စီးပွားရေး

မောင်းသူမဲ့ကားဆိုတာ

Want create site? Find Free WordPress Themes and plugins.

နည်းပညာတိုးတက်လာမှုနဲ့အတူ မောင်းသူမဲ့ကားတွေနဲ့ ပတ်သက်ပြီး ဖန်တီးမှုတွေကို ကားကုမ္ပဏီတိုင်းက လုပ်ဆောင်နေ ကြသလို တချို့ဆိုရင် လာမယ့် တနှစ်နဲ့ ၂နှစ်အတွင်းမှာတောင် အဆိုပါ ကားတွေကို ဈေးကွက်ထဲ စတင်ရောင်းချဖို့ ကြိုးစား နေတာ တွေ့ရပါတယ်။

ဒီတော့ ကျနော်တို့ မောင်းသူမဲ့ကားဆိုတာ ဘယ်လိုလဲ ဆိုတာ နည်းနည်းတော့ လေ့လာထားဖို့ လိုနေပြီပေါ့။

မောင်းသူမဲ့ကားတွေကို Professional Association of Automotive Engineers ကနေ စံသတ်မှတ်ချက် ထုတ်ပြန်ထား တဲ့အတိုင်း ထုတ်လုပ်ရပါမယ်။

အဓိကအနေနဲ့တော့ အဆင့် ၆ ဆင့်ကို အောင်မြင်အောင် ကျော်ဖြတ်နိုင်မယ်ဆိုရင် အဆိုပါ မောင်းသူမဲ့ကားအနေနဲ့ ဈေးကွက် ထဲကို ခြေချခွင့်ရမှာလည်း ဖြစ်ပါတယ်။ မောင်းသူမဲ့ကားဆိုတဲ့အတိုင်း လူကိုယ်တိုင် မောင်းနှင်စရာမလိုဘဲ လိုရာကို အမိန့် ပေးထားရုံနဲ့ ကားက အလိုအလျောက် သွားလာရမှာ ဖြစ်လို့ ဘယ်လို အခြေခံစည်းမျဉ်းနဲ့ အဆင့်တွေကို ကျော်ဖြတ်ဖို့ လိုနေ တာပါလဲ။

မောင်းသူမဲ့ကားတွေမှာ ကိုက်ညီရမယ့် အဆင့် ၆ ဆင့်ကတော့

အဆင့် ၁- အလိုအလျောက်ပုံစံနဲ့ ဖြစ်စေ၊ ယာဉ်မောင်းကိုယ်တိုင် မောင်းနှင်မှုပုံစံနဲ့ ဖြစ်စေ၊ စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင် ရမယ်။

အဆင့် ၂- ယာဉ်မောင်းအတွက် နောက်ဆုံးပေါ် လုံခြုံမှုပိုင်းဆိုင်ရာ အကူစနစ်တွေ ပါရှိရမယ်၊ ဘယ်လို အခြေအနေမျိုးမှာ မ ဆို လက်ကိုင်နဲ့ ဘရိတ်ကို မောင်းနှင်သူက စိတ်ကြိုက်ဝင်ရောက် ထိန်းချုပ်ခွင့် ရှိနေရမယ်။

အဆင့် ၃- သတ်မှတ်အခြေအနေအတွင်းမှာပဲ မော်ဒယ်က မောင်းသူမဲ့ပုံစံနဲ့ မောင်းနှင်နိုင်ရမယ်၊ ဆိုလိုတာကတော့ မိုင် ၆၀ နှုန်းထက် ပိုမောင်းမယ်ဆိုရင် အလိုအလျောက် မောင်းနှင်စနစ်က အလုပ်လုပ်မှာ မဟုတ်ဘူး။

အဆင့် ၄- အဆင့်မြင့် မောင်းသူမဲ့စနစ် ဖြစ်ရမယ်၊ ဆိုလိုတာကတော့ လူတယောက်ရဲ့မောင်းနှင်မှုအတိုင်း ဘက်စုံကနေ လမ်း ကြောင်းနဲ့ အခြေအနေအားလုံးကို ကြည့်ပြီး အကောင်းဆုံး လိုရာပန်းတိုင်ကို ရောက်အောင် မှားယွင်းချက်မရှိ မောင်းနှင်နိုင် ရမယ်။

အဆင့် ၅- လိုရာရောက်ဖို့အတွက် တသတ်မှတ်တည်း မဟုတ်ဘဲ လူကဲ့သို့ မောင်းနှင်နိုင်ရမယ်၊ ဆိုလိုတာကတော့ လမ်းပိတ် နေတဲ့အနေအထားမျိုးမှာ လူသား တယောက်အနေနဲ့ အခြားလမ်းကြောင်း ရွေးချယ် မောင်းနှင်သလို မောင်းသူမဲ့ကားက လည်း အလိုအလျောက် ပန်းတိုင်ကို ရောက်အောင် ဖြတ်လမ်း၊ အခြားလမ်းတွေကို အလိုအလျောက် ရွေးချယ်မောင်းနှင်သွား လာနိုင်ရမယ်။

