နယ်သာလန်မှ အရည်အသွေးမြင့် ပန်းမျိုးစိတ်များ စိုက်ပျိုးရန် တင်သွင်းမည်ဟုဆို
နယ်သာလန်နိုင်ငံမှ ထိပ်တန်းအရည်အသွေးမြင့် ပန်းမျိုးစိတ်များကို မြန်မာနိုင်ငံသို့ ပထမဦးဆုံး တင်သွင်းကာ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့နိုင်အောင် လုပ်ဆောင်ပေးသွားမည်ဟု FMK Business Supportမှ သိရသည်။
“အဓိကကတော့ နိုင်ငံပြင်ပက ရင်းနှီးမြှုပ်နှံမှုတွေရယ် ပြင်ပဈေးကွက် ထိုးဖောက်ဖို့ရယ် အပြင် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာန အနေနဲ့လည်း ပန်းစိုက်တောင်သူတွေရဲ့ အခက်အခဲကို သိရှိပြီး ပူးပေါင်းကူညီနိုင်ဖို့ ရည်ရွယ်ပါတယ်၊ လီလီ ပန်း ၉ မျိုးနဲ့ သစ္စာပန်းအရောင်အမျိုးအစား ၃၉ ရောင် တင်သွင်းထားပါတယ်၊ မြန်မာနိုင်ငံဟာ ပန်းကို အမြတ်တနိုးနဲ့ ဘုရားပန်း တင်တာတွေအပြင် ဈေးကွက်လည်းရှိနေတာကြောင့် ပြည်တွင်း ပန်းစိုက်တောင်သူတွေအတွက် အထောက် အကူပြုနိုင် မှာဖြစ်ပါတယ်”ဟု လုပ်ဆောင်ပေးသွားမည်ဟု FMK Business Support ၏ CEO ဒေါ်မြသွေးက ပြောသည်။
နယ်သာလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပန်းစိုက်ပျိုးထုတ်လုပ် တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ ကျော် ပန်းတို့ တိုင်းပြည် ဟုပင် တင်စားခံရသည့် နိုင်ငံဖြစ်သလို ကမ္ဘာ့ဈေးကွက်၏ ၆ဝ ရာခိုင်နှုန်း ကျော်မှာ အဆိုပါနိုင်ငံမှ တင်ပို့ ရောင်းချနေခြင်း ဖြစ်ကြောင်း၊ နယ်သာလန်၌ ပန်းစိုက်ပျိုးသူ အများစု စိုက်ပျိုးသည့် အရည်အသွေးမြင့် ပန်းမျိုးစိတ် ၄၈မျိုးကို တိုက်ရိုက် မြန်မာနိုင်ငံသို့ တင်သွင်းထားကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံသို့ နယ်စပ်မှတစ်ဆင့် တရုတ်ပြည်မှ ပန်းများ ရောင်းချလာမှု မြင့်တက်လာရာ ပြည်တွင်း ပန်းစိုက် တောင်သူများ အခက်အခဲ ဖြစ်လာသည့်အပြင် တဖြည်းဖြည်း ပန်းစိုက်တောင်သူ လျော့နည်းလာကြောင်း၊ ပြည်တွင်း တောင်သူများကို အထောက်အကူပြုရန်နှင့် ပြည်တွင်း ဈေးကွက် သာမက ပြည်ပသို့လည်း ပြန်လည်တင်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ရက်နေ့ ပြင်ဦးလွင် မြို့တော်ခန်းမတွင် မြန်မာနိုင်ငံ ဆိုင်ရာ နယ်သာလန် သံအမတ်ကြီး မစ္စတာ ဖရက်ဒရစ်၊ နယ်သာလန် အခြေစိုက် GMBS Business Support မှ မာတင်စမတ်၊ FMK Business Support မှ တာဝန်ရှိသူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာတင်ထွဋ် နှင့် အတူ ပြင်ဦးလွင်ဒေသခံ ပန်းစိုက်တောင်သူများနှင့် တွေ့ဆုံကာ ပန်းမျိုးဥများနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပွဲ ပြုလုပ် ခဲ့သေးသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာဖရက်ဒရစ်က နယ်သာလန်မှ ပန်းစိုက် ပျိုး နည်းပညာများ ထောက်ပံပေးသွားမှာဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရရှိလာသည့် ပန်းများကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်ပန်းများ ဖြစ်လာသည့်အထိ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအား အရည်အသွေးမြင့် ပန်းများ စိုက်ပျိုး ထုတ်လုပ် အောင်မြင်သည့် နိုင်ငံအဖြစ် တွေ့မြင်လိုကြောင်း တိုက်တွန်းပြောဆိုခဲ့သေးသည်။
