ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသည့် ၁၉၉၆ နှင့် ၉၇ ခုနှစ်ထုတ် ယာဉ်အိုယာဉ်ဟောင်းများ ကို ကားသစ်များဖြင့် အစားထိုး လဲလှယ် ပြေးဆွဲစေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “ကားအသစ်တွေက အားလုံးတော့မရောက်သေးဘူး။ ဒါပေမယ့် တော်တော်များများတော့ ရောက်နေပြီ။ ၁၉၉၆ ၊ ၉၇ ကားတွေကို စဖယ်နေပြီ။ အဲဒီကားတွေ နေရာမှာ အားလုံးကို ကားအသစ်နဲ့ လဲလှယ်ပေးမှာ ဖြစ်တယ်။ အခုလည်း ၉၆၊ ၉၇ ခုနှစ်ထုတ် ယာဉ်အိုတွေကို လူစီးစလစ် လဲလှယ်အပ်နှံဖို့ လက်ခံနေပြီ။ လဲလှယ်မယ့် ကားတွေကို စာရင်းပေးရမယ်။ ဒီလထဲမှာပဲ လုပ်သွားမှာဖြစ်တယ်”ဟု ပြောသည်။
လက်ရှိတွင် ၉၆၊ ၉၇ ခုနှစ်ထုတ် ကားအစီးရေ ၄၀၀ ဝန်းကျင်ခန့်ပြေးဆွဲလျက်ရှိနေပြီး ယာဉ်အို ယာဉ်ဟောင်း အဖြစ် အပ်နှံကာ လူစီးစလစ်လဲလှယ်ထုတ်ယူခွင့်ပြုခြင်းကိုလည်း ယခုလအတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကာ လစ်လပ်ယာဉ်နေရာများတွင် ယာဉ်အသစ်များဖြင့် ထည့်သွင်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
YBS ယာဉ်လိုင်း ပိုင်ရှင် တဦးက “ကျနော်တို့ ကုမ္ပဏီ မှာဆိုရင် ၁၉၉၆၊ ၁၉၉၇ခုနှစ် ထုတ် မော်ဒယ် ယာဉ် ၇၀ ကျော်လောက်ရှိတယ်။ ဒါကို ယာဉ်အိုယာဉ်ဟောင်း အပ်နှံဖို့ တိုင်းအစိုးရအဖွဲ့ကို တင်ပြထားပါတယ်”ဟု ပြောသည်။
၁၉၉၅ ခုနှစ်ထုတ် မော်ဒယ်လ်အောက် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံကာ လူစီးစလစ် ထုတ်ယူခွင့်ပြုရာတွင်လည်း ယာဉ် ၃၃၈၆ စီး ခွင့်ပြုခဲ့ပြီး ယာဉ် ၃၁၁၃ စီး အပ်နှံပြီး ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (မြင်သာ)ရှိ စာရင်းများအရ သိရသည်။
ရန်ကုန်မြို့တွင်း လက်ရှိ ပြေးဆွဲနေသော YBS ယာဉ်လိုင်း ၉၁ လိုင်းမှ ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်ခန့်နှင့် ခရီးသည် ၂ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း၊ ကားဟောင်းများအစား ကားသစ် ၃၀၀၀ ကျော်ခန့် လဲလှယ်ပေးပြီးပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။