အဆင့် ၆- ဘေးကင်းမှုအပြည့်ရှိရမယ်၊ ချိတ်ဆက်စနစ်အားလုံး အလုပ်လုပ်နေရမယ်၊ ဆိုလိုတာကတော့ ဂြိုဟ်တု အခြေပြု စနစ်လို မြေပုံစနစ်တွေနဲ့ ချိတ်ဆက်မှု အမြဲ ရှိနေရမယ်၊ ပြတ်တောက်မှု မရှိရ၊ အားနည်းပျက်စီးမှု မရှိစေရဘူးဆိုတဲ့ အဆင့် တွေ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Tesla Autopilot နဲ့ General Motor Super Cruise တွေက အဆင့် ၂ထိအောင် အောင်မြင်နေပြီလို့ လည်း သိရသလို VWရဲ့ လက်ခွဲ Audi ဆိုရင်လည်း အဆင့် ၃ ထိအောင် အပြီးသတ် ပြီးစီးနေပြီး အဆိုပါအနေအထားနဲ့ ဈေးကွက်ဖြန့်ချိဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

မောင်းသူမဲ့ကားတွေ ဈေးကွက်ကို ဝင်လာမယ့်ပုံစံအနေနဲ့လည်း ၃မျိုး ရှိပါတယ်။ ဒါက အထက်မှာ ပြောခဲ့တဲ့ အဆင့် ၆ ဆင့် ကို အောင်မြင်ပြည့်စုံအောင် ဖန်တီးနိုင်မှု မရှိသေးတာရယ်၊ ဈေးကွက်မှာ မောင်းသူမဲ့ကားတွေနဲ့ လူတွေ အသားမကျသေးတာ တွေကြောင့် ပထမဆုံးဈေးကွက်ဝင် မောင်းသူမဲ့ကားတွေဟာ မြို့တွင်းလမ်းတွေမှာ ကိုယ်တိုင်မောင်းရမယ်၊ အဝေးပြေးလမ်း လို ယာဉ်ကြောရှင်းရင်တော့ မောင်းသူမဲ့စနစ်နဲ့ သွားမယ်၊ ကုန်တင်မော်တော်ယာဉ်တွေလို မြန်နှုန်းမြင့် မသွားတဲ့ယာဉ်တွေ မှာ မောင်းသူမဲ့စနစ်နဲ့ ဖြစ်လာနိုင်တယ်။

နောက်ဆုံးဝယ်ယူသူတွေက သီးသန့် မှာယူတဲ့ ဇိမ်ခံမော်ဒယ်တွေမှာ မောင်းသူမဲ့စနစ် ပါလာနိုင်ပါတယ်။ ဒီပုံစံ ၃ခုနဲ့ ဈေး ကွက်ထဲကို ဝင်လာနိုင်ပြီး နောက်ပိုင်းအဆင့်မြှင့်နိုင်မှုတွေနဲ့အတူ တကမ္ဘာလုံးဈေးကွက်ကို ကြီးစိုးလာနိုင်ပါတယ်။

ဒီလို မောင်းသူမဲ့ကားတွေ လူကြိုက်များလာရင် အမြတ်အစွန်းရမယ့်ကုမ္ပဏီ အများအပြား ရှိနေပါတယ်။ တချို့ကတော့ ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေပဲ အမြတ်ရမယ်လို့ ထင်ရပေမယ့် ကွန်ပျူတာတလုံးလို အလုပ်လုပ်လာရတော့မယ် ကားတစီးအ တွက် Chip အထိုင်တွေကို ကားကုမ္ပဏီတွေက မလုပ်တတ်ကြပါဘူး။

ဒီတော့ Chip ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အမြတ်အစွန်းပိုရလာနိုင်ပါတယ်။ NVIDIAဆိုရင် Graphic Cardတွေ ထုတ် လုပ်မှုနဲ့အတူ နာမည်ကြီးပြီး အခုလည်း မောင်းသူမဲ့ကားတွေအတွက် အာရုံခံစနစ်နဲ့ပတ်သက်ပြီး သူ့ဆီက စနစ်ကို ဝယ်ချင် သူ ချိတ်ထားတာ အများအပြား ရှိနေပါတယ်။

