မြန်မာနိုင်ငံမှ ဆန်ဝယ်ယူလိုသည့် နိုင်ငံများ ရှိနေခြင်း၊ ဆန်ဈေးကွက် တည်ငြိမ်မှု ရှိခြင်းတို့ကြောင့် တောင်သူများ အနေဖြင့် ပဲအမျိုးမျိုး စိုက်ပျိုးခြင်းထက် ဆန်စပါးကို အဓိကထား စိုက်ပျိုးရန် အကြံပြုလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးတိုးအောင်မြင့်က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
“တောင်သူတွေကိုတော့ ပဲကို တတ်နိုင်သမျှ လျော့စိုက်ဖို့ ပြောချင်တယ်။ ကျနော်တို့ ပဲဈေးကွက်က အိန္ဒိယဈေးကွက်ကို မှီခိုထားတာ ဖြစ်လို့ပါ။ မိုးကလည်း ရွာထားတာ ဖြစ်တဲ့အတွက် ဆောင်းသီးနှံနဲ့ နွေစပါး စိုက်တဲ့အခါကျရင် စပါးစိုက်လို့ရတဲ့ နေရာတိုင်းမှာ စပါးစိုက်တာက အကောင်းဆုံးပါ။ ဆန်ဈေးကွက်က တည်ငြိမ်တဲ့ အနေအထားလေး ရှိတယ်။ နောက်တခုက လိုချင်တဲ့သူက များတယ်”ဟု ဦးတိုးအောင်မြင့်က ပြောသည်။
မြန်မာနိုင်ငံ၏ အဓိကပဲဝယ်လက်ဖြစ်သည့် အိန္ဒိယ နိုင်ငံက ပဲဝယ်ယူခြင်းကို ကန့်သတ်လိုက်ချိန်တွင် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့က မြန်မာမှ ဆန်ဝယ်ယူမှုများ ရှိလာပြီး ထပ်မံ၍လည်း ကမ်းလှမ်းမှုများ ရှိနေခြင်းကြောင့် စပါးစိုက်ပျိုးပါက တောင်သူများတွင် အရှုံး မရှိနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
၎င်းက ဆက်၍ “နွေစပါးရမယ့် နေရာတိုင်းမှာ ဖြစ်နိုင်ရင် စပါးစိုက်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။ စပါးမျိုးဆိုတာက နိုင်ငံထဲမှာ အလွယ်တကူ နေရာတိုင်းမှာ ရနိုင်တယ်။ ပဲမျိုးဆိုတာက ချက်ချင်းပြောင်းဖို့က မျိုးမှာလည်း အခက်အခဲ ရှိနိုင်တယ်။ စိုက်လေ့ စိုက်ထ မရှိတဲ့နေရာမှာ စိုက်လို့မရတာ ဖြစ်နိုင်တယ်။ စပါးစိုက်လို့ရတဲ့နေရာ အားလုံးမှာ စပါးစိုက်ဖို့ အကြံပြုချင်တယ်”ဟု ပြောသည်။
တရုတ်နိုင်ငံသို့လည်း တရားဝင် ရေလမ်းကြောင်း မှတဆင့် ကနေ ဆန်တန်ချိန် ၁ သိန်း တင်ပို့ထားပြီး ထပ်မံ၍လည်း တန်ချိန် ၂ သိန်း တင်ပို့ရန်ရှိကြောင်း၊ မြန်မာ့ဆန်ကို တရားဝင်လမ်းကြောင်းမှ တင်ပို့ခွင့်ရရှိရန် တရုတ်နိုင်ငံ၏ ဆန်အရည်အသွေး လိုအပ်ချက်ကိုလည်း မြန်မာ့ဆန်က ပြည့်မီရန် လိုအပ်ပြီး ဆက်လက်၍ နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်ရမည့် အခြေအနေတွင် ရှိကြောင်း သိရသည်။