လက်ရှိတွင် ပြည်တွင်းဈေးကွက်၌ လက်ခံပြီးသားဖြစ်သော လီလီပန်းဥများနှင့် သစ္စာပန်းမျိုးဥများကို တင်သွင်းထားပြီး နောက်ပိုင်းတွင် ဂန္ဓမာ၊ Colour Lady မျိုးစိတ်များကိုလည်း တင်သွင်းရောင်း ချပေးသွားမည်ဟု သိရသည်။
“လီလီပန်းကတော့ အပူချိန် ၂၇ ဒီဂရီနဲ့အောက်မှာ စိုက်ပျိုးဖို့ အသင့်တော်ဆုံးပါ၊ သစ္စာပန်းကတော့ နေရာမရွေး စိုက်ပျိုး လို့ရပါတယ်၊ ရှမ်းပြည် တောင်ပိုင်းနဲ့ ပြင်ဦးလွင်မှာ စိုက်ပျိုးသွားပါမယ်။ ပန်းမျိုးဥတွေလည်း ရောင်းချသွားမယ်၊ စိုက်ပျိုး ရေးနဲ့ပက်သက်ပြီး management ပိုင်းဆိုင်ရာ၊ food quality နဲ့ food safety တို့အတွက်လည်း လုပ်ငန်း လိုအပ်ချက် ပေါ်မူတည်ပြီး နယ်သာလန်က ပညာရှင်တွေရဲ့ အကူအညီကိုပါ ရယူပေးသွားမှာပါ”ဟု FMK Business Support ၏ CEO မမြသွေးက ဆက်လက်ပြောသည်။
နယ်သာလန်နိုင်ငံတွင် ပန်းမျိုးထုတ်လုပ်ရာနေရာများ၊ ပန်းစိုက်တောင်သူများသာမက ပန်းနှင့် ပတ်သက်သော ပြည်ပတင် ပို့နေသည့် ကုမ္ပဏီပေါင်း ၆၅ဝ ခန့်အထိရှိကြောင်း၊ ၂ဝ၁၅ ခုနှစ်၏ စစ်တမ်းများအရ ပန်းအပါအဝင် ပန်းမျိုးဥများ တင်ပို့ ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံအထိရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် နယ်သာလန် ပန်းမျိုးစိတ်များ စိုက်ပျိုးရာတွင် လိုအပ်သောအကူအညီများကို နယ်သာလန်မှ ကုမ္မဏီများ၊ အကြံပေးများ၊ ပညာရှင်များဖြင့်လည်း ချိတ်ဆက်လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ပန်းစိုက်တောင်သူများမှာ ယခုအခါ စိုက်ပျိုးစရိတ်များ မြင့်မားလာမှုကြောင့် စရိတ် မတတ်နိုင်ခြင်း၊ တရုတ် နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ပန်းများကြောင့် ဈေးကွက်ယှဉ်ပြိုင် နိုင်မှုမရှိခြင်း၊ နှစ်စဉ်အရှုံးပြနေမှုများကြောင့် ပန်းစိုက်တောင်သူများလျော့ နည်းလာခြင်း စသည့် အချက်များကြောင့် ပြင်ဦး လွင်မြို့နယ်မှ ပန်းစိုက်တောင်သူ ၄၀၀၀ ကျော် စုပေါင်း၍ အခက်အခဲများ ဖြေရှင်းကူညီပေးရန် အစိုးရအဖွဲ့ထံ တင်ပြထားမှုများ ရှိကြောင်း သိရသည်။
ထို့အတွက် စိုက်ပျိုး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာ တင်ထွဋ်ကလည်း ဝန်ကြီး ဌာနအနေဖြင့် ပန်းစိုက်တောင်သူများ အဆင်ပြေစေရန် အမှန်တကယ်ဖြစ် ပေါ်နေသည့် အခက်အခဲတွေသိရှိပြီး အားလုံး ပူးပေါင်းဆောင်ရွက်မှသာ ပန်းဈေးကွက် အခြေအနေ တိုးတက်လာမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
နယ်သာလန်နိုင်ငံမှ အရည်အသွေးမြင့် ပန်းမျိုးစိတ်များတင်သွင်းလာသည့် FMK Business Support သည် နယ်သာလန်မှ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သော လုပ်ငန်းများနှင့် ချိတ်ဆက် ပေးခြင်း၊ စိုက်ပျိုးရေးချေးငွေများ၊ ပရောဂျက် ထောက်ပံ့ ငွေများတွက် အကြံဉာဏ်ပေးခြင်း၊ လျှောက် ထား ပေးခြင်းလုပ်ငန်းများအပြင် နိုင်ငံခြားသို့တင်ပို့ရောင်းချလိုသူများအတွက် နိုင်ငံခြားဝယ်လက် များရှာဖွေပေးခြင်း အကြံဉာဏ်ပေးခြင်းများကိုပါ ပြုလုပ်ပေးသည့် အဖွဲ့အစည်းတခုဖြစ်သည္။