မြန်မာအစိုးရ စွမ်းအင်ဝန်ကြီးသစ်က မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြန်လည် သုံးသပ်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့ပြီး နောက် ယင်း မြစ်ဆုံစီမံကိန်းကိစ္စကို မြန်မာအစိုးရနှင့် ဆက်လက်ဆွေးနွေးရလိမ့်မည် ဖြစ်ကြောင်း တရုတ်ဘက်က ပြောကြားကြောင်း ရိုက်တာသတင်းတပုဒ်က ဆိုသည်။
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိသည့် မြစ်ဆုံစီမံကိန်းသည် ယခင် ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်တွင် ဆိုင်းငံ့ခဲ့ပြီးနောက် မြန်မာနှင့် တရုတ် နှစ်နိုင်ငံကြား လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ရသည်။
ရိုက်တာက ရရှိသော သတင်းများ အရ သဘာဝပတ်ဝန်းကျင် အတွက် စိုးရိမ်ပူပန်မှုကြောင့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းအမည့် အစား အခြားရွေးချယ်စရာ နည်းလမ်းများကို မြန်မာနှင့် တရုတ် တာဝန်ရှိသူအများ ညှိနှိုင်းနေကြောင်း သိရသည်။
ကြီးမားသည့် ရေအားလျှပ်စစ် တမံသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာ စီမံကိန်းများတွင် ဦးစားပေး မဟုတ်ကြောင်း စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က နိုဝင်ဘာ ၇ ရက်နေ့တွင် ရိုက်တာ သတင်းဌာနကို ပြောသည်။
သို့သော် မြစ်ဆုံနှင့် ပတ်သက်၍ တရုတ်သဘောထားမှာ မပြောင်းလဲကြောင်း၊ တရုတ်အနေဖြင့် နှစ်ဘက်အကျိုးစီးပွား ဖြစ်ထွန်းမှုအပေါ် အခြေခံ၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောထားကို အမြဲဆုပ်ကိုင်ထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချန်ယင် (Hua Chunying) က တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပြောကြားခဲ့သည်။
“မြစ်ဆုံရေအားလျှပ်စစ် တည်ဆောက်မှုဟာ နှစ်ဖက် အကျိုးရှိမယ့် စီမံကိန်းအနေနဲ့ သဘောတူထားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ သဘောတူညီချက် အတိုင်း ပြီးပြည့်စုံတဲ့ ခွင့်ပြုမှု ဖြစ်စဉ်လည်း ရှိနှင့်ပြီး ဖြစ်ပါတယ်” ဟွာချန်ယင်က နေ့စဉ်သတင်း ထုတ်ပြန်ချက် တခုတွင် ပြောကြားသည်။
“မြန်မာဘက်ခြမ်းနဲ့ အဆက်အသွယ်မပြတ်ဖို့ ကျမ ထိန်းသိမ်း ဆောင်ရွက်နေပါတယ်။ စီမံကိန်း အတွက် ပူးပေါင်း ဆောင်ရွက်နေစဉ်မှာ ဖြစ်ပေါ်လာတဲ့ ပြဿနာ (သို့မဟုတ်) အခက်အခဲတွေကို အပြုသဘောဆောင်ပြီး သင့်လျော်တဲ့ ကိုင်တွယ်ဖြေရှင်းမှု ရှိနေပါတယ်။ သက်ဆိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အဆင်ပြေပြေ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်ထွန်းလာဖို့ ဆောင်ရွက်နေပါ တယ်” ဟု သူမက ဖြည့်စွက်ပြောကြားသည်။
ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဖျားခံရာ ဒေသတွင် တည်ရှိသည့် ရေတမံ စီမံကိန်းမှ ရရှိသော ဓာတ်အား အများစုကို နယ်စပ် ဖြတ်ကျော်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ပို့လွှတ်မည် ဖြစ်ပြီး စွမ်းအင် လိုအပ်ချက်ကြောင့် စီးပွားရေး လုပ်ငန်းများ နှေးကွေးမှုကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် နေပြည်တော်အစိုးရက ဖွဲ့စည်းပေးထားသည့် အဖွဲ့တဖွဲ့က ယင်းစီမံကိန်းကို ပြန်လည် သုံးသပ်လျက် ရှိကြောင်း စွမ်းအင်ဝန်ကြီးက ပြောကြားပြီး မြန်မာအစိုးရ အနေဖြင့် တရုတ်ဘက်မှ ယူနန်နိုင်ငံတကာ လျှပ်စစ်စွမ်းအား ရင်းနှီးမြှပ်နှံမှု အဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ယူနန်နိုင်ငံတကာ လျှပ်စစ်စွမ်းအား ရင်းနှီးမြှပ်နှံမှု အဖွဲ့ကို တရုတ်အစိုးရ လျှပ်စစ်စွမ်းအား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက ကျောထောက်နောက်ခံ ပေးထားသည်။