စီးပွားရေး

ငါးလုပ်ငန်းဆိုင်ရာ ပညာရပ်တက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆွေးနွေးနေ

ငါးလုပ်ငန်းဆိုင်ရာ ပညာရပ်များကို တက္ကသိုလ်တခု အနေဖြင့် ဖွင့်လှစ်ပြီး သင်ကြားနိုင်ရန် အတွက် ဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။

ငါးလုပ်ငန်း ဆိုင်ရာ တက္ကသိုလ် (Fisheries University) တခု ဖွင့်လှစ်ရန် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ပေးခဲ့သည့် အတွက် ယင်း တက္ကသိုလ် ဖွင့်လှစ်နိုင်ရေး အကြံပြုဆွေးနွေးပွဲကို စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် အောက်တိုဘာ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ပညာရှင် တွေကို တော့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ မကမ်းလှမ်းနိုင်သေးပါဘူး၊ အနည်းဆုံး ဒေါ်လာ ခုနစ်ထောင် လောက်ပေးမှ ပညာရှင်ဆိုတာ ရတာပါ၊ ကိုယ့် ရှိတဲ့ဟာနဲ့ လုပ်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် အဆင့်ဆင့် အားထုတ်ရပါမယ်” ဟု ဒေါက်တာ အောင်သူက မီဒီယာများကို ပြောသည်။

ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်တည်ဆောက်သွားမည့် နေရာနှင့် ပုံစံကို ညှိနှိုင်း ဆောင်ရွက်နေဆဲဖြစ်ပြီး အကြံပြုချက်များ ရယူကာ အဆင့်ဆင့် အကောင်အထည် ဖော်မည်ဟု သိရသည်။

အဆိုပါ ဝန်ကြီးဌာနသည် အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန် ငါးလုပ်ငန်း အတက်သင်သိပ္ပံ( ကြို့ကုန်း) ၊ အထက်မြန်မာပြည် ငါးလုပ်ငန်း သင်တန်းကျောင်း ( စစ်ကိုင်း)၊ လုပ်ငန်းခွင် စွမ်းရည် မြှင့်တင်ရေး သင်တန်း၊ ငါးလုပ်ငန်း စစ်ဆေးရေးမှူးသင်တန်း စသည့် သင်တန်းများကို နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် UNDP၊ FAO ၊ DANIDA စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

Loading