည် ဖြေရှင်းရန် ပိုမိုလွယ်ကူနိုင်ပေသည်။
“စီးပွားရေးနဲ့ ပတ်သက်ပြီး လူတော်တော်များများ စိတ်ပူနေတယ်၊ အဆိုးမြင်နေတယ် ဆိုတာကို နေပြည်တော်က သဘောပေါက်တယ်” ဟု အလုပ်မှ ခွင့်ယူပြီး ဒေါ်အောင်ဆန်းစုကြည် ၏ စီးပွားရေး အတိုင်ပင်ခံလုပ်နေသော သြစတေးလျနိုင်ငံ မက္ကာရီ တက္ကသိုလ်မှ ရှောင်တန်နဲလ်က မကြာသေးမီက ရန်ကုန်တွင် ကျင်းပသော ညီလာခံတခုတွင် ပြောသည်။
စစ်အစိုးရခေတ်က ထောင်ချခံထားရစဉ် တိုင်းပြည်ကို မည်သို့ အုပ်ချုပ်ရမည်ကို လေ့လာခဲ့သည့် နိုင်ငံရေးသမားများနှင့် ပြည့်နှက်နေသော ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် ၂၀၁၆ ခုနှစ် ဧပြီလမှ စတင်ကာ ပထမ သက်တမ်း အတွင်း အသုံးစရိတ် လျှော့ချလိုက်သဖြင့် စီးပွားဖွံ့ဖြိုးမှုနှုန်း နှေးကွေးခြင်း ဖြစ်ပေါ်စေခဲ့သည်။
၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ပြီး ၂၀၁၄ ခုနှစ်က တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်က ၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်သည် ဟု အာရှဖွံ့ဖြိုးရေး ဘဏ်၏ အဆိုအရ သိရသည်။ ၂၀၁၈ ခုနှစ် မတ်လတွင် ကုန်ဆုံးမည့်ဘဏ္ဍာနှစ်တွင် ဖွံ့ဖြိုးမှုနှုန်း ၆ ဒသမ ၉ ရာခိုင်နှုန်းရှိမည် ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။
ဘဏ္ဍာရေး တည်ငြိမ်မှု ပြန်လည် ထိန်းရန် အတွက် အသုံးစရိတ် ဖြတ်တောက်ရန် လိုကြောင်းနှင့် ယခင် ဦးသိန်းစိန် အစိုးရသည် ဗဟိုဘဏ်အား ငွေစက္ကူများ ရိုက်ထုတ်စေပြီး အသုံးစရိတ် တိုးချဲ့ခဲ့သောကြောင့် အမျိုးသားဒီမိုကရေးစီ အဖွဲ့ချုပ် အာဏာမရမီ ၂၀၁၅ ခုနှစ်တွင် လှည့်လည် သုံးစွဲငွေပမာဏ ၃၁ ရာခိုင်နှုန်းတိုးသွားစေကြောင်း ရှောင်တန်နဲလ်က ပြောသည်။ မကြာသေးမီက စီးပွားရေး တိုးတက်မှုများမှာ ငွေစက္ကူ ရိုက်ထုတ်ခြင်းနှင့် အကျိုးမပြုသော အိမ်ခြံမြေကဲ့သို့ ကဏ္ဍများတွင် ဈေးကစားသောကြောင့်သာ ဖြစ်သည် ဟုလည်း သူက ပြောသည်။
ထိုသို့သော ပြောဆိုမှုများသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အစောပိုင်းအထိ ဦးသိန်းစိန် အစိုးရက ပြုလုပ်ခဲ့သော ဆက်သွယ်ရေး ကဏ္ဍကို ပြည်ပ လုပ်ငန်းများအတွက် ဖွင့်ပေးခြင်း၊ နိုင်ငံခြားဘဏ် ၁၃ ခုကို လက်ကားငွေကြေး ဝန်ဆောင်မှုများ ပေးရန် လိုင်စင်များ ချထားပေးခြင်း တို့ကဲ့သော ထူးခြားသည့် ဈေးကွက်ဖွင့်ခြင်းနှင့် ကျယ်ပြန့်သော နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်းကို လျစ်လျူရှုရာ ရောက်သည်။ နိုင်ငံခြားတိုက်ရိုက် ရင်နှီးမြှုပ်နှံမှုသည် ၂၀၁၅ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်လာပြီး ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရှိကာ လွန်ခဲ့သော နှစ်က ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံသို့ ပြန်လည် ကျဆင်းသွားသည်ဟု ကုလသမဂ္ဂ၏ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး ညီလာခံ၏ အဆိုအရ သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ၏ ခြိုးခြံချွေတာသော စီမံခန့်ခန့်ခွဲမှု အောက်တွင် ရသုံးမှန်းခြေ ငွေစာရင်း လိုငွေသည် ၂၀၁၆ ဧပြီလတွင် ကုန်ဆုံးသော ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းလာပြီး ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၁၁ ဒသမ ၄ ရာခိုင်နှုန်း ရှိရာမှ လက်ရှိ အခြေအနေတွင် ၆ ဒသမ ၃ ရာခိုင်နှုန်း သို့ ကျဆင်းလာသည်ဟု မြန်မာအစိုးရ၏ အဆိုအရ သိရသည်။ သဘောတရား အရ ပြောရလျှင် မြန်မာအစိုးရသည် ငွေစက္ကူပုံနှိပ်ခြင်းကို အားမကိုးဘဲ စီးပွားရေး ခုန်တက်ရန် အရေးပါသည် ဟု ယူဆရသော အခြေခံအဆောက်အအုံများ အတွက် ဘဏ္ဍာငွေရရန် ချေးငွေရယူနိုင်သော အနေအထားသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ဩဂုတ်လက ထုတ်ပြန်သည့် ထိပ်တန်းစီးပွားရေးနိုင်ငံ ၂၀ – G 20 ၏ နောက်ဆုံးထုတ် ကမ္ဘာ့ အခြေခံအဆောက်အအုံ ဆိုင်ရာ အမြင် အစီရင်ခံစာက ၂၀၄၀ ခုနှစ် အထိကာလအတွင်း မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်နှင့် လိုအပ်ချက် အကြား အမေရိကန်ဒေါ်လာ ၁၁၂ ဘီလီယံ ကွာဟနေမည် ဟု ခန့်မှန်းသည်။
“ဒီနိုင်ငံဟာ အခု အသုံးစရိတ် လိုနေတယ်။ လျှပ်စစ်ကဏ္ဍမှာ ငွေကြေးထည့်ဖို့ လိုနေတယ်။ လမ်းတွေ ဆောက်ဖို့ လိုနေတယ်။ အခုချက်ချင်း လုပ်ရမယ့်ဟာတွေ အများကြီး ရှိတယ် ဟု ရှောင်တန်နဲလ်က ပြောသည်။
“ဒီတော့ ဗဟိုဘဏ်က ငွေစက္ကူ ပုံမနှိပ်ရင် ဒီငွေတွေကို ဘယ်လို ပေးမလဲ။ ငွေတိုက် စာချုပ်တွေ ရောင်းမယ်။ ပုဂ္ဂလိက ကဏ္ဍကို ချေးငွေ သက်သေခံလက်မှတ်တွေ ထုတ်ရောင်းပြီး လိုငွေကို ထောက်ပံ့ပေးရမယ်” ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံသည် နှိုင်းယှဉ်ချက် အားဖြင့် ပမာဏ မများလှသော ငွေတိုက်စာချုပ်များကို ပြည်တွင်းဘဏ်များသို့ ရောင်းချနေသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သော်လည်း ယခုအခါ ရည်မှန်းချက် ပိုမိုကြီးမားလာသည်။
ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသည် လွန်ခဲ့သော နှစ်မှ စတင်ပြီး ငွေတိုက်စာချုပ်များကို မြန်မာငွေဖြင့် ၄ ကြိမ် ထုတ်ရောင်းခဲ့သည်။ ပထမအကြိမ် ကျပ်ဘီလီယံ ၂၀၀ ဖိုးရောင်းချစဉ်က ဝယ်ယူမှု များပြားပြီး ဝယ်ယူမည့် ပမာဏမှာ ကျပ်ငွေ ၂၀၁ ထရီလီယံ ဖိုးအထိ ရှိသည်ဟု ရှောင်တန်နဲလ်က ပြောသည်။
