စီးပွားရေး

ရန်ကုန်မြို့တွင်း ကားဘီးခွန်များတိုးမြှင့်ကောက်ခံရန်ရှိ

ရန်ကုန်မြို့ရှိ လမ်းများကိုပြုပြင်ရန်အတွက် ကားဘီးခွန်များကို တိုးမြင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI)တွင် ပြုလုပ်သော ၁၁ ကြိမ်မြောက် ဒုသမ္မတ ၁ နှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက”ရန်ကုန်ကို အခု နယ်လိုင်စင်တွေ တော်တော်များများက ရန်ကုန်လိုင်စင် မရပေမယ့် နယ်လိုင်စင် တွေနဲ့ ရန်ကုန်မှာသုံးစွဲနေတဲ့ အခြေနေတခု ကြုံတွေ့နေရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ရန်ကုန်မှာ ဘီးခွန်အခွန်နဲ့ ပါကင်တိုးချဲ့ဖို့ အစီအစဉ်တွေရှိပါတယ်”ဟု ပြောသည်။

သို့သော် တိုးမြင့် ကောက်ခံမည့် ကားဘီးခွန်နှုန်းထား၊ တိုးချဲ့မည့် ကားပါကင် အရေအတွက်၊ နေရာတို့နှင့် ပတ်သက်ပြီး အသေးစိတ် ပြောကြားထားခြင်း မရှိပါ။

ထို့ပြင် ကားတင်သွင်းခွင့် ရန်ကုန်လိုင်စင် ထုတ်ပေးမည့် မူဝါဒတရပ်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်း က “ဘီးခွန်တိုးကောက်မယ် ဆိုတာကတော့ အလွတ်သဘောအနေနဲ့ ပြောသွားတာ ဖြစ်ပါတယ်။ ကောင်းတယ်၊ ဆိုးတယ်ဆိုတာတော့ ပြောဖို့ စောသေးတယ်။ တကယ်ကလည်း ဘီးခွန်က ရန်ကုန်မြို့ထဲမှာ အခုလည်း စကောက်နေပါပြီ။ နိုင်ငံတကာစံချိန် စံညွှန်းနဲ့ပြောရရင် လမ်းပေါ်မှာ ကားတွေကို ထားချင်သလို ထားလို့တော့ မရဘူး။ ဒါပေမယ့် အရေးမယူခင် အစိုးရအနေနဲ့ရော ပုဂ္ဂလိက လုပ်ငန်းရှင် ကဏ္ဍမှာရော အထပ်မြင့် ကားပါကင် ထူထောင်ဖို့ လိုပါတယ်” ဟု ပြောသည်။

ယခင် အစိုးရလက်ထက်အတွင်း ဘီးခွန် သို့မဟုတ် မြို့ဝင်ကြေး တရက်လျှင် ကျပ် ၁ထောင်နူန်း ကောက်ခံမှုများ ရှိခဲ့သော်လည်း ဝေဖန်မှုများရှိခဲ့သောကြောင့် ကောက်ခံမှုရပ်ဆိုင်းခဲ့သည်။

Loading