စီးပွားရေး

ရန်ကုန် ရွှေအိတ်ချိန်း တည်ထောင်ရန် စီစဉ်၊ လုပ်သား သိန်းချီ အလုပ်အကိုင် ရရှိနိုင်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန် ရွှေဈေးကွက် အိတ်ချိန်းတခု အကောင်ထည်ဖော်မည်ဖြစ်ပြီး ပြည်တွင်းလုပ်သား သိန်းချီ၍ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိနိုင်မည် ဖြစ်ကြောင်း မြန်မာရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီမှ သိရသည်။

ပြည်တွင်းမှ ရွှေကို တန်ဖိုးမြင့် ထုတ်ကုန်ဇုန်အဖြစ် လုပ်ကိုင်ရန် အပိုင်း ၂ ခုရှိပြီး ပထမပိုင်းအနေနှင့် ရွှေအိတ်ချိန်းတခု စတင်တည်ထောင်မည် ဖြစ်ကြောင်း၊ ယင်းနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင် ပြည်တွင်း လုပ်သားများ အတွက် အလုပ် အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း မြန်မာရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲသူအောင်က ပြောပြသည်။

ဆက်လက်၍ ၎င်းက “ဒီအိတ်ချိန်းထဲမှာ လုပ်နေတဲ့ သူနဲ့ ဆက်စပ်တဲ့ ထောက်ပံ့ရေး အပိုင်းတွေမှာ အလုပ်အကိုင် အများကြီး ရရှိမယ်။ နောက်တခုကတော့ ကျနော်တို့ တန်ဖိုးမြင့် ထုတ်ကုန်လုပ်ရင် စက်ရုံက အထည်ချုပ်လို ပုံစံမျိုး လုပ်ရတာ ဖြစ်ပါတယ်။ ဥပမာ ကျနော်တိို့က ရန်ကုန်မှာရှိတဲ့ ရွှေ ဗဟိုဈေးကွက်ကနေ ဒူဘိုင်းကို တင်ပို့မယ်။ ယိုးဒယား ပို့ချင်တယ်ဆိုရင် ရွှေကို တန်ဖိုးမြင့် ထုတ်လုပ်ပြီး တင်ပို့ဖို့ Industrial ဇုန်ထောင်ပြီး လုပ်ပေးရမှာဖြစ်တယ်။ ဒါက လုပ်သား အရမ်းလိုပါတယ်။ စက်ရုံက အလုပ်သမား သိန်းနဲ့ချီ ရှိရမှာ ဖြစ်ပါတယ်’’ဟုလည်း ပြောသည်။

အဆိုပါ မြန်မာ့ ရွှေဈေးကွက်ကို ဖော်ဆောင်ရာတွင် ရွှေအိတ်ချိန်းကို ရန်ကုန်မြို့ရှိ မြို့တွင်းနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ၂ နှစ်အတွင်း အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး မြို့တွင်း၌ နေရာ သတ်မှတ်ပေးရန် အတွက်လည်း တိုင်းဒေသ ကြီး အစိုးရ အဖွဲ့နှင့် တိုင်ပင် ဆွေးနွေးနေကြောင်း သိရသည်။

ဦးရဲသူအောင် က “မြို့ထဲကတော့ နေရာက ယာယီတော့ ရရှိထားတာ ရှိတယ်။ ဒါပေမယ့် နေရာတော့ ကျနော်တို့ထုတ် ပြောလို့ မရသေးပါဘူး”ဟု ပြောသည်။

မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာဝင်းဘေးတွင် မြေဧက ၇၀ ခန့်ကို ရွှေ ဗဟိုဈေးကွက် ဖော်ဆောင်ရန် ရရှိထားသည့် အပြင် ရွှေ အိတ်ချိန်းတခု ဖော်ဆောင်ရန်နှင့် ရွှေနှင့်ပတ်သက်သည့် လက်ဝတ်ရတနာများကို အချောထည် တန်ဖိုးမြင့် ထုတ်ကုန် များ ထုတ်လုပ်ရန်အတွက် စက်မှုကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ ရွှေ ကျောက်မျက်သတ္တု ဗဟိုဈေးကွက် ဖြစ်မြောက်ရေး ကော်မတီက ဆိုသည်။

လက်ဝတ်ရတနာမျိုးစုံ၊ ဖန်စီပစ္စည်းများ၊ အကုန်လုံးသည် အထည်ချုပ်နီးပါး မဟုတ်သော်လည်း ယင်းကဲ့သို့ နီးပါး အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း၊ လုပ်သားများ အတွက် လုံခြုံရေးနှင့် ပတ်သက် သည် လုပ်ငန်းများ ရွှေအိတ်ချိန်းနှင့် သက်ဆိုင်သည့် ကဏ္ဍများကို ပြည်ပမှ ပညာရှင်များ ဖိတ်ခေါ်၍ သင်တန်းပို့ချပေး မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဈေးကွက်ကို ဘယ်လိုပုံဖော်မှာလဲ ဈေးကွက်ကို ဘယ်လိုအခြေခံကနေ သွားပြီး လုပ်ဆောင်မလဲ ဆိုတာ ဈေးကွက်သဘောသဘာဝနဲ့ ရှေ့ကို တက်လှမ်းနိုင်ဖို့ စတင်ပြင်ဆင်ရန်၊ မြန်မာနိုင်ငံ ရဲ့ရွှေဈေးကွက်က ဘယ်လိုလုပ်သွားမှာလဲ အခြေခံပဲ ပစ္စည်း နဲ့ တိုက်ရိုက်ရောင်းဝယ်မှု ပြုလုပ်မှာလား ဆိုတာ စနစ်တကျ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် ဒီဈေးကွက်ထဲမှာ ပါဝင်မယ့် လုပ်ငန်းအပိုင်းတွေနဲ့ ပတ်သက်ပြီး စနစ်တကျ လေ့လာဖို့ လိုအပ်မှာ ဖြစ်ပါတယ်’’ဟု ပြောကြားသည်။

ရန်ကုန်မြို့ Summit Park View ဟိုုတယ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ၌ ဆောင်ရွက် မည့် နိုင်ငံတကာအဆင့်မီ ရွှေ ၊ ရွှေဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာနှင့် ပစ္စည်းများ၊ ကျောက်မျက် ရတနာနှင့် အချောထည်များနှင့် မြန်မာ့ တွင်းထွက် သတ္တု သယံဇာတများ ရောင်းဝယ်ဖောက်ကားရေး ဗဟိုဈေးကွက် ဖော်ဆောင် မှု အလုပ်ရုံ ဆွေးနွေးပွဲ၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် ရွှေဈေးကွက် နှင့် ဆက်နွယ်နေသော ကျောက်စိမ်းဈေးကွက်၊ နီကယ်၊ ကြေးနီ အစရှိသည့် စီးပွားရေး လုပ်ငန်း ဈေးကွက်များကိုလည်း ထူထောင်သွားမည်ဖြစ်ပြီး ရွှေဈေးကွက်ကို ရန်ကုန်မြို့တွင် စတင်ရန် ပြင်ဆင်ထားကြောင်း လည်း ဝန်ကြီးချုုပ်က ပြောသည်။

မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမြို့တော်သည် ရန်ကုန်မြို့ ဖြစ်သောကြောင့် ရန်ကုန်ဈေးကွက်ကို အခြေပြုစတင်ခြင်း ဖြစ်ပြီး ဒုတိယအနေနှင့် မန္တလေးဈေးကွက် ဖြစ်ကြောင်း၊ ယင်းဈေးကွက် ၂ ခုကို ချိတ်ဆက်ပြီး အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဈေးကွက်ကို ကိုင်တွယ်နိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့မှ သိရ သည်။

ယခု တည်ဆောက်မည့် ရန်ကုန်ရွှေဈေးကွက်မှ ရောင်းဝယ်ဖောက်ကားမည့် အချောထည် လက်ဝတ်ရတနာများကို ပြည်ပ သို့ တင်ပို့မှု ပြုလုပ်ရာတွင် အိတ်စ်ပို့ လိုင်စင်စနစ်နှင့် ထိန်းချုပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံး ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံများရှိ ရွှေဈေးကွက်သို့ တင်ပို့သွားမည်ဟု မြန်မာရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading