ကျပ်သန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံထားသော်လည်း အရှုံးပေါ်နေသည့် နိုင်ငံပိုင် စက်ရုံ အလုပ်ရုံ ၂၄ ခုထဲတွင် မြင်းခြံမြို့ရှိ အထည်ချုပ် စက်ရုံတခုကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်၍ အမြတ်ထွက်အောင် NLD အစိုးရက စတင် ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
“စက်ရုံတခုဆိုရင် လုံးဝ မြတ်သွားပါပြီ။ ဥပမာ မြင်းခြံမှာရှိတဲ့ အထည်ချုပ်စက်ရုံဆိုရင် ယခင် ရှုံးခဲ့ပါတယ်။ အခု အမြတ်ဖြစ်သွားပါပြီ။ ကျနော်တို့ တီထွင်ဆန်းသစ်မှုတော့ လုပ်ရပါတယ်။ Product တွေ ကောင်းအောင်၊ Quality ကောင်းအောင်၊ ဒီဇိုင်းကောင်းအောင် Customer တွေ စိတ်ကြိုက်ဖြစ်အောင် ဒီဇိုင်းပြောင်းရပါတယ်။ အဲဒီလို ပြောင်းဖို့အတွက်က အချိန် ၁ နှစ်ခွဲလောက် ကြာပါတယ်”ဟု ဝန်ကြီး ဦးခင်မောင်ချိုက ပြောသည်။
အဆိုပါ မြင်းခြံ အထည်ချုပ်စက်ရုံ စတင်လည်ပတ်ချိန်မှ စ၍ အရှုံး၊ အမြတ် မည်မျှ ရှိသည့် အခြေအနေများကိုမူ အသေးစိတ်မသိရှိရပါ။
အရှုံးပေါ်နေသည့် လုပ်ငန်းအားလုံးကို အကျိုးအမြတ် ပြန်လည်ရရှိရန် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ရာ စက်ရုံ ၁၂ ခုကို ပုဂ္ဂလိကနှင့် စတင် ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ စက်ရုံ ၂၄ ခု စလုံးကို အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရန် ပြင်ဆင်နေပြီး NLD အစိုးရ၏ ကျန်ရှိသည့် ၄၁ လ သက်တမ်းအတွင်း အပြီးသတ်နိုင်ရန် ယင်းလုပ်ငန်းများကို လွှတ်တော်မှ ပြန်လည် ခွင့်ပြုပေးရန် လိုကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
ကျပ်သန်းပေါင်း များစွာ ရင်းနှီးထားသော်လည်း အရှုံးပေါ်နေသည့် မြင်းခြံ သံမဏိစက်ရုံအပါအဝင် စက်ရုံပေါင်း ၂၄ ခုကို ပြည်ထောင်စု လွှတ်တော်က ယာယီရပ်ဆိုင်းမှုများ ပြုလုပ်ထားပြီး လွှတ်တော် ကော်မတီများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စက်မှု ဝန်ကြီး ဌာ နနှင့် UMFCCI မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပုဂ္ဂိုလ်များဖြင့် စိစစ်ရေး အဖွဲ့ ၂ ခုခွဲကာ ပြန်လည် သုံးသပ်မှုများ ဆောင်ရွက်လျက် ရှိကြောင်း ပြည်သူ့လွှတ်တော် ရင်းနှီးမြုပ်နှံမှုနှင့် စက်မှု လက်မှု ဖွံဖြိုးတိုးတက်ရေး ကေ်ာမတီထံမှ သိရသည်။
ယင်းကော်မတီဝင် လှိုင်မြို့နယ်အမတ် ဦးအောင်ကျော်ကျော်ဦးက “ဆက်လုပ်မလား၊ ရပ်မလား၊ ပုဂ္ဂလိကကို လွှဲမလား ဆိုတာတွေကို ကွင်းဆင်း စစ်ဆေးနေတယ်။ စိတ်ဝင်စားတဲ့သူတွေ ရှိရင်လည်း ပေါင်းလုပ်နိုင်အောင် လုပ်ငန်းရှင်တွေ ကိုလည်း ဖိတ်ခေါ်ထားတယ်”ဟု ပြောသည်။
ယာယီရပ်ဆိုင်းထားပြီး လေ့လာသုံးသပ်လျက်ရှိသော စက်ရုံများမှာ အမှတ် ၁၄ အကြီးစား စက်ရုံ (သာဂရ)၊ အမှတ် ၁၅ အကြီးစား စက်ရုံ (သာဂရ)၊ အမှတ် ၁၆ အကြီးစား စက်ရုံ (ဆင်တဲ)၊ အမှတ် ၁၇ အကြီးစား စက်ရုံ (မလွန်)၊ အမှတ် ၁ သံမဏိ စက်ရုံ (မြင်းခြံ)၊ အမှတ် ၂ သံမဏိ စက်ရုံ (ပင်းပက်)၊ ရာဘာ ပစ္စည်း စက်ရုံခွဲ (သဃာန်းကျွန်း)၊ အမှတ် ၂၃ အကြီးစား စက်ရုံ (ညောင်ခြေထောက်)၊ အမှတ် ၂၆ အကြီးစား စက်ရုံ (သာဂရ)နှင့် အမှတ် ၃၂ အကြီးစား စက်ရုံ (ကြံခင်း)တို့ ဖြစ်သည်။
ထို့ပြင် မှန်ထုတ်လုပ်ရေး ဌာန (ပုသိမ်)၊ ပလပ်စတစ် စက်ရုံ (ကျောက်ဆည်)၊ ရွှေတောင်၊ စစ်ကိုင်း၊ ပခုက္ကူ၊ မုံရွာ၊ မြစ်သား၊ ပျော်ဘွယ်၊ တောင်သာနှင့် ရမည်းသင်းမြို့များရှိ အထည်စက်ရုံများ၊ သာပေါင်းမြို့နယ်ရှိ အဆင့်မြင့် စက္ကူစက်ရုံ၊ သာပေါင်းရှိ တန် ၆၀ သတင်းစာ စက္ကူစက်ရုံတို့လည်း ပါဝင်သည်ဟု သိရသည်။
“ဒီစက်ရုံတွေဟာ နိုင်ငံတော်အတွက် အကျိုးရှိသော ပုံစံတွေ မထုတ်နိုင်ပါဘူး။ မထုတ်နိုင်တာကလည်း ပုံစံရွေးချယ်မှုက တိုင်းပြည်နဲ့ အံဝင်ခွင်ကျ မရှိခဲ့ပါဘူး။ ကျနော်တို့ အစိုးရသစ်လက်ထက်မှာတော့ နိုင်ငံတော်အတွက် လိုအပ်သော တကယ် လက်တွေ့ကျတဲ့ ပစ္စည်းတွေအဖြစ် ပြောင်းလဲဖို့ နည်းပညာ လိုပါတယ်။ နည်းပညာကိုလည်း ပူးပေါင်း ဆောင်ရွက်နေ ပါပြီ”ဟု ဝန်ကြီး ဦးခင်မောင်ချိုက ပြောသည်။
နိုင်ငံတော်အတွက် အကျိုးရှိစေမည့် သံမဏိလုပ်ငန်းကို ပြန်လည် စတင်နိုင်ရန် လွှတ်တော်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းရင်း စက်ရုံ ပြန်လည် လည်ပတ်နိုင်ရေး ကိစ္စရပ်များကို စီစဉ်ထားကြောင်း၊ နိုင်ငံတကာမှ အတွေ့အကြုံရှိ ပညာရှင်များကိုလည်း ဖိတ်ခေါ်ထားပြီး ဖြစ်ကြောင်း စက်မှု ဝန်ကြီးမှ သိရသည်။
“စက်ရုံကြီးက အသင့်ဖြစ်နေပါပြီ။ သူရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အင်မတန်များပြားတာကြောင့် လုံးဝလက်လွတ်ဆုံးရှုံးလို့ မရတဲ့အတွက် ဒါကို ပြန်ပြီး အဖတ်ဆယ်တဲ့ အနေနဲ့ ပြည့်မီအောင် လည်ပတ်ဖို့ လိုပါတယ်။ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ပညာရှင်ကြီးတွေကိုလည်း ခေါ်ထားပြီး ခန့်ထားပြီးပါပြီ။ သူတို့ရဲ့ ထောက်ခံမှုတွေအရ နိုင်ငံတော်အတွက် အကျိုးရှိမယ့် အကောင်းဆုံးစတီးတွေကို ထုတ်လုပ်နိုင်ဖို့ပါ”ဟု ဝန်ကြီးက ပြောသည်။
၎င်းက ဆက်၍ “မှန်စက်ရုံလည်း အောင်မြင်ပါတယ်။ အခက်အခဲတခု ရှိတာက မှန်စက်ရုံအတွက် ဂတ်စ်ကို မြန်မာငွေနဲ့ ပေးချေလို့ မရပါဘူး။ ကုန်းတွင်းဂတ်စ် မဟုတ်ဘဲ ကမ်းလွန်ဂတ်စ်ဖြစ်တဲ့အတွက် ဒေါ်လာနဲ့ ပေးချေရပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ကများပါတယ်။ ဒါလေးပဲ ခက်ပါတယ်။ ကျန်တာကတော့ အကုန်အဆင်ပြေပါတယ်”ဟု ဆိုသည်။
စက်ရုံများအတွက် လိုအပ်သည့် လျှပ်စစ်ကို စက်ရုံတိုင်းက ကိုယ်တိုင် ထုတ်လုပ်မည် ဖြစ်ကြောင်း၊ သထုံစက်မှုဇုန်တွင် ကမ္ဘာ့နောက်ဆုံး နည်းပညာဖြစ်သည့် ဒီရေလှိုင်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဂျပန်နိုင်ငံ ဟီတာချီ ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ စက်ရုံကြီးများ ကြီးမားသဖြင့် နောက်ပိုင်းတွင် မော်တော်ကားများပါ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
“မော်တော်ယာဉ်ကို အစအဆုံးထုတ်မှာ မဟုတ်ပါဘူး။ ထုတ်ပြီးသား ကားကို ယူပြီးတော့ နိုင်ငံတော်အတွက်လိုအပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးတို့၊ ကရိန်းကားတို့ စသဖြင့် လုပ်ပါမယ်။ အခု လောလောဆယ်လုပ်နေတာတော့ ကျနော်တို့ တိုင်းပြည်အတွက် လိုအပ်တဲ့ လူနာတင်ယာဉ် ကျနော်တို့ ထုတ်ပါတယ်။ ထုတ်ပြီးသား ၃ စီး ရှိပါပြီ”ဟု ဦးခင်မောင်ချိုက ပြောဆိုခဲ့သည်။
အရှုံးပေါ်၍ ရပ်နားရန် ပြင်ဆင်ထားသည့် စက်ရုံ ၂ ခုမှာလည်း ချက်၊ တရုတ်နှင့် ဂျပန် နိုင်ငံများက လာရောက် လေ့လာမှုများ ပြုလုပ်နေပြီ ဖြစ်၍ ရပ်နားရန် မလိုတော့ကြောင်း၊ နည်းပညာ ပြုပြင်ပြောင်းလဲ၍ အရည်အသွေး မီသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်တော့မည် ဖြစ်ကြောင်း၊ Product ၊ Quality နှင့် ဒီဇိုင်းကောင်းအောင် ထုတ်လုပ်မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။