“ဘင်္ဂလားဒေ့ရှ်နဲ့ကတော့ စာချုပ်ချုပ်ပြီးသွားပြီ။ တနှစ်ကို ၃ သိန်း ပို့မှာပေါ့နော်။ ဒီနှစ်အတွက်ကတော့ ဆန်စပါး အသင်းချုပ်ကို ကိုယ်စားလှယ်အဖြစ် ပေးလိုက်တာပေါ့။ အရောင်းအဝယ် စာချုပ်ကို ဆန်စပါးအသင်းချုပ်က ကိုယ်စားလှယ်တွေနဲ့ သွားချုပ်တာပါ။ အခု တန်ချိန် ၁ သိန်းက စချုပ်ပြီး ပို့ဖို့ လုပ်နေကြပြီ”ဟု ဦးတိုးအောင်မြင့်က ဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းကမူ အစိုးရအနေဖြင့် လယ်သမားများကို စပါးစိုက်ခိုင်းရုံနှင့် မဟုတ်ဘဲ လိုအပ်သည့် အကူအညီများ ပေးရန် လိုကြောင်း၊ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်း တင်ပို့မည့် ကိစ္စမှာ ဆွေးနွေးဆဲ အဆင့်သာ ရှိသေးကြောင်း ပြောသည်။
ဒေါက်တာ စိုးထွန်းက“စပါးစိုက်ခိုင်းရုံတင်တော့ မဟုတ်ဘဲ အစိုးရကလည်း လယ်သမားတွေ စပါးစိုက်ဖို့ ရေရအောင်နဲ့ တခြားလို တာတွေ ပံ့ပိုးပေးဖို့ လိုတယ်။ ဒီတိုင်းကြီး စိုက်ပါလို့ ပြောလို့မှ မရတာ။ တခြား အထောက်အပံ့တွေကို ဘာပေးမလဲပေါ့။ အဲဒါတွေပါ စဉ်းစားပေးရင်တော့ ပိုအဆင်ပြေတာပေါ့”ဟု ပြောသည်။
ယခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့ထားပြီး နိုင်ငံပေါင်း ၄၉ နိုင်ငံက မြန်မာ့ဆန်ကို ဝယ်ယူလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံကမူ စာချုုပ်လက်ကျန်အတိုင်း ပဲဝယ်ယူမှုကို ဆက်လက်ပြုလုပ်နေသော်လည်း စာချုပ်အရ အရေအတွက်ပြည့်ပါက ထပ်မံ ဝယ်ယူတော့မည် မဟုတ်ကြောင်း ဆန်စပါး အသိုင်းအဝိုင်းထံမှ သိရသည်။
“လာမယ့် ဆောင်းရာသီစရင်တော့ မတ်ပဲကတော့ လျော့စိုက်သင့်တယ်။ အိန္ဒိယက သူပြောထားတဲ့ တန်ချိန် ၃ သိန်းထက် ပိုဝယ်မှာ မဟုတ်ဘူး။ ကျနော်တို့နိုင်ငံက တန်ချိန် ၄၊ ၅ သိန်း ပိုနေတာ ဖြစ်တဲ့အတွက် ဈေးက အဲဒီမှာ ကျသွားနိုင်တယ်။ အရင်လို ဈေး အမြင့်ကြီးတွေတော့ မရနိုင်တော့ဘူး”ဟု စီးပွား/ကူးသန်းမှ ဦးတိုးအောင်မြင့်က ပြောသည်။
နေပြည်တော် လက်ပံလှကျေးရွာမှ လယ်သမား ဦးကျော်စိန်ကလည်း“မိုးတွင်းမှာ စပါးကတော့ ဖြစ်တယ်။ မိုးကုန်သွားရင် ကျနော်တို့ ကတော့ ပဲ စိုက်တယ်။ ဒီနှစ်လည်း ပဲ စိုက်ဦးမှာ။ စပါးလောက်တော့ မများဘူး။ ဆန်ကတော့ ရောင်းရင် ပုံမှန်ဈေးရတယ်။ ပဲကတော့ တက်ဈေး ကျဈေး ရှိတယ်။ မတည်ငြိမ်ဘူး။ အရှုံးအမြတ် ရှိတယ်။ စပါးကတော့ ဖြစ်တဲ့နေရာလည်း ဖြစ်တယ်၊ မဖြစ်တဲ့နေရာလည်း မဖြစ်ဘူး။ ပုံသေတော့ ပြောလို့ မရဘူး”ဟု ပြောသည်။