စိတ်ပျက်စရာရလဒ်အချို့တွေ့ရှိရသောကြောင့် သြစတေးလျ ရေနံလုပ်ငန်း Woodside Petroleum နှင့် ၎င်း၏စီးပွားဖက် များသည် မြန်မာနိုင်ငံတွင် ဓာတ်ငွေ့ရှာဖွေခြင်းကို ၂၀၁၈ ခုနှစ်အထိ ဆိုင်းငံ့ထားမည်ဟု ထိုအခြေအနေနှင့် နီးစပ်သူ ၄ ဦး က ပြောသည်။
Woodside နှင့် ၎င်း၏စီးပွားဖက်ဖြစ်သော ပြင်သစ်ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း Total တို့သည် ၎င်းတို့ လုပ်ငန်းများ တိုး တက်ရေးအတွက် စီးပွားရေးအရ အလျင်အမြန် ကြီးထွားနေသော တရုတ်၊ ထိုင်းနိုင်ငံများနှင့် နီးကပ်စွာတည်ရှိသော ဓာတ်ငွေ့ပေါသည့် မြန်မာနိုင်ငံကို အဓိက ပစ်မှတ်ထားခဲ့ကြသည်။
ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း မြန်မာ့ကမ်းလွန်ရှိ ဓာတ်ငွေ့ရှာဖွေရေး လုပ်ကွက် ၂ ခုတွင် ဓာတ်ငွေ့တွင်းများ တူးမည်ဟု Woodside က သြဂုတ်လတွင် ကြေညာခဲ့သည်။ ထိုလုပ်ကွက် ၂ ခုလုံးတွင် ဓာတ်ငွေ့ ကုဗပေ ထရီလီယံပေါင်းများစွာရှိ သည်ဟုလည်း ထိုလုပ်ငန်းက ပြောခဲ့သည်။
သို့သော် Woodside သည် လုပ်ကွက် A-6 နှင့် AD-7 တို့တွင် ဓာတ်ငွေ့များကို မျှော်မှန်းထားသလောက် မတွေ့သောကြောင့် တင်ဒါကို လွန်ခဲ့သော ၁၀ ရက်က ပယ်ဖျက်လိုက်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။
“လုပ်ကွက် A-6 မှာ သူတို့တူးတာ ဓာတ်ငွေ့တွေ့ပေမယ့် ဒီစီမံကိန်းရဲ့စီးပွားရေးအရ တွက်ခြေကိုက်မကိုက် အကဲဖြတ်ဖို့လို နေလို့ ရပ်ထားလိုက်ရတယ်။ တွင်း ၂ တွင်းက ရတဲ့ရလဒ်တွေအရ စီးပွားရေးအရ တွက်ခြေကိုက် မကိုက် ဆုံးဖြတ်လို့ မရ ဘူး” ဟု ရန်ကုန်ရှိ အဆင့်မြင့်အစိုးရအရာရှိတဦးက ပြောသည်။
“လုပ်ကွက် AD-7 မှာ Woodside က မျှော်မှန်းထားသလောက် ဓာတ်ငွေ့မတွေ့ တာကြောင့် အခြေအနေကို ပြန်အကဲဖြတ်ပြီး နောင်နှစ်မှသာ ဘယ်လို ဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ပါမယ်” ဟု ထိုအရာရှိက ပြောသည်။
တွင်းတူးခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း Woodside က ပြောသော်လည်း တင်ဒါ ပယ်ဖျက်ခြင်း ရှိမရှိ ပြောကြားခြင်း မရှိပေ။ Woodside သည် ကြာသပတေးနေ့တွင် သုံးလတကြိမ် သတင်းထုတ်ပြန်မှု ပြုလုပ်ရမည် ဖြစ်သည်။
“၂၀၁၇ ခုနှစ်မှာ စီစဉ်ထားတဲ့တူးဖော်မှုတွေ အကုန်လုံးပြီးစီးပြီး Woodsideရဲ့ ၂၀၁၇ နှစ်ဝက်အစီရင်ခံစာပါ အကြံပြုချက် တွေနဲ့ အညီ ၂၀၁၈ ခုနှစ်အတွက် လုပ်ငန်းတွေကို ဆက်လက်စီစဉ်နေပါတယ်” ဟုသာ Woodside ၏ပြောခွင့်ရသူက ပြော သည်။
လုပ်ကွက် A-6 တွင် စီးပွားဖြစ် လုပ်ကိုင်နိုင်ခြင်း ရှိမရှိ သြဂုတ်လတွင် တူးဖော်ပြီးလျှင် သိရန် မျှော်လင့်သည်ဟု ထိုလတွင် Woodside ၏ အမှုဆောင်အရာရှိချုပ် ပီတာကိုးလ်မင်းက သုတေသီများကို ပြောခဲ့သည်။
“ကျနော်တို့ ကနဦး ဆွေးနွေးမှုတွေ လုပ်ပြီးပါပြီ။ ဒါပေမယ့် လုပ်ကွက် A-6 က လက်ရှိတူးနေတဲ့တွင်းမှာ အောင်မြင်တယ် လို့ယူဆပြီး ရှေ့ဆက်ဖို့ ထုတ်လုပ်ရေး အဆိုပြုချက်ကို အစိုးရကို တင်ပြရမှာပါ” ဟု ကိုးလ်မင်းက ပြောခဲ့သည်။
ဖက်စပ်လုပ်ငန်း ထောက်ခံချက်မရသောကြောင့် တင်ဒါခေါ်ယူထားခြင်းကို ပယ်ဖျက်လိုက်ပြီး ထိုလုပ်ငန်းကို ၂၀၁၈ ခုနှစ် ဒုတိယ သို့မဟုတ် တတိယ ၃ လပတ်သို့ ရွှေ့ဆိုင်းသည်ဟု အကြောင်းကြားသောစာတစောင်ကို အောက်တိုဘာလက သူ့ ထံပေးပို့ခဲ့သည်ဟု တိုင်းတာမှုများ ပြုလုပ်ရန် အဆိုပြုရာတွင် ပါဝင်ခဲ့သောသူတဦးက ပြောသည်။
တင်ဒါလုပ်ငန်းစဉ်မှာ အတွင်းရေးဖြစ်သောကြောင့် ထိုသူက သူ၏အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
မြန်မာ့အနောက်တောင်ဘက် ကမ်းလွန်လုပ်ကွက် A-6 တွင် Woodside နှင့် ပူးပေါင်းဆောင်ရွက်နေသောလုပ်ငန်းများမှာ ပြင်သစ်မှ Total၊ ပြည်တွင်းလုပ်ငန်း MPRL E&P တို့ဖြစ်သည်။ ဝေဖန်ပြောကြားပေးရန် တောင်းဆိုသည်ကို Total က တုံ့ ပြန်ခဲ့ခြင်းမရှိပေ။
လုပ်ကွက် AD-7 တွင် Woodside ၏လုပ်ဖော်ကိုင်ဖက်မှာ တောင်ကိုရီးယားမှ Posco Daewoo Corp ဖြစ်သည်။ လုပ် ကွက် AD-7အတွက် လုပ်ငန်းအစီအစဉ် ပြောင်းလဲခြင်းမရှိကြောင်း Posco Daewoo Corp က ပြောသည်။