သို့သော် နောက်ဆက်တွဲ ငွေတိုက်စာချုပ် ရောင်းချမှုမှာ အခြေအနေ မကောင်းဘဲ ရည်မှန်းချက်၏ ၇၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းနှင့် ၄၀ ရာခိုင်နှုန်း တို့သာ ရောင်းချခဲ့ရပြီး ဝယ်ယူသူများမှာ အခြေခံအားဖြင့် နိုင်ငံပိုင် ဘဏ်အများအပြား ပါသော ပြည်တွင်းဘဏ်များသာ ဖြစ်နေသည်။ လွန်ခဲ့သောနှစ်က ငွေကြေးဖောင်းပွမှု ၁၁ ဒသမ ၄ ရာခိုင်နှုန်း ရှိပြီး ကျပ်ငွေနှင့် ရောင်းသော ထိုငွေတိုက် စာချုပ်များ အတွက် အတိုးနှုန်းကို ၉ ရာခိုင်နှုန်း ပေးသောကြောင့် ဆွဲဆောင်မှု မရှိသည်မှာ နားလည်နိုင်ပြီး မည်သည့် အတွက် ပြည်တွင်းဘဏ်များကသာ ငွေတိုက်စာချုပ်များကို အကြီးအကျယ် ဝယ်ယူကြသည်ကို ထောက်ပြစရာ ဖြစ်လာသည်။
အမေရိကန် ငွေကြေးသည် ပိုမိုတည်ငြိမ်ပြီး ငွေကြေးဖောင်းပွမှုနိမ့်ကာ ကြိုတင် ခန့်မှန်းနိုင်သောကြောင့် ဒေါ်လာဖြင့် သတ်မှတ်သော ငွေတိုက်စာချုပ်များသည် ပိုမိုဆွဲဆောင်နိုင်သည်။ သို့သော် ဒေါ်လာငွေတိုက် စာချုပ်များ ရောင်းချရန် မြန်မာနိုင်ငံ အနေဖြင့် ချေးငွေပြန်လည် ပေးဆပ်နိုင်မှု အဆင့် သတ်မှတ်ချက် ရှိရန်လိုသည်။ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်ဖြင်သော Citi ဘဏ်သည် ထိုသို့လုပ်ရန် လုပ်ငန်းအဆင့်ဆင့်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို အကြံပေးနေသည်မှာ ၃ နှစ်ခန့် ရှိပြီ ဖြစ်ပြီးနောက်ဆုံးအဆင့် သဘောတူညီချက် ရရန်သာ လိုတော့သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးက တက်လာချိန်မှ စတင်ပြီး တိုးတက်မှု မရှိသလောက်ဖြစ်နေသည်။
“အဖြစ်မှန်က မြန်မာအစိုးရအနေနဲ့ ချေးငွေပြန်လည် ပေးဆပ်နိုင်မှု အဆင့် (Credit Rating) ချက်ချင်း သတ်မှတ်ခံရင် ဒါဟာ ရင်းနှီးမြှုပ်နှံမှု အတွက် အဆင့်သတ်မှတ်ချက် မဖြစ်သလို ဘာမှလည်း လုပ်မရဘူးလေ” ဟု ရှောင်တန်နဲလ်က ပြောသည်။
သို့သော် တစိတ်တပိုင်း ရင်းနှီးမြှုပ်နှံမှု အဆင့် သတ်မှတ်ခြင်းသည်ပင် မြန်မာဘဏ်များ အတွက် အကျိုး ဖြစ်ထွန်းနိုင် သည်။
