ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိလေဆိပ် နှင့် မြန်မာနိုင်ငံရှိ ရှေးဟောင်းအမွေအနှစ်ဘုရားများ တည်ရှိရာ ညောင်ဦးမြို့သို့ နိုင်ငံခြား လေယာဉ်တိုက်ရိုက် ပြေးဆွဲနိုင်ရန်အတွက် ယခုနှစ်အတွင်း နှစ်နိုင်ငံ MOU ရေးထိုးနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက “လတ်တလော ကမ္ဘောဒီးယားနဲ့ ပုဂံကို တိုက်ရိုက်ပျံသန်းဖို့က လုပ်နေတယ်။ ဒီလိုလုပ်တာက ကမ္ဘောဒီးယားကနေ မြန်မာကို လာတဲ့ ခရီးသွား ဧည့်သည်တွေကို ယဉ်ကျေးမှု မြို့တော် ၂ ခုကို တတွဲတည်း လည်ပတ်လို့ရအောင် လုပ်တာဖြစ်တယ်။ ပုဂံဘက်ကခရီးသွားတွေလည်း သူတို့ဆီကို တိုက်ရိုက်ဆင်းလို့ ရအောင် လုပ်လိုက်တာဖြစ်တယ်။ ဒီနှစ်ထဲမှာ MOU ရေးထိုးဖို့ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကဲ့သို့ တိုက်ရိုက်ပျံသန်းမှု လုပ်ဆောင်လျှင် လေကြောင်းနှင့် ပတ်သက်သည့် နှစ်နိုင်ငံ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ ကိစ္စရပ်များ၊Tourism Development Fund စသည့် ကိစ္စရပ်များကို အကောင် အထည်ဖော်နိုင်မှု အခြေအနေများကို ပုဂံတွင် ရှိနိုင်ရန်အတွက် ညောင်ဦးလေဆိပ်ကို အဆင့်မြင့်တင်ရန် စတင် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
ရှေဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့လှည့် ခရီးသည်များ ယခုထက်ပိုမို ဝင်ရောက်လေ့လာနိုင်ရန်၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို သိရှိစေရန်နှင့် ယဉ်ကျေးမှု မြို့တော်၂ ခုကို ခရီးသွားများ တိုက်ရိုက်လည်ပတ်နိုင်ရန် အတွက် ရည်ရွယ်ပြီး ခရီးသွားဇုန်များနှင့် လေဆိပ်အဆင့်မြင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
အဆိုပါ ကမ္ဘောဒီးယား-ပုဂံ တိုက်ရိုက်ပျံသန်းနိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရမှ အဓိကပူးပေါင်း ဆောင်ရွက်နေသည့် အပြင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ မြန်မာ့ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘန်ကောက်လေကြောင်း လိုင်းမှတာဝန်ရှိသူများမှ ပူးပေါင်း ဆောင်ရွက်ကာ ညှိနှိုင်းနေသည်။
ယခု ၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား စုစုပေါင်း ၃ သန်းဝင်ရောက်ရန် လျာထားပြီး ပြီးခဲ့သည့် ၂၀၁၇-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း ၂ ဒသမ ၉ သန်းဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။