ကုမ္ပဏီကတော့ ၂၀၂၅မှာ မောင်းသူမဲ့ကားဈေးကွက်က တကမ္ဘာလုံး အတိုင်းအတာမှာ ဒေါ်လာ ၂၅ ဘီလီယံဖိုးလောက်ထိ အောင် ဝယ်ယူမှု ရှိလာပြီး သူလည်း အမြတ်အများအပြား ရမယ်လို့ ခန့်မှန်းနေပါတယ်။ ပြီးတော့ Intel ရှိသေးတယ်၊ မောင်း သူမဲ့စနစ်နဲ့ ယာဉ်မောင်းလုံခြုံရေးစနစ်ပိုင်းမှာ အကောင်းဆုံးဖန်တီးမှု လုပ်ဆောင်ပေးနိုင်လို့ ဒီအပိုင်းကို ကားထုတ်လုပ်သူ တွေက Intelကို အားကိုးရပါလိမ့်မယ်။

၂၀၃၀ ခုနှစ်အတွင်းမှာ မောင်းသူမဲ့ကားတွေကို သူ့ရဲ့စနစ် ရောင်းချရမှုအတွက် နှစ်စဉ် ဒေါ်လာ ဘီလီယံ ၇၀ လောက် ရနိုင် မယ်လို့ ခန့်မှန်းနေကြပါတယ်။

အမေရိကန်အခြေစိုက် General Motor လို ကားကုမ္ပဏီကတော့ မောင်းသူမဲ့ကားတွေကို လျှပ်စစ်ကားအနေနဲ့ ထုတ်လုပ်ချင် တယ်၊ ဒီတော့ အဓိက လိုအပ်တဲ့ ဘက်ထရီနည်းပညာကို အကောင်းဖြစ်အောင် ကိုယ်တိုင်ဖန်တီးနေတာ တွေ့ရပါတယ်။

လက်ရှိ ဈေးကွက်ထဲက GMရဲ့လျှပ်စစ်ကားတွေကလည်း ဘက်ထရီသက်တမ်း တော်တော်ကို ကောင်းနေပါတယ်။ တကယ် လို့ မောင်းသူမဲ့ကားတွေ ဈေးကွက်တွင်ကျယ်ချိန်မှာ အခြားကုမ္ပဏီတွေအနေနဲ့ ဘက်ထရီ ကောင်းကောင်း မထုတ်တတ်ရင် တော့ GM ဆီက ဘက်ထရီကို ဝယ်သုံးရပါလိမ့်မယ်။ GMဟာ ကားထုတ်လုပ်မှုတင် မဟုတ်ဘဲ ဘက်ထရီထုတ်လုပ်မှုအပိုင်း မှာပါ အောင်မြင်မှု ရနိုင်နေပြန်ပါတယ်။

ဂျာမနီအခြေစိုက် Daimler AG ကတော့ Mercedesလို အမှတ်တံဆိပ်တွေကိုပါ ပိုင်ဆိုင်ထားတယ်၊ မောင်းသူမဲ့ကား ထုတ် လုပ်မှုမှာ ကုန်တင်အနေနဲ့ရော ဇိမ်ခံအနေနဲ့ကိုပါ Mercedes အမှတ်တံဆိပ်နဲ့ အရင်ဆုံး ဈေးကွက်သွင်းနိုင်ဖို့ ပြင်ဆင်နေပြီး ကုန်တင်ကားတွေကို မောင်းသူမဲ့အနေနဲ့ ဈေးကွက်တွင်ကျယ်ဖို့ ဦးစားပေးလုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။

Tesla ကတော့လက်ရှိ လျှပ်စစ်ကားဈေးကွက်မှာ ဘုရင် ဖြစ်နေတယ်၊ မောင်းသူမဲ့ကားအပိုင်းမှာလည်း ရှိနေပြီးသားနာမည် နဲ့ ဈေးကွက် ထိန်းနိုင်အောင် ကြိုးစားနေတာ တွေ့ရပါတယ်။
အဓိကအနေနဲ့တော့ GM ကို ဈေးကွက်ကျော်တက်နိုင်အောင် ပြိုင်ဆိုင်နေတာ တွေ့ရပါတယ်။

ဒါဆိုရင်တော့ ကားကုမ္ပဏီတွေမှ မဟုတ်ဘဲ Chip ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရော ဘက်ထရီကောင်းကောင်း ထုတ်လုပ်နိုင်သူ တွေပါ မောင်းသူမဲ့ကားတွေ တွင်ကျယ်လာရင် အမြတ်များမယ်၊ အထက်မှာ ပြောခဲ့သလို အဆင့် ၆ ဆင့်ကို အောင်မြင်အောင် ကျော်ဖြတ်နိုင်မှ မောင်းသူမဲ့ကားစစ်စစ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပေမယ့် ဈေးကွက်အတွင်းကိုတော့ အဆင့် ၄ လောက် ပြည့်စုံ ရုံနဲ့ မော်ဒယ်တွေ ဈေးကွက်ဝင်လာနိုင်ဖို့ ရှိနေပြီး လာမယ့် တနှစ်၊ ဒါမှမဟုတ် ၂နှစ်အတွင်း မောင်းသူမဲ့ကားတွေ လမ်းမပေါ် ရောက်လာတော့မှာ ဖြစ်ပါတယ်။

www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading