အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များမှ ရိတ်သိမ်းသူမဲ့ စပါးခင်းဧက ၉ သောင်းကျော်ကို ရခိုင် ပြည်နယ် အစိုးရအဖွဲ့က ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ် အစိုးရက ရိတ်သိမ်းနေသည့် စပါးခင်း ဧက ၉ သောင်းကျော်မှာ မောင်တောမြို့နယ်အတွင်း ဧက ၇ သောင်းကျော်၊ ဘူးသီးတောင်မြို့နယ် အတွင်း ဧက ၂ သောင်းကျော်နှင့် ရသေ့တောင်မြို့နယ်အတွင်း ၆ ထောင်ကျော်တို့ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်မျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောသည်။
ဝန်ကြီး ဦးကျော်လွင်က “ကျနော်တို့ ဒီဒေသမှာ ရှိနေတဲ့ ရိတ်သိမ်းသူမဲ့ စပါးခင်းတွေကို အခုအချိန်ကစပြီးတော့ ရိတ်သိမ်း နေပါတယ်။ အလေအလွင့် မရှိအောင်လည်း နီးစပ်တဲ့ နေရာတွေမှာ စုရပ်အဖြစ် ထားရှိပြီးတော့ ထိန်းသိမ်းထားဖို့ စီစဉ်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ပြည်နယ် အစိုးရအဖွဲ့က စပါးရိတ်သိမ်းနေမှုများကို ကွင်းဆင်း ကြည့်ရှုလျှက် ရှိပြီး ထွက်ရှိလာသော စပါးများကို အလယ်သံကျော်၊ မြင်းလွတ်၊ မောင်တော စသည့်ဖြင့် နီးစပ်သည့်နေရာများတွင် စုရပ် ၇ ခု ထားရှိကာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ယင်းသို့ ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်းမှ စပါးခင်းများကို ရိတ်သိမ်းမှုပြုရာတွင် လုပ်သားရှားပါးမှုပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ထောက်ပံ့ပေးထားသော စပါးရိတ်စက် အရေအတွက်မှာလည်း လုံလောက်မှု မရှိကြောင်း ရသေ့တောင်မြို့နယ် မယူကမ်းဒေသဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးမောင်စောဝင်းက ပြောသည်။
ဦးမောင်စောဝင်းက “စက်တွေနဲ့ ရိတ်သိမ်းတယ်ဆိုပေမယ့် အဲဒီစပါးတွေကို နောက်ကလိုက်ပြီး ပြောင်းရွေ့ လုပ်ကိုင် ပေးဖို့ လုပ်သားတွေလိုတယ်။ လုပ်သားတွေ တယောက်မှ ငှားလို့လည်း မရဘူး၊ ရှာလို့လည်း မရဘူး ။ အစိုးရက ချပေးတဲ့ စက်အရေအတွက်လည်း မလုံလောက်ဘူး။ နောက်လဆို စပါးတွေက ဂုတ်ကျိုးတော့မယ်။ ဒီပုံစံ အတိုင်းဆို အချိန်မီ မရိတ်သိမ်းနိုင်ရင်တော့ စပါးတွေ အလေအလွင့် ဖြစ်ကုန်တော့မယ်” ဟု ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသကို နိုင်ငံတော်အစိုးရက အထူးဒေသ အဖြစ် သတ်မှတ်ကာ ပြည်ထောင်စု အစိုးရအဖွဲ့မှ စပါးရိတ်သိမ်း ချွေလှေ့စက်ကြီး ၂၄ စီး ထောက်ပ့ံ့ပေးထားရာ လက်ရှိအချိန်တွင် မောင်တောဒေသ အတွင်းသို့ စပါးရိတ်စက် ၁၄ စီး ရောက်နေကြောင်း သိရသည်။
၎င်း ရောက်ရှိလာသော စပါးရိတ်သိမ်းချွေလှေ့ စက်တစီး၏ စပါးရိတ်နူန်း မှာ တရက်လျင် ၅ ဧက မှ ၁၀ ဧကကြား ရိတ်သိမ်းချွေလှေ့ နိုင်ပြီး လက်ရှိ အချိန်တွင် ယင်းဒေသအတွင်း ပြည်နယ်အစိုးရအဖွဲ့ပိုင် စပါးရိတ်စက် ၁၈ စီး အပါအဝင် စုစုပေါင်း စပါးရိတ်စက် ၃၂ စီးဖြင့် ရိတ်သိမ်းလျက် ရှိသည်။
ထိုဒေသရှိ ပိုင်ရှင်ရှိ စပါးခင်းများကိုလည်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ရိတ်သိမ်းသွားရန် ရှိသည်ဟုလည်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လက်ရှိ ကွင်းဆင်း စာရင်းပြုစုထားမှုအရ မောင်တောဒေသတွင် စပါးစိုက်ပျိုး ထားသော လယ်ဧက စုစုပေါင်း ၇၁၅၀၀ ဧက ကျော်ရှိပြီး ယင်းအထဲတွင် တိုင်းရင်းသားများ ထွန်ယက် စိုက်ပျိုး လုပ်ကိုင်ခဲ့သော လယ်ဧကမှာ ၇၅၀၀ ကျော်ရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သော သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုကြောင့် ရခိုင်၊ မြို ၊ ဒိုင်းနက်စသည့် တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင် သောင်းချီ နေရပ်တိမ်းရှောင် ထွက်ပြေးခဲ့မှုများ ရှိသလို ဘင်္ဂါလီများမှာလည်း တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန်- မောင်တောဒေသပိုင်ရှင်မဲ့ စပါးခင်းများ ဒေသန္တရ အမိန့်ထုတ်ပြန် ရိတ်သိမ်းမည်