စီးပွားရေး

ရခိုင်အရေးကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အိပ်မက် မလှနိုင်တော့

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မှ အရာရှိများသည် ဇွန်လက ဥရောပ ၆ နိုင်ငံခရီးစဉ် အတွင်း သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် ပညာရေးကဏ္ဍများ အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည် ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော် ၎င်းတို့သည် ရေနံကြွယ်ဝသော ရခိုင်ပြည်နယ်မှ မွတ်စလင်များကို မြန်မာနိုင်ငံက ဆက်ဆံပုံနှင့် ပတ်သက်သော မေးခွန်းများသာ အမေးခံခဲ့ရသည်။

“ရောက်တဲ့ နိုင်ငံတိုင်းမှာ ဒီပြဿနာကိုပဲ ရင်ဆိုင်နေရတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ၁၆ ရာက်ကြာသည့် ခရီးစဉ်မှ အပြန်တွင် ပြောသည်။
ထိုနောက်ပိုင်းတွင် ရခိုင်ပြည်နယ် အခြေအနေမှာ သိသိသာသာ ပိုမို ဆိုးရွားလာပြီး ရိုဟင်ဂျာ ဆိုသူ ၄၈၀၀၀၀ တို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးပြီး ကုလသမဂ္ဂက ထိုဖြစ်ရပ်ကို “လူမျိုးတုံး သတ်ဖြတ်မှု” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အနောက်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ နည်းပါးသော်လည်း ယခုနှစ် အတွင်း ပြုလုပ်သည့် ပြုပြင် ပြောင်းလဲမှုများသည် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုများနှင့် စစ်အုပ်ချုပ်ရေး၏ မှားယွင်းသော စီမံခန့်ခွဲမှု ဆယ်စုနှစ် များစွာကြောင့် တုံ့ဆိုင်းနေသော စီးပွားရေးကို ဖွင့်ပေးနိုင်မည် ဟု မျှော်လင့်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ အရပ်သားအုပ်ချုပ်ရေးသို့ အကူးအပြောင်း အတွက် အရေးယူပိတ်ဆို့မှု အများစုကို ရုပ်သိမ်းလိုက်ခြင်းနှင့် အတူ အနောက်တိုင်းမှ အရင်းအနှီးများ အလုံးအရင်းနှင့် ဝင်ရောက် လာမည် မျှော်လင့်ကြပြီး မျှော်လင့်သည့် အတိုင်း အကျိုးအမြတ်ဖြစ်မည်ဟု မြင်ခဲ့ကြသည်။

ထို အနောက်တိုင်း အရင်းအနှီးများကြောင့် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးခြင်းကို ချိန်ညှိနိုင်မည်ဟု ဒေသတွင်းမှ သံတမန်များက ယူဆကြသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် သည် ရိုဟင်ဂျာဆိုသူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထုတ်ဖော် ပြောကြားမှု နည်းပါးသောကြောင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများ ခံနေရပြီး ဥရောပနှင့် အမေရိကန် လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းကြောင့် ဖြစ်လာမည့် ဂုဏ်သတင်း ထိခိုက်မှုကို ပူပန်လာကြသည် ဟု ဥပဒေ အကျိုးဆောင်များ၊ အတိုင်ပင်ခံများနှင့် နိုင်ငံရေးသမားကို သြဇာလွှမ်းမိုးနိုင်ရန် ကြိုးစားနေသူများက ပြောသည်။

ရန်ကုန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Faircap Partners ၏ အကြီးအကဲ Louis Yeung က ၎င်းတို့၏ စီးပွားဖက်တဦး ဖြစ်သူ အမေရိကန်အခြေစိုက် စတော့အိပ်ချိန်း စာရင်းဝင် အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းတခုသည် နှေးကွေးသော ပြုပြင်ပြောင်းလဲမှုများနှင့် ရခိုင်အရေးကြောင့် မြန်မာဈေးကွက်သို့ ဝင်ရောက်မည့် အစီအစဉ်ကို ၃ နှစ်မှ ၅ နှစ်အထိ ဆိုင်းငံ့ လိုက်ရသည် ဟု ပြောသည်။

“သူတို့က အချိန်မတန်သေးဘူးလို့ ကောက်ချက်ချတယ်။ အစိုးရရဲ့ ပိုမိုထောက်ခံမှုကို သူတို့ လိုချင်ပေမယ့် ရခိုင်အရေး ကြောင့် အထောက်အကူမရဘဲ ဖြစ်နေတယ်” ဟု သူက ပြောသည်။

မကြာသေးမီလများ အတွင်းကမူ ဖိအားမှာ ပိုမိုပြင်းထန်လာပြီး လူ့အခွင့် အရေးအဖွဲ့တခုဖြစ်သော AFD International က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ရန် တောင်းဆိုလာသောကြောင့် လက်ရှိ ရင်းနှီးမြှုပ်နှံထားသူများ အတွက်ပင် ဖိအား ကြီးမားနေသည်။

ရေနံနှင့် ဓာတ်ငွေ့ရှာရန် မြန်မာ အစိုးရပိုင် လုပ်ငန်းနှင့် ထုတ်လုပ်မှု ခွဲဝေယူရေး စာချုပ်ကို ဖျက်သိမ်းရန် ရင်းနှီးမြှုပ်နှံသူ အနည်းစုက အမေရိကန်ရေနံလုပ်ငန်း Chevron ကို ၎င်း၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် အဆို တင်သွင်းခဲ့ သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းကွန်ရက် လုပ်ကိုင်နေသော နော်ဝေနိုင်ငံ ဆက်သွယ်ရေး လုပ်ငန်း Telenor ကလည်း လူ့အခွင့်အရေး အကာကွယ်ပေးရန် တောင်းဆိုသော ကြေညာချက် ထုတ်ပြန်ခဲ့ရသည်။

မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ဝေဖန် ပြောကြားပေးရန် Chevron က ငြင်းဆန်ပြီး အလားတူ မေတ္တာရပ်ခံချက် အများအပြားကို Telenor က အကြောင်းပြန်ကြားခြင်း မပြုပေ။

မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည့် ခရီးစဉ်ကို ကာလအကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်သည် ဟု ဥရောပ ပါလီမန်၏ နိုင်ငံတကာ ကုန်သွယ်ရေး ကော်မတီ အကြီးအကဲ Bernd Lange က လွန်ခဲ့သော သီတင်းပတ်က ပြောသည်။ လူ့အခွင့်အရေး အခြေအနေကြောင့် အလားအလာရှိသော ဥရောပသမဂ္ဂ-မြန်မာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အတွက် အကျိုးရှိသော ဆွေးနွေးပွဲများ မဖြစ်နိုင်ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ညီလာခံများ ကျင်းပရန် စီစဉ်နေသော လုပ်ငန်းများသည်လည်း အခြားသော နေရာများတွင် ရွှေ့ပြောင်း ကျင်းပရန် စဉ်းစားနေကြသည် ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းချုပ် ဒု ဥက္ကဌ ဦးခင်အောင်ထွန်းက ပြောသည်။

“မြန်မာနိုင်ငံဟာ သတင်းကောင်းတွေ ထွက်တဲ့ နိုင်ငံလို့ လူတွေ မြင်လာကာစပဲ ရှိသေးတယ်။ အခုတော့ ဒါရိုက်တာ အဖွဲ့ အစည်းအဝေးတွေမှာ တယောက်ယောက်က မြန်မာနိုင်ငံအကြောင်း ပြောရင် နောက်တယောက်က ‘ခဏနေဦး။ ရွာတွေ မီးလောင်ပြီး ဒုက္ခသည်တွေ ထွက်ပြေးနေတာ ကျနော် အခုလေးပဲ ရုပ်သံမှာ မြင်ခဲ့တယ်’ လို့ ပြောတဲ့ အခြေအနေ ဖြစ်ကုန်ပြီ” ဟု South East Asia at Control Risks အန္တရာယ် လျှော့ချရေး အတိုင်ပင်ခံလုပ်ငန်းမှ Dane Chamorro က ပြောသည်။

ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စိုးရိမ်ပူပန်သည်မှာ သဘာဝကျသည် ဟု ဒေါ်အောင်ဆန်းစုကြည် က Nikkei Asia Review က ကြာသပတေးနေ့ထုတ် Nikkei Asia Review မှ အင်တာဗျူးတွင် ပြောသော်လည်း ဆင်းရဲနွမ်းပါးသည့် ရခိုင်ပြည်နယ်မှ ရှည်ကြာလှသော ပြဿနာများကို ဖြေရှင်းရာတွင် စီးပွားရေး တိုးတက်မှုသည် အဓိကကျသည် ဟူသည့် သူ၏ အမြင်ကို အကြိမ်ကြိမ် ပြောခဲ့သည်။“ဒီတော့ ရင်းနှီးမြှုပ်နှံမှုကသာ လက်တွေ့မှာ အခြေအနေ ကောင်းမွန်လာအောင် လုပ်ပေးနိုင်တယ်” ဟု သူမက ပြောသည်။

အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံတန်ကြေးရှိ မြန်မာ့စီးပွားရေးသည် အနောက်နိုင်ငံ လုပ်ငန်းများ၏ ခိုင်မာသော ရင်းနှီးမြှုပ်နှံရေး အဆိုပြုချက်များကို ဆွဲဆောင်နိုင်သင့်သည်။

ကြီးမားလှသော ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ၊ ပတ္တမြားနှင့် ကျွန်းသစ်ကဲ့သို့သော သဘာ၀ သယံဇာတများ မြန်မာနိုင်ငံတွင် ပေါများသည်။

မြန်မာနိုင်ငံသည် အများမျှော်လင့်နေသော ရင်းနှီးမြှုပ်နှံမှုဥပဒေကို လွန်ခဲ့သော ဧပြီလက ပြဋ္ဌာန်းခဲ့ပြီး လုပ်ထုံးလုပ်နည်း များကိုလည်း ရိုးရှင်းအောင် လုပ်ဆောင်ကာ ပြည်ပလုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းများနှင့် တန်းတူဆက်ဆံခဲ့သည်။ ယင်း ဥပဒေကြောင့် ယခုနှစ်နှောင်းပိုင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ များပြားလာမည်ဟု မျှော်မှန်းသည်။

“ရင်းနှီးမြှုပ်နှံမှု အတွက် လိုအပ်တဲ့ အခြေအနေတွေက တိုးတက်လာပြီ” ဟု အာရှတွင် ရင်းနှီးမြှုပ်နှံသူများ အတွက် အတိုင်ပင်ခံ လုပ်ငန်း Dezan Shira & Associates မှ အာဆီယံဒေသတွင်း စီးပွားရေးဆိုင်ရာ အချက်အလက် စုံစမ်းရေး အကြီးအကဲ Dustin Daugherty က ပြောသည်။

သို့သော် အနောက်နိုင်ငံလုပ်ငန်းများ လက်ရှောင်နေကြသော်လည်း အာရှ စီးပွားရေးသမားများကြောင့် မြန်မာ့စီးပွားရေးသည် အထိမနာလှပေ။ အရေးယူပိတ်ဆို့မှုများ ဖြစ်လာလျှင်ပင် အထိနာမည် မဟုတ်သလို အရေးယူပိတ်ဆို့မှု ချမှတ်မည့် အလားအလာလည်း မရှိပေ။

အာရှတခွင်နှင့် အခြားဒေသများရှိ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုန်သွယ်ရေးမြှင့်တင်မည့် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်နှင့် ကိုက်ညီသည့် စီမံကိန်းများကို တရုတ်နိုင်ငံက တွန်းအားပေး ဆောင်ရွက်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဘက် ၄ နိုင်ငံသည် စင်္ကာပူ၊ ထိုင်း၊ ဂျပန်နှင့် အိန္ဒိယ တို့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်သည့်တရုတ်နှင့် မြန်မာတို့ အကြား ကုန်သွယ်မှုသည် အထက်ပါ ၄ နိုင်ငံနှင့် မြန်မာ အကြား ကုန်သွယ်မှုလောက်ပင် များပြားသည်။

အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုမှာ ဒေါ်လာ သန်း ၄၀၀ ဖိုးခန့်သာ ရှိပြီး မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ သုည ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။ ဥရောပ၏ ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၁၀ ပုံ ၁ ပုံရှိပြီး တရုတ်နှင့် ဟောင်ကောင်တို၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း၏ ၃ ပုံ၁ ပုံရှိသည်။ ထိုင်းနှင့် စင်္ကာပူ ၂ နိုင်ငံပေါင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုတ်နှံမှုသည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃ ပုံ ၁ ပုံရှိသည်။

ဥရောပ ရင်းနှီးမြှုပ်နှံသူများသည် အမြင် ပြောင်းသွားသော်လည်း အာရှ ရင်းနှီးမြှုပ်နှံသူများ ဆက်လက်ကျန်ရှိနေမည် ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က သတင်းထောက်များကို ပြောသည်။

တရုတ်နိုင်ငံသည် စွမ်းအင် လိုအပ်နေသာ မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ဆွေးနွေးနေပြီး ဘင်္ဂလား ပင်လယ်အော်ရှိ သေနင်္ဂဗျူဟာ ကျသော ဆိပ်ကမ်းတခုတွင် အထူးအခွင့်အရေး ရအောင် လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ တင်ပို့သည့် ရေနံပိုက်လိုင်း ဆိုင်ရာ သဘောတူညီချက် ကိုလည်း လွန်ခဲ့သော ဧပြီလက လက်မှတ်ရေးထိုးခဲ့သည်။

“ဒါက ဒေါ်အောင်ဆန်းစုကြည် ကို တရုတ် သမ္မတ ရှီကျင့်ဖျင်လက်ထဲ ထိုးကျွေးလိုက်တာပဲ ဖြစ်မယ်” ဟု သြစတြေးလျှ အမျိုးသား တက္ကသိုလ် အရှေ့တောင်အာရှရေးရာ ဌာန ဒါရိုက်တာနှင့် ကာကွယ်ရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာန အကြီးအကဲ John Blaxland က ပြောသည်။

(Reuters သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် Yimou Lee နှင့် Marius Zaharia တို့၏ Crisis dents Myanmar’s hopes of Western investment boom ကိုဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading