၁၉၈၉ ခုနှစ်မှ စတင်၍ ပိတ်ထားခဲ့သည့် တောင်သူလယ်သမား အသက်အာမခံကို အောက်တိုဘာလ ၁ ရက်နေ့မှ စ၍ မြန်မာ့အာမခံ ရုံးခွဲများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တိုက်ရိုက်ရောင်းချပေးမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။
တောင်သူလယ်သမား အသက်အာမခံကို ယခင် ၁၉၈၀ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ရောင်းချခဲ့ရာမှ လုပ်ငန်းအရှုံးပေါ်သည်ဟုဆိုကာ ၁၉၈၉ ခုနှစ်မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ ပိတ်ထားခဲ့ပြီး ယခု အောက်တိုဘာလ မှ အသစ်ပြန်လည်ပြင်ဆင် ရောင်းချတော့မည်ဖြစ်သည်။
မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက “ အောက်တိုဘာလ ၁ ရက်နေ့ကနေ တိုက်ရိုက်ရောင်းချပေးမှာ ဖြစ်တယ်။ မိတ်ဖက်အဖွဲ့စည်းတွေအတွက် ရောင်းချပေးတဲ့အတွက် ပရီမီယမ်ကြေး ၁၀ ရာခိုင်နူန်း အကျိုးအမြတ်ပေးမယ်။ ကျန် ၉၀ ရာခိုင်နူန်းကို မြန်မာ့အာမခံက ယူမှာ ဖြစ်တယ်’ဟု ပြောသည်။
တောင်သူလယ်သမား အသက်အာမခံ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရခြင်းမှာ တောင်သူလယ်သမားများနှင့် မိသားစုဝင်များအတွက် ခိုင်မာသော ဘဝအာမခံချက် ရရှိစေရန်၊ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် တဖက်တလမ်းမှ ဆေးဝါးကုသမှု ကုန်ကျစရိတ် ပံ့ပိုးပေးနိုင်ရန်နှင့် မတော်တဆ အသက်ဆုံးရူံးမှုများ ဖြစ်ပေါ်လာလျှင်လည်း ကျန်ရစ်သူမိသားစုများကို ငွေကြေးအထောက်အပံ့ ရရှိနိုင်ရန်နှင့် နိုင်ငံ၏ ဝင်ငွေတိုးတက်ရရှိစေရန် စသည့် အချက်များအရ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
တောင်သူလယ်သမားများမှ အသက်အာမခံထားရှိရာတွင် အသက် ၁၆ နှစ်မှ အသက် ၆၀ အထိ လယ်ယာလုပ်ငန်းတွင် ဆက်စပ်လုပ်ကိုင်နေသော ဆန်စက်လုပ်ငန်း လုပ်ကိုင်သူများ၊ လယ်သမားများနှင့် ဆွေမျိုးတော်စပ်သူများမှ ထားရှိနိုင်ပြီး အာမခံ ထားရှိသည့် ငွေကြေးမှာ အနည်းဆုံး ကျပ် ၁ သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိ ထားရှိနိုင်မည် ဖြစ်သည်။
ပရီမီယမ်ကြေးအနေနှင့် ထားရှိသည့်ငွေကြေးအလိုက် အစိုးရသို့ ကျပ် ၁ သိန်းလျှင် အာမခံထားရှိသူမှ ကျပ် ၁ ထောင်နှုန်းဖြင့် နှစ်စဉ်ကြေး ပေးရမည် ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
‘ထားရှိတဲ့ လယ်သမားက ပရီမီယမ်ထားရှိတဲ့ ငွေပမာဏကိုပဲ ပေးရမှာ ဖြစ်တဲ့အတွက် ကျပ် ၁ သိန်းဆို ကျပ် ၁ ထောင်ပေးရမယ်။ ကျပ် ၅ သိန်းဆိုမှ ငွေကျပ် ၅ ထောင်ပဲပေးရမှာ ဖြစ်တယ်။ ရမယ့်အကျိုးခံစားခွင့်က သေဆုံးတာရော ထိခိုက်ဒဏ်ရာ ရရင်ရော သူ့နူန်းထားအလိုက် လျော်ကြေး ရရှိမှာ ဖြစ်တယ်။ ရမယ့်အခွင့်အရေးက အများကြီးဖြစ်တယ်’ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက ပြောသည်။
ယင်းအာမခံထားရှိခြင်း အားဖြင့် ဆေးကုသမှုအတွက် ဆေးကုသစရိတ် အကျိုးခံစားခွင့်များ၊ ရိုးရိုးထိခိုက်ဒဏ်ရာ ရရှိမှုအတွက် ရရှိမည့် ဆေးကုသစရိတ်များ၊ အသက်သေဆုံးခြင်းအတွက် ပရီမီယမ်လျော်ကြေးများကို သတ်မှတ်နူန်းထားအလိုက် ရရှိမည် ဖြစ်သည်။
အသက်အာမခံ လုပ်ငန်းမန်နေဂျာ ဦးကျော်မင်းဆွေက “အာမခံ ထားရှိတဲ့ သက်တမ်းက ၁ နှစ်ဖြစ်ပါတယ်။ သေဆုံးရင်တော့ ထားရှိတဲ့ အာမခံငွေကြေးအတိုင်း ပြန်ရမှာ ဖြစ်ပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာ ရရင် ဖြစ်တဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီးတော့ လျော်ကြေးရရှိမှာ ဖြစ်ပါတယ်။ ဆေးရုံတက်ရင် ဥပမာ ၁ သိန်း အာမခံထားရင် တရက်ကို ၂၀၀၀ နဲ့ တကြိမ်တက်ရင် အများဆုံး ၅ ရက်စာ ပေးပါတယ်။ အာမခံသက်တမ်း ၁ နှစ်အတွင်း ဆေးရုံတက်တာကို ၃ ကြိမ်ခွင့်ပြုထားတာဖြစ်တယ်’’ဟု ရှင်းပြသည်။
တောင်သူလယ်သမား အသက်အာမခံ ထားရှိသူမှ သေဆုံးလျှင် သေစာရင်းမိတ္ထူပြ၍ သော်လည်းကောင်း၊ ထိခိုက်ဒဏ်ရာရှိ၊ သန်စွမ်းမှုမရှိတော့လျှင် အာမခံလက်မှတ်မူရင်း၊ ရပ်ကွက်လူကြီး (သို့မဟုတ်) အုပ်ချုပ်ရေးမှူးမှ အကျိုးခံစားခွင့်တင်ပြရာတွင် လိုအပ်ပြီး ဆေးရုံတက်ရလျှင် အစိုးရအသိအမှတ်ပြုထားသည့် ဆေးရုံ၊ ဆေးခန်းမှ ထောက်ခံစာနှင့်တကွ ဖြစ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း မြန်မာတနိုင်ငံလုံးရှိ မြန်မာ့အာမခံရုံးခွဲများတွင် အကျိုးခံစားခွင့် တောင်းခံနိုင်ကြောင်း ၎င်းက ပြောသည်။
အာမခံထားရှိသူသည် မှတ်ပုံတင်မိတ္ထူနှင့် မြန်မာတနိုင်ငံလုံးရှိ မြန်မာ့အာမခံ ရုံးခွဲများ၊ မိတ်ဖက်ဆောင်ရွက်မည့် အဖွဲ့အစည်းများတွင် တောင်သူလယ်သမား အသက်အာမခံ လျှောက်လွှာများကို ဝယ်ယူပြီး သက်ဆိုင်ရာ နယ်ရုံးခွဲများတွင် အာမခံကြေး ပေးသွင်း ထားရှိနိုင်ကြောင်း သိရသည်။
တောင်သူလယ်သမားများ အာမခံထားရှိခြင်းကို နားလည်နိုင်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ သမဝါယမ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)၊ MAPCO အများပိုင်ကုမ္ပဏီ၊ မြန်မာ့သြဘာကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာ့အာမခံ လုပ်ငန်းတွင် အသက်အာမခံ အမျိုးအစား ၁၀ မျိုး ရှိရာမှ တောင်သူလယ်သမား အသက်အာမခံသည် တမျိုးအပါအဝင်ဖြစ်သည်။