မြန်မာနိုင်ငံမှ ဆန်တန်ချိန် တသိန်းဝယ်ယူ တင်သွင်းရေးကို ဘင်္ဂလားဒေ့ရှ် အစိုးရက သဘောတူလိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရသည်။
ပြည်သူအတွက် ဝယ်ယူ ဖြည့်တင်းရေးနှင့် စီးပွားရေးဆိုင်ရာ အစိုးရအဖွဲ့ ကော်မတီအစည်းအဝေးရလဒ်အဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရ စားနပ်ရိက္ခာ ဝန်ကြီး ကွမ်ရူးအစ္စလာမ် (Qamrul Islam) က က “အများပြည်သူ အတွက် ဝယ်ယူဖြည့်တင်းရေး အစိုးရအဖွဲ့ ကော်မတီအစည်းအဝေးကနေ မြန်မာနိုင်ငံဘက်က ဆန်တန်ချိန် တသိန်း ဝယ်ယူဖို့ သဘောတူညီမှု ပေးလိုက်တာပဲ ဖြစ်ပါတယ်” ဟု ပြောကြားကြောင်း Dhaka Tribune သတင်းက ဆိုသည်။
စားနပ်ရိက္ခာဝန်ကြီး၏ မကြာသေးမီက နေပြည်တော်ခရီးစဉ် အတွင်း မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လာမည့် ၃ နှစ် အတွက် ဆန်တန်ချိန်ပေါင်း ၃၅၀,၀၀၀ ဝယ်ယူရန် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
အစိုးရ အချင်းချင်း ထိတွေ့ဆက်ဆံမှုအောက်တွင် ဘင်္ဂလားဒေ့ရှ် ငွေကြေး တာကာ ၃၆၆ ဒသမ ၈၆ ကုဋေ (မြန်မာငွေ ကျပ် ၆၀၄၅၈ ဒသမ ၅၂၈ သန်း) တန်ဖိုးရှိသည့် ဆန်တန်ချိန် တသိန်း ဝယ်ယူတင်သွင်းမည် ဖြစ်ကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူး မူစတာဖီရာရက်မန်း (Mustafiur Rahman) က ဖြည့်စွက် ပြောကြားသည်။
“ဆန်တတန်ကို ၄၄၂ ဒေါ်လာ (မြန်မာ ကျပ်ငွေ ၆၀၀၉၂၉ ဒသမ ၁၀ ခန့်)ပေးဝယ်ရမှာပါ။ တကီလိုဈေးဆိုရင်တော့ (ဘင်္ဂလားဒေ့ရှ် ငွေကြေး) ၃၆ ဒသမ ၆၉ ကာတာ (မြန်မာငွေ ကျပ် ၆၀၄ ဒသမ ၆၅၁၂ ခန့်) ကျသင့်ပါလိမ့်မယ်။ မြန်မာနိုင်ငံ ကနေ သင်္ဘောနဲ့ တင်သွင်းမှာပါ” ဟု ၎င်းက ပြောကြားပြီး သင်္ဘောဖြင့် ကုန်တင်ကုန်ချ အချိန်မှာ တပတ်ထက် မပိုကြောင်းလည်း ၎င်းက ဆိုသည်။
အများပြည်သူ အတွက် ဝယ်ယူဖြည့်တင်းရေး အစိုးရအဖွဲ့ကော်မတီက စားနပ်ရိက္ခာဝန်ကြီးဌာန၏ နောက်ထပ် တင်သွင်းသည့် အဆိုတခုဖြစ်သည့် ပြုတ်ဆန် တန်ချိန် ၅ သောင်းကို ကမ္ဘာ့ကုန်သည်များ ထံမှ တာကာ ၁၇၇ ဒသမ ၃၄ ကုဋေ (မြန်မာငွေ ကျပ် ၂၉၂၂၅ ဒသမ ၆၃၂ သန်း) ဈေးဖြင့် ဝယ်ယူရေး ကိုလည်း သဘောတူလိုက်ကြောင်း မူစတာဖီရာက ပြောကြားသည်။
ပြုတ် ဆန် တတန်လျှင် ၄၂၇ ဒေါ်လာ (မြန်မာငွေ ကျပ် ၅၈၀၇၇၆ ဒသမ ၂၀) နှုန်းဖြင့် ဝယ်ယူရမည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သည် မကြာသေးမီက ရေကြီးမှုကြောင့် ကောက်ပဲသီးနှံ ပစ္စည်း ပျက်စီးပြီး ဆန်တန်ချိန် ၁ ဒသမ ၅ သန်း အထွက်နှုန်း လျော့ကျမှုနှင့် ရင်ဆိုင်နေရသည်။ စက်တင်ဘာလ ၅ ရက်က ဆိုလျှင် ဆန်လက်ကျန်မှာ ၃၆၆,၀၀၀ ဖြစ်ကြောင်း စားနပ်ရိက္ခာ ဝန်ကြီးဌာန၏ အဆိုတင်သွင်းမှုတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် သည် အိန္ဒိယမှ ဆန်တင်သွင်းရေး အတွက် ဈေးနှုန်းနှင့် အချိန်ကာလ သတ်မှတ်ရန် ဝန်ကြီးဌာန အစည်းအဝေးကို အောက်တိုဘာ ၁၅ ရက်တွင် ခေါ်ယူမည် ဖြစ်သည်။
ယခု ဆန်တင်သွင်းမှုသည် တင်ဒါခေါ်ယူခြင်း မပါဝင်ဘဲ အစိုးရ အချင်းချင်း ဆက်သွယ်မှု အပေါ် အခြေခံ၍ ဝယ်ယူခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
ဒေသတွင်း ဈေးကွက်တွင် ဆန်ဈေးသည် ပြီးခဲ့သည့် ၉ လတွင် ၃၉ ရာခိုင်နှုန်း ထိုးတက်ခဲ့သော်လည်း ကမ္ဘာ့ဈေးကွက်တွင် ၆ ရာခိုင်နှုန်းသာ ရှိကြောင်း သတင်းက ဆိုသည်။