“နိုင်ငံတနိုင်ငံဟာ ချေးငွေပြန်လည် ပေးဆပ်နိုင်မှုအဆင့် သတ်မှတ်ချက်ရပြီ ဆိုရင် ဘဏ်တွေကလည်း သူတို့ရဲ့ ချေးငွေ ပြန်လည် ပေးဆပ်နိုင်မှု အဆင့်ကို ဒီပေါ်မှာ အခြေခံလိုက်လို့ရတယ်။ ဆိုလိုတာကတော့ဗျာ နိုင်ငံတနိုင်ငံရဲ့ ချေးငွေ ပြန်လည် ပေးဆပ်နိုင်မှု အဆင့် နိမ့်ရင် ဒါမှမဟုတ် ချေးငွေပြန်လည် ပေးဆပ်နိုင်မှုအဆင့် သတ်မှတ်ချက် မရှိရင် ဘဏ်တွေရဲ့ ချေးငွေပြန်လည် ပေးဆပ်နိုင်မှုအဆင့်က ပိုတောင်မြင့်မားနိုင်သေးတယ်” ဟု မြန်မာနိုင်ငံတွင် အစောဆုံး လာရောက်လုပ်ကိုင်သော အမေရိကန် ဥပဒေအတိုင်ပင်ခံ လုပ်ငန်းဖြစ်သည့် Herzfeld Rubin Meyer & Rose ၏ ဦးဆောင်ဒါရိုက်တာ အီးရစ်ရို့စ်က ပြောသည်။
အိမ်နီးချင်း နိုင်ငံများတွင် ချေးငွေပြန်လည် ပေးဆပ်နိုင်မှု အဆင့် သတ်မှတ်ခြင်းမှ မြန်မာနိုင်ငံ အတွက် ထုတ်ယူစရာ သင်ခန်းစာများလည်း ရှိသည်။ ဥပမာအားဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ ထိပ်တန်းဘဏ် တခု ဖြစ်သော ACLEDA ဘဏ်၏ ဂုဏ်သတင်းကို မြှင့်တင်နိုင်ရေး အတွက် အဆင့်သတ်မှတ်ချက် ရစေရန် လွန်ခဲ့သော ၈ နှစ်က Standard & Poor’s Financial Services ၏ အကူအညီဖြင့် ချေးငွေပြန်လည် ပေးဆပ်နိုင်မှု အဆင့် သတ်မှတ်ခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံ၏ ပဉ္စမ အကြီးဆုံးဘဏ် ဖြစ်သော ABA ဘဏ်သည် ယခုနှစ်အတွင်း အဆင့်သတ်မှတ်ချက် ရယူရန် စဉ်းစားနေသည်။ “ဒီလိုလုပ်လိုက်ရင် ကျနော်တို့ရဲ့ နိုင်ငံတကာချေးငွေ ရယူနိုင်မှုကို ပိုမိုကောင်းမွန်လာစေနိုင်တယ်” ဟု ABA ၏ အမှုဆောင်အရာရှိချုပ် အက်စ်ဟက်အဇီကာနော့က ပြောသည်။
လာအိုနိုင်ငံသည် ၂၀၀၃ ခုနှစ်က ၎င်းတို့၏ ငွေတိုက် စာချုပ်များကို ထိုင်းဈေးကွက်တွင် စတင်ရောင်းချစဉ်က ချေးငွေ ပြန်လည် ပေးဆပ်နိုင်မှု အဆင့်သတ်မှတ်ခြင်းကို စောင့်ဆိုင်းနေခဲ့ခြင်း မရှိပေ။ ထိုင်းနိုင်ငံ အခြေစိုက် ဘဏ္ဍာရေး ဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း Twin Pine Group က ၂၀၁၃ ခုနှစ် မေလတွင် လာအိုငွေတိုက်စာချုပ် ဒေါ်လာသန်း ၅၀ ဖိုး စတင် ရောင်းချရန် စီစဉ်ပေးသည်။ ထို ၃ နှစ်စာ ငွေတိုက်စာချုပ်များကို မှာကြားသူမှာ ရောင်းအား၏ ၂ ဆခွဲအထက် ကျော်လွန် နေခဲ့သည်။ ထို့နောက် လာအိုသည် ထိုင်းနိုင်ငံတွင် ငွေတိုက်စာချုပ်ရောင်းရာတွင် အဆင်ပြေစေရန် ချေးငွေ ပြန်လည် ပေးဆပ်နိုင်မှုအဆင့် သတ်မှတ်ချက်ကို S&P က ၄၉ ရာခိုင်နှုန်း ပိုင်သည့် ထိုင်းအခြေစိုက် ချေးငွေပြန်လည် ပေးဆပ်နိုင်မှု အဆင့်သတ်မှတ်သည့် လုပ်ငန်းဖြစ်သော TRIS Rating ထံမှ ရယူလိုက်သည်။
၎င်းတို့လုပ်ငန်းသည် မြန်မာနိုင်ငံတွင်လည်း အလားတူ လုပ်ဆောင်နိုင်ရန် ကြိုးစားနေသည်ဟု Twin Pine ၏ မန်နေဂျင်း ဒါရိုက်တာ အက်ဒီစွန် ဆင်ဆာချာက ပြောသည်။ “ မြန်မာနိုင်ငံဟာ အဆင့် သတ်မှတ်ချက် မခံယူဘဲ ထိုင်းနိုင်ငံ ငွေတိုက် စာချုပ် ဈေးကွက်မှာ လုပ်နိုင်ပြီး အမေရိကန်ဒေါ်လာ ငွေတိုက်စာချုပ်ဈေးကွက်ကို စမ်းကြည့်လို့ ရတယ်လို့ ကျနော် ထင်တယ်။ ဒါပေမယ့် မြန်မာ ကုမ္ပဏီတွေ ဈေးကွက်ကိုဝင်လာဖို့ ကြုံတွေ့နေရတဲ့ အတားအဆီးက မြန်မာနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေပဲ ဖြစ်နေတာ” ဟုလည်း သူက ရှင်းပြသည်။
လိုင်စင်မရရှိခြင်း
မြန်မာ ပြည်တွင်းဘဏ်များ ငွေချေးယူခြင်းနှင့် ဆက်စပ် လုပ်ကိုင်ခြင်းများကို ခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်သည် လွန်စွာ သတိထား လုပ်ကိုင်သည်။ နိုင်ငံခြားဘဏ် ၁၃ ခုတို့ကို လိုင်စင်များ ချထားပေးသော်လည်း ၎င်းတို့ကို ပြည်တွင်း လုပ်ငန်းများသို့ ငွေထုတ်ချေးခွင့်နှင့် မြန်မာနိုင်ငံသားများနှင့် လက်လီငွေကြေး ဝန်ဆောင်မှုများ လုပ်ကိုင်ခြင်းတို့ကို ခွင့်မပြုပေ။
မြန်မာနိုင်ငံ၏ လုပ်ထုံးလုပ်နည်းများက သဘောတရားအရ ခွင့်ပြုသော်လည်း အာဏာပိုင်များသည် နိုင်ငံခြား အာမခံ လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ ဝင်ခွင့်မပေးဘဲ လိုင်စင် ချထားပေးခြင်း မရှိပေ။ ၎င်းတို့ကို ဝင်ရောက်ခွင့် ပေးပါက ထိုင်းနှင့် ဗီယက်နမ်တို့တွင် ကြုံရသည့် အတိုင်း အလုပ်အကိုင်သစ်များ ပေါ်ပေါက်လာနိုင်ပြီး ပြည်တွင်း ငွေတိုက်စာချုပ်ဈေးကွက် အတွက် ငွေရင်းများ ဖန်တီးပေးနိုင်သည်။
ယေဘုယျအားဖြင့် ဆိုရပါက အာမခံကုမ္ပဏီများသည် ၎င်းတို့၏ ငွေရင်းကို ပြည်တွင်းသုံး ငွေကန့်သတ် ဖော်ပြရန် လိုသဖြင့် အစိုးရ ငွေတိုက်စာချပ်များနှင့် လုပ်ငန်းများ၏ ငွေချေးစာချုုပ်များ အတွက် ဈေးကွက်တခုကို ဖန်တီးပေးနိုင်သည်။ အာမခံ ဈေးကွက်ကြောင့် ထိုင်းနိုင်ငံ အဖွဲ့အစည်းများမှ ထုတ်ဝေသော သက်တမ်း မဝင်သေးသည့် ငွေတိုက်စာချုပ်များ သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အလျင်အမြန် ကြီးထွားလာကာ ဘတ်ငွေ ၁၀ ထရီလီယံ (ဒေါ်လာ ၃၀၂ ဘီလီယံ) အထိ တိုးပွားလာသည်။ မြန်မာနိုင်ငံသည် အလားတူ ငွေတိုက်စာချုပ် ဈေးကွက် ဖန်တီးနိုင်ပါက အခြေခံ အဆောက်အအုံ လိုအပ်ချက်များ အတွက် ငွေကြေးထောက်ပံ့ လာနိုင်မည် ဖြစ်သည်။
ကျပ်ငွေ ငွေတိုက်စာချုပ်များ အတွက် ဝယ်လိုအား ပိုမိုကြီးမား လာအောင် လုပ်ဆောင်ခြင်း သည်လည်း မြန်မာနိုင်ငံ၏ ဦးစားပေး သတ်မှတ်ချက်များနှင့်လည်း သင့်လျော်သည်။ “လတ်တလောမှာတော့ ပြည်တွင်းဘဏ္ဍာရေး ကဏ္ဍနဲ့ ပြည်တွင်း ငွေရင်းဈေးကွက် ပေါ်ပေါက်ရေးကို အာရုံစိုက်နေတယ်” ဟု ရှောင်တန်နဲလ်က ပြောသည်။
