ကျွဲနှင့် နွား အရှင်များကို ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့ရန် ပြည်တွင်းလုပ်ငန်းရှင်များသို့ လိုင်စင်များ စတင်ထုတ်ပေးလျက်ရှိပြီး အောက်တိုဘာ ၉ ရက်နေ့က စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ကုန်သွယ်မှုမြင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက” လိုင်စင်ထုတ်ပေးတဲ့ နေရာမှာ ကုန်သွယ်ရေးရဲ့သတ်မှတ်ချက်ရှိတယ်။ မွေးမြူရေးရဲ့ သတ်မှတ်ချက်ရှိတယ်။ အဲဒီ သတ်မှတ်ချက်တွေနဲ့အညီ လိုင်စင်လျှောက်ထားခွင့်ရတာကို တရားဝင် တင်ပို့ခွင့်ပြုမယ်။ ပထမတဆင့်အနေနဲ့ကတော့ မွေးမြူရေး ဦးစီးဌာနမှာ ပြည်ပကို တင်ပို့မယ့် ကျွဲ၊ နွားတွေက အစစ်ဆေးခံရလိမ့်မှာ ဖြစ်တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကျွဲနှင့် နွားအရှင်များကို ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့ရာတွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဥပဒေနှင့်အညီ ထောက်ခံချက်ပေးသည့် အထောက်အထားများကို တင်ပို့မည့် လုပ်ငန်းရှင်မှ ယူဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနသို့ တင်ပြလျှင် လိုင်စင်ထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ရောဂါကင်းစင်ကြောင်း သွားပြီးစစ်ဆေးခံရမယ်။ ဒီစစ်ဆေးခံချက်အရ မွေး/ကုဦးစီးဌာနရဲ့စာနဲ့ ရောက်လာလို့ရှိရင် ချက်ချင်းခွင့်ပြုပေးမယ်။ ရှေ့မှာလည်း အလားတူပဲ ဆိတ်ကို တင်ပို့ခွင့်ပြုပေးထားတယ်။ ထိုနည်းတူစွာ တိရိစ္ဆာန်အရှင်ဖြစ်တဲ့ ကျွဲ၊ နွားကို ခွင့်ပြုပေးမယ်”ဟု ပြောသည်။
ယင်းကဲ့သို့တင်ပို့ရာတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများအပြင် ပြည်တွင်းလုပ်ငန်းရှင်မှ တင်ပို့လိုသည့် မည်သည့်နိုင်ငံကို မဆိုလျှောက်ထားနိုင်ပြီး ပြည်တွင်း မွေးမြူထုတ်လုပ်၊ ထွက်ရှိမှု အခြေအနေနှင့် ဈေးကွက်အခြေအနေပေါ် မူတည်ပြီး ပြည်ပတင်ပို့ခွင့်ပြုခြင်း ဖြစ်သည်။
ပြည်ပသို့ ကျွဲ၊ နွားအရှင်များ တင်ပို့မည့် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူစုဆောင်းခြင်း၊ တိရိစ္ဆာန်ကျန်းမာရေး စစ်ဆေးခြင်း၊ ပြည်တွင်းနယ်ကျော်သယ်ဆောင်ခြင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့၏ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ကျွဲ၊ နွား အရှင်များကို နယ်စပ်မှ တဆင့် ပြည်ပသို့ တင်ပို့ရာတွင် စုစည်းထားရှိရန် နေရာအတွက် လားရှိုး သို့မဟုတ် မူဆယ် တို့၌ ဈေးကွက် လုပ်ငန်းတခု ပေါ်လာမည် ဖြစ်ပြီး တိရိစ္ဆာန်များ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု အစရှိသည့်များကိုလည်း ပြည်ပနည်းပညာနှင့် ပေါင်းစပ်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နယ်စပ်မှ တဆင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ ကျွဲ၊ နွားနှင့် ဆိတ်များ မှောင်ခို တင်ပို့မှုများလည်း ရှိနေသည်။