စီးပွားရေး

၂၀၁၈ ကားတင်သွင်းမူဝါဒကြောင့် ညာမောင်းကားများ ဈေးမြင့်တက်

၂၀၁၈ ခုနှစ် ကားတင်သွင်းမှု မူဝါဒ ကို ထုတ်ပြန်လိုက်ပြီးနောက် ညာမောင်းကားဈေးနှုန်းများမှာ တစီးလျှင် ကျပ်သိန်း ၂၀ အထိ ဈေးမြင့်တက်လာကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ရောင်းချသူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းချသူများအသင်း (ရန်ကုန်) အတွင်းရေးမှူး ဦးရန်မျိုးအောင်က “တော်တော်များများက အရောင်းစင်တာများမှာ ညာမောင်းကားတွေ ကျန်သေးတယ်။ တဖြေးဖြေးတော့ ဈေးကွက် ဝယ်လိုအားက များလာမယ်။ ရောင်းတဲ့သူတွေကလည်း နည်းသွားမယ်ဆိုရင် ဈေးကွက်က မြင့်တက်လာမှာ ဖြစ်တယ်။ သိတာကတော့ အခုဆိုရင် ဈေးကွက်ထဲမှာ တစီးကို ကျပ်သိန်း ၂၀ လောက်နဲ့ စပြီးတက်နေပြီ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

”ကားမူဝါဒ ထုတ်ပြန်လိုက်တော့ ဈေးကွက် အပြောင်းအလဲကတော့ ဖြစ်လာမှာပါ။ အခုလည်း စပြီးဈေးတွေ တက်နေပါပြီ။ နောက်ဆိုရင် ဒီထက်ပိုပြီးတော့ တက်သွာားဖို့ အခြေအနေရှိပါတယ်။ ဘယ်မောင်းပဲသွင်းရတော့မယ် ဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာ ရှိတဲ့ ညာမောင်းကားတွေကတော့ ဈေးတက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ညာမောင်းကားများ တင်သွင်းခွင့် မရှိခြင်းသည် တနည်းအားဖြင့် တင်သွင်းခွင့် ရပ်ဆိုင်းသွားသည့် ပုံစံမျိုးဖြစ်သောကြောင့် ဈေးကွက်အကြိုက်ဖြစ်သော ညာမောင်းကားများမှာ အရောင်းစင်တာများတွင် ကျန်ရှိနေသေးသဖြင့် ဈေးများ ထပ်မံမြင့်တက်လာနိုင်ကြောင်း ဦးရန်မျိုးအောင်က သုံးသပ်ပြောကြားသည်။

အဆိုပါ အချက်များကြောင့် ယခုနှစ်ကုန်ပိုင်းဖြစ်သည့် ဧပြီလကုန်ပိုင်းသို့ ရောက်လျှင် ကားအမျိုးအစားအလိုက် ညာမောင်းကားများမှာ တစီးလျှင် အနည်းဆုံး ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ မြင့်တက်သွားမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ယခု ကားဈေးတက်နေသည့် အဓိကအကြောင်းအရင်းမှာ ၂၀၁၈ ခုနှစ် ကားတင်သွင်းမှု မူဝါဒသစ်အရ ၂၀၁၄ ခုနှစ် ကားမော်ဒယ်မှ စ၍ မော်ဒယ်အမြင့်ဖြင့် တင်သွင်းရမည်ဖြစ်ကြောင်း၊ ဘယ်မောင်းများသာ တင်သွင်းရမည်ဖြစ်ကြောင်း သတ်မှတ်လိုက်သောကြောင့် ကားဈေးများ မြင့်တက်လာခြင်း ဖြစ်သည်ဟု သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က “ဘယ်မောင်းကားတွေက လမ်းစနစ်နဲ့ ညီညွှတ်တဲ့ ကားတွေ အန္တရာယ်ကင်းတာက အားသာချက် တခုဖြစ်ပါတယ်။ အားနည်းချက်ကတော့ ညာမောင်းသွင်းချင်တဲ့ သူတွေက မသွင်းရတော့ဘူးပေါ့နော်။ သူတို့ိစိတ်ထဲမှာတော့ လုပ်ချင်တဲ့ လုပ်ငန်းလေး မလုပ်ရတဲ့အတွက် စိတ်မကျေနပ်မှု ရှိလာနိုင်ပါတယ်’’ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပြုခြင်းမှာ မြန်မာနိုင်ငံ၏ လမ်းစနစ်သည် ဘယ်မောင်းမောင်းနှင်ရသည့် လမ်းစနစ်ဖြစ်ခြင်းနှင့် မော်တော်ယာဉ်များ ကျော်တက်ခြင်း၊ အခြားမလိုလားအပ်သည့် ပြဿနာများ လျော့နည်းသွားနိုင်ခြင်းကို ရည်ရွယ်၍ ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် ဈေးနူန်းသက်သာသည့် ညာမောင်းကားများကိုသာ အသုံးပြုမှုများနေပြီး အစိုးရအနေဖြင့် လမ်းစနစ်နှင့် ကိုက်ညီစေရန် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့် ပြုလိုက်သော်လည်း ယင်းကားတင်သွင်းမှုမှာ ခက်ခဲခြင်း၊ ဈေးနူန်းမြင့်မားခြင်းတို့ကြောင့် ဈေးကွက်အတွင်း ကားတင်သွင်းမှု မူဝါဒအသစ်ရေးဆွဲရာတွင် အောက်ခြေအထိ လေ့လာသုံးသပ်မှု အားနည်းသည်ဟု ဝေဖန်မှုများစွာ ရှိနေကြောင်း ပြည်တွင်းကားလုပ်ငန်းရှင်များထံမှ သိရသည်။