အစိုးရသည် ပြည်ပဘဏ်များကို အပြည့်အ၀ လုပ်ကိုင်ခွင့်ပေးသော ကမ္ဘောဒီးယားနှင့် လာအိုတွင်ကဲ့သို့ ဘဏ်လုပ်ငန်း တွင် နိုင်ငံခြားဘဏ်များကို ပါဝင်ခွင့် ပေးခြင်းထက် ပြည်တွင်း ဘဏ်များကို အားပေးရန်သာ လုပ်ဆောင်နေပုံရသည်။ “ကုန်သွယ်မှု ဆိုင်ရာ ငွေကြေးပံ့ပိုးခြင်းမှာ နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့် ပေးဖို့ ဆွေးနွေးနေတာတွေ ရှိတယ်။ ဒါပေမယ့် လက်လီ ဘဏ်လုပ်ငန်းတော့ မပါသေးဘူး” ဟု မြန်မာ နိုင်ငံဗဟိုဘဏ်မှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။
ဘဏ်လုပ်ငန်းကဏ္ဍတွင် ပြည်ပဘဏ်များ ပိုမိုပါဝင်ခြင်း အတွက် ပြင်ဆင်ထားကြရန် စစ်အုပ်ချုပ်ရေး ကာလအတွင်းက ခရိုနီဟု သတ်မှတ်ခံရသူ အများအပြား ပါဝင်သည့် မြန်မာနိုင်ငံ ပြည်တွင်းဘဏ် ၂၂ ခုမှ အမှုဆောင်အရာရှိချုပ်များနှင့် မကြာသေးမီက အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘဏ်အကြီးအကဲတွေကို တွေ့ဆုံတာဟာ အပြောင်းအလဲတွေ အများကြီး လုပ်ချင်လို့ပဲ။ မြန်မာဘဏ်တွေကို အကာအကွယ် ပေးစရာ မလိုပါဘူး” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တိုးတက်ရေးဘဏ် အကြီးအကဲ ဦးခင်ရွှေက ပြောသည်။ “ အခုအချိန်ဟာ ပြည်ပဘဏ်တွေနဲ့ ဖက်စပ်လုပ်ရမယ့် အချိန်ပဲ” ဟု သူက ပြောသည်။
ပြည်တွင်းဘဏ်များနှင့် ဖက်စပ်ပုံစံဖြင့် ဖြစ်စေ နိုင်ငံခြား ဘဏ်များကို ပိုမို ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခွင့် ပေးခြင်းသည် မှန်ကန်သော ဘက်သို့ ဦးတည်လိုက်ခြင်းပင် ဖြစ်သည်။ သို့သော် အမှောင်ထဲတွင် နေထိုင်နေကြသော မြန်မာပြည်သူ ၇၀ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ပေးရန်နှင့် ခေတ်နောက်ကျသော နေရာများတွင် နေထိုင်နေရသော မြန်မာနိုင်ငံမှ လူများစုများ အတွက် သင့်တင့်လျောက်ပတ်သော လမ်းများ တည်ဆောက်ရန် လိုအပ်နေသည့် ဒေါ်လာ ဘီလီယံပေါင်း များစွာ ရရှိရေး အတွက်မူ များစွာ ဆက်လက် လုပ်ဆောင်ရဦးမည် ဖြစ်သည်။
“ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ စီးပွားရေး ချက်ချင်းခုန်တက် လာအောင် လုပ်ဖို့လိုတဲ့ ကြီးကြီးမားမား ခြေလှမ်း မလှမ်းသေးတာပဲ။ ပြဿနာက ငွေဆီကိုပဲ ပြန်ရောက်လာတယ်။ သူတို့မှာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အတွက် ငွေမရှိဘူး။ ဒါက အနောက်တိုင်း လုပ်ငန်းတွေကမှ ယူလာနိုင်မှာလေ” ဟု Herzfeld Rubin Meyer & Rose ၏ ဦးဆောင်ဒါရိုက်တာ အီးရစ်ရို့စ်က ပြောသည်။
(www.asia.nikkei.com တွင် ဖော်ပြထားသော Peter Janssen ၏ Myanmar mulls reforms to meet infrastructure funding ကို ဘာသာပြန်သည်။)