အတွင်းရေးမှူး ဦးရန်မျိုးအောင်က “အခုဈေးကွက်ထဲမှာတော့ ဈေးတွေ စတက်နေပြီ။ ဒီဘယ်မောင်းတင်သွင်းရမယ် ဆိုတာလဲ နိုင်ငံတော်က သတ်မှတ်ထားတဲ့ မူဝါဒဖြစ်တယ်။ လမ်းစနစ်ကိုက်ညီအောင် လုပ်တာလို့ သုံးသပ်ပါတယ်။ ဒါပေမယ့် တဖက်ကလည်း ဒီမော်တော်ယာဉ် ဈေးနူန်းမြင့်တက်မှုကို ပြည်သူတွေက ကြုံရတယ်။ အခက်အခဲနဲ့ ရင်ဆိုင်ရတာ ဖြစ်တယ်။”ဟု ထပ်မံရှင်းပြသည်။

ညာမောင်းကားများကို ဂျပန်နှင့် တရုတ်တို့မှ အများဆုံးတင်သွင်းနေခြင်းဖြစ်ပြီး ကားအမျိုးအစား အလိုက်ဈေးနူန်းများမှာ ကျပ်သိန်း ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရှိကြောင်း သိရသည်။

ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်အတွက် ထုတ်လုပ်သော ခုနှစ်သတ်မှတ်ချက် (Model Year) ကြေညာချက်ကို အောက်တိုဘာ ၁၆ ရက်နေ့တွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် နှစ်အတွင်း ထုတ်လုပ်သည့် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

Min Myanmar Chit Khant ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းဇော်ဖြိုးက” အစပိုင်းသိပ်ပြီးတော့ အဆင်မပြေဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ညာမောင်းတွေပဲ တောက်လျှောက်ကြီးသွင်းလာတာ ဆိုတော့လေ နောက်ပိုင်းတော့ ထွက်တဲ့ မှုဝါဒ ပေါ်မူတည်ပြီးတော့ ဂျပန်ဘက်ကလည်း ဘယ်မောင်းနဲ့ ဘယ်လိုပုံစံမျိုးနဲ့ သွင်းမလဲ အပေါ်မူတည် ပြီးတော့ တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပါ”ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကားနှင့် လူဦးရေ အချိုးကျမှာ ကားအရေအတွက် နည်းပါးနေသေးရာ လူအယောက် ၅၀ လျှင် ၁ ဦးနူန်းသာ ကားစီးနိုင်သော အခြေအနေသာ ရှိသေးသောကြောင့် ထပ်မံ ပြုပြင်လုပ်ဆောင်နေသော လမ်းများ တည်ဆောက်ပြီးလျှင် ကားအရေအတွက်မှာ ယခုထက် အဆပေါင်း ၅ ဆခန့် ပိုမို လိုအပ်လာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လွန်ခဲ့သည့် ၃၊ ၄ နှစ်ဝန်းကျင်က ဂျပန်နိုင်ငံထုတ် ညာမောင်း အိမ်စီးကား တစီးလျှင် မော်ဒယ်လ်အလိုက် သိန်း ၇၅ သိန်းမှ သိန်း ၂၀၀ ဝန်းကျင်တွင် ရှိခဲ့ရာမှ လက်ရှိတွင် သိန်း ၁၃၀ မှ သိန်း ၄၀၀ ဝန်းကျင်အထိ ဈေးရှိသည်။

ယခု ထုတ်ပြန်လိုက်သော ကားတင်သွင်းမှု မူဝါဒသစ်အရ ဘယ်မောင်းကားများမှာ ကားတစီးလျှင် ကျပ်သိန်း ၃၀ စ၍ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်အထိ တရုတ်၊ ကိုရီးယား၊ Europe နှင့် အမေရိကားထုတ်ကားများကို တန်ဖိုးအလိုက် ဝယ်ယူနိုင်မည် ဖြစ်သည်။

ပြည်တွင်း၌ ကားသစ်များ တင်သွင်းသည့် ကုမ္ပဏီ ၂၀ ခန့်ရှိရာမှ ကားမော်ဒယ်မျိုးစုံ တင်သွင်းမှုမှာ ၁ လလျှင် ကားအစီးရေ ၁၀၀ မှ ၂၀၀ ကြားသာ ရှိသေးပြီး မြန်မာနိုင်ငံအနေဖြင့် လူစီးကား၊ ကုန်တင်ကား၊ စက်န္တရား အစရှိသည့် ကားများ၏ ၁ လလျှင် ကားလိုအပ်ချက်မှာ အစီးရေ ၁ သောင်းဖြင့် ၁ နှစ်လျှင် ကားအစီးရေ ၁ သိန်း ၂ သောင်းခန့် လိုအပ်နေသည